၂၀၁၈ ခုနှစ် နိုင်ငံတကာပုံရိပ် တစေ့တစောင်း (၂)

၂၀၁၈ ခုနှစ် ကုန်ဆုံးပြီး မကြာမီ ၂၀၁၉ ခုနှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတကာသတင်းများအနက် ထူးခြားဖြစ်စဉ်များကို ပြန်ပြောင်းစဉ်းစားလိုက်သည့်အခါ အစီအရီ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ်၏ ခရစ္စမတ်ကာလ ဆုတောင်းအမှာစကားကို သတိရမိသည်။ ရောမမြို့ ဗာတီကန်နန်းတော် စိန့်ပီတာခရစ်ယာန်ဘုရား ကျောင်း လသာဆောင်မှ ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ် ယခုနှစ်ပြောကြားသည့် ခရစ္စမတ်ဆုတောင်း အမှာစကားတွင် ယီမင်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံ အပါအဝင် စစ်ဖြစ်နေသည့် ဇုန်များ၌ ငြိမ်းချမ်းကြပါစေဟု ဆုမွန်ခြွေလိုက်သည်။

သည်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ယင်းနှစ်နိုင်ငံမှာ နှစ်ပေါင်းများစွာကြာသည့် ပြည်တွင်း စစ်ကြောင့် တိုင်းပြည်ဖွတ်ဖွတ် ကြေနေပြီး ပြည်သူများမှာလည်း လူသားချင်း စာနာထောက်ထားမှုအကူအညီများ လိုအပ်နေပြီဖြစ်သည်။

-Ads-
-Ads-

ပျော်ရွှင်ချမ်းမြေ့ဖွယ် ခရစ္စမတ်ကာလအတွက် မိမိ၏ဆန္ဒမှာ သဟာယစိတ်ဓာတ် မွေးကြရန်ပင်ဖြစ်ကြောင်း၊ နိုင်ငံ တိုင်း၊ ဘာသာဝင်တိုင်း၊ ပြည်သူတစ်ဦးချင်းစီ၏ စိတ်အစဉ်၌ သဟာယ စိတ်ဓာတ်မွေးမြူရန် လိုအပ်ကြောင်း ဗရင်ဂျီ ရဟန်းမင်းကြီး ပုပ်ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်သည်။

ယီမင်နိုင်ငံအကြောင်း မိမိတွေးမိသောအခါ ယီမင်၌ နိုင်ငံတကာအသိုက်အဝန်းက ကြားဝင်ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲမှုက စစ်၏အနိဋ္ဌာရုံနှင့် အငတ်ဘေးတို့ကို ငြီးငွေ့အောင် ခံစားနေရသည့် ကလေးသူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး နောက်ဆုံးတွင် အသက်ရှူ ပေါက်ရလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားသည်။

ဒုက္ခသည်များကို တွေ့ဆုံအားပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ပြည်တွင်းစစ် ရှစ်နှစ်နီးပါးကြာပြီဖြစ်သော ဆီးရီးယား နိုင်ငံတွင်လည်း နိုင်ငံရေးနည်းအရဖြေရှင်းရန် နိုင်ငံတကာ အသိုက်အဝန်းက ပြတ်သားစွာ ဆောင်ရွက်မည်ဟု မျှော်လင့် ကြောင်း၊ သို့မှသာ ဆီးရီးယားပြည်သူများ အထူးသဖြင့် အိုးပစ်၊ အိမ်ပစ်ဘ၀ရောက်ပြီး တစ်နေရာရာတွင် သွားရောက်ခိုလှုံ နေကြရသူများ ကိုယ့်မြေ၊ ကိုယ့်ဌာနေသို့ အေးအေးချမ်းချမ်း ပြန်လည် အခြေချနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။ (ပြည်တွင်းစစ် စကတည်းက ထွက်ပြေးတိမ်းရှောင်သူ ဆီးရီး ယားအရပ်သား ခြောက်သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ကြေညာထားသည်။)

ကမ္ဘာတစ်ဝန်းရှိ ပြောင်းရွှေ့နေထိုင်သူများနှင့်ပတ် သက်၍ ပြဿနာဖြစ်နေခြင်းကို ရည်ညွှန်းလျက် ဗရင်ဂျီ ရဟန်းမင်းကြီး ပုပ်ဖရန်စစ်က ‘လူသားအားလုံးကို ချစ်ခြင်း၊ လက်ခံခြင်း၊ လေးစားခြင်းကို ဘုရားသခင်က အလိုတော်ရှိ ကြောင်း’ ပြောကြားလိုက်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အငြင်းပွားနေသည့် ဂျေရုဆလင်မြို့

