၂၀၁၈ ခုနှစ် မှတ်တမ်း( ၆)

မှတ်တမ်းတင်စရာများဖြင့်ပြည့်လျက်ရှိသော ၂၀၁၈ ခုနှစ်အတွင်းမြန်မာနိုင်ငံ၏ အဖြစ်အပျက်များနှင့် အကြောင်းအရာများကိုအသေးစိတ်မှတ်တမ်းတင်ထားခြင်း မဟုတ်သော်ငြားလူစိတ်ဝင်စားမှုများသော နယ်ပယ်အစုံမှ အကြောင်းအရာများကိုထုတ်နုတ်စုစည်း၍ ရွေးချယ်ထားသည်များကိုဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ နေ့စဉ်ဖော်ပြခဲ့ပြီး ယနေ့အပိုင်းသည် နောက်ဆုံးအပိုင်းဖြစ်ပါသည်-

နိုဝင်ဘာလ

နိုဝင်ဘာ ၁ – ပုပ္ပားတောင် ရေရှည်တည်တံ့ရေးနှင့်စိမ်းလမ်းစိုပြည်ရေးတို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ကြည့်ရှုခဲ့သည်။

-Ads-
-Ads-

နိုဝင်ဘာ ၃ – ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ကျင်းပခဲ့သည်။

– ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်သို့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် မိသားစုဝင်များလာရောက်မဲပေးခဲ့ကြသည်။

နိုဝင်ဘာ ၅ – နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ်ကျခံနေရသော ရိုက်တာသတင်းထောက်နှစ်ဦးအမှုကို တိုင်းတရားလွှတ်တော်သို့ အယူခံတင်ခဲ့သည်။

နိုဝင်ဘာ ၈ – ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

– နိုဝင်ဘာ ၂ ရက်ကထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဒီဂရီကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများ၏ရာထူးတိုးတန်းစီဇယားကို ကန့်ကွက်ကြောင်းဆရာများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၈ – စင်ကာပူနိုင်ငံJW Marriott Hotel ၌ကျင်းပသည့် MMA တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် အောင်လအန်ဆန်းက ကမ်ဟာဆီဂါဝါကို အနိုင်ယူခဲ့သည့်ပွဲအတွက် တစ်နှစ်တာအကောင်းဆုံးပွဲဆု၊ ၂၀၁၈ ခုနှစ်တွင် လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို ရရှိခဲ့သလို မစ်ဒယ်ဝိတ်ခါးပတ်ကိုလည်း နှစ်ကြိမ်ကာကွယ်နိုင်ခဲ့သောကြောင့် တစ်နှစ်တာ အကောင်းဆုံးအမျိုးသား တိုက်ခိုက်ရေးသမားဆုကို ရရှိခဲ့သည်။

နိုဝင်ဘာ ၉ -ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသော အလဲဗင်းသတင်းသမားသုံးဦးအပေါ် တရားစွဲထားမှု ရုပ်သိမ်းခဲ့သည်။

နိုဝင်ဘာ ၁၀ – ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာတရားဝင်အစည်းအဝေးများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့်ဆွေးနွေးအဖြေရှာမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ) က သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၂ – ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရန် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

– ပြည်ထောင်စုလွှတ်တော်ချုပ် တရာသူကြီးအဖြစ်တရားလွှတ်တော်ရှေ့နေဦးမျိုးဝင်းကို ခန့်အပ်တာဝန်ပေးရန်ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့သည်။

နိုဝင်ဘာ ၁၃ – ၂၀၂