နှစ်ပေါင်း (၇၀) ကျော် ကြာပြီဖြစ်သော ပဋိပက္ခ ချုပ်ငြိမ်းစေမည့် ‘ငြိမ်းချမ်းရေးခရီး’ကို လျှောက်လှမ်းနိုင်ရန် အတွက် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ဒူးတိုက်ဆွေးနွေးပွဲများ ပြန်စနိုင်မည်ဟု မျှော်လင့်ကြောင်းဖြင့်လည်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။ လက်တင်အမေရိကမှ နီကာရာဂွါနိုင်ငံနှင့် ဗင်နီဇွဲလား နိုင်ငံများ၌ နိုင်ငံရေးရင်ကြားစေ့ရေး ကြိုးပမ်းကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

ထို့ပြင် ကရိုင်းမီးယားဒေသကို ရုရှားတို့ သိမ်းယူခံရ သည့် ယူကရိန်းနိုင်ငံအတွက်လည်းကောင်း၊ အာဖရိက တိုက်မှ သန်းပေါင်း များစွာသော အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ နေရသူများအတွက်လည်းကောင်း ကောင်းချီးမင်္ဂလာ ပြည့်စုံစေကြောင်း ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ်က ဆုတောင်းပါသည်။

အာဖရိကမှ အိုးအိမ်စွန့် ထွက်ပြေးသူများ

အသက် (၈၂) နှစ်ရှိ ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ် သည် လက်တင်အမေရိကမှ ဗာတီကန်နန်းတော်သို့ လာရောက်တာဝန်ထမ်းဆောင်သည့် ပထမဆုံးဗရင်ဂျီရဟန်း မင်းကြီးဖြစ်ပြီး သူ့အနေဖြင့် ဗာတီကန်နန်းတော်တွင် ခရစ္စမတ်ဆုတောင်း အမှာစကားပြောသည်မှာ ယခုအခါ ပဉ္စမအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားနေခြင်းကို လုံးဝသည်းမခံနိုင်ဘဲ ဗရင်ဂျီရဟန်းမင်းကြီးပုပ် ဖရန်စစ်က ပြစ်တင်ရှုတ်ချသည်။

ဆင်းရဲသားပြည်သူတို့၏ ရင်နင့်ဖွယ်အဖြစ်သနစ်ကို မီးမောင်းထိုးပြရေးမှာ သူ့ဗရင်ဂျီရဟန်းမင်းကြီးဘ၀၏ သော့ချက်၊ ဦးတည်ချက်တစ်ရပ်အဖြစ် ထားရှိကြောင်း သိရှိထားသည်။

ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ်သည် ၂၀၁၅ ခုနှစ် ခရစ္စမတ် ဆုတောင်းစကားတွင်လည်း ကုလသမဂ္ဂအဖွဲ့ကြီးက ကမကထပြုဆောင်ရွက်သည့် ဆီးရီးယားနှင့် လစ်ဗျား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ထိုနှစ်နိုင်ငံပြည်သူများ ခံစားကြုံတွေ့ရသည့် ဒုက္ခသုက္ခများကို အမြန်ဆုံး အဆုံးသတ် သွားစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်သည်။

ဗရင်ဂျီရဟန်းမင်းကြီး ပုပ်ဖရန်စစ်သည် ၂၀၁၅ ခု နှစ်ကုန်ပိုင်းကလည်း အာဖရိကသုံးနိုင်ငံဖြစ်သော ကင်ညာ၊ ယူဂန္ဓာနှင့် ဗဟိုအာဖရိက သမ္မတနိုင်ငံ (စီအေအာရ်)သို့ ခရီးထွက်ရင်း ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလမ်ဘာသာ ဝင် (မွတ်စလင်)များအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တိုက်တွန်းခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ၂၀၁၇ ခုနှစ်က ရောက်ခဲ့စဉ် ဗရင်ဂျီရဟန်းမင်းကြီးပုပ်ဖရန်စစ်က ‘စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန် ချစ်ခြင်းမေတ္တာကို အရင်းခံရမည် ဖြစ်ကြောင်း၊ ဘာသာအားလုံးသည် ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရန်၊ အတူတကွ စုပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ကျွန်ုပ်တို့အားလုံးသည် ဘာသာရေးအသိကို အရင်းခံပြီး မြန်မာနိုင်ငံကို အခွင့်အလမ်း၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနှင့် ပြန်လည်သင့်မြတ်ခြင်းများဖြင့် ပြည့်ဝသော နိုင်ငံအဖြစ် တည်ဆောက်ကြရန်၊ တစ်ဦးစီအပေါ် ကောင်းချီး ကျေးဇူးသက်ရောက်ပါစေ၊ မွန်မြတ်သော ခရစ္စမတ်နှင့် အောင်မြင်ဖြစ်ထွန်းသည့် နှစ်သစ်ဖြစ်ပါစေဟူ၍ ဆုတောင်း စကားဆိုခဲ့သည်ကိုလည်း တွေ့ရှိလိုက်ပါသည်။

-Ads-
-Ads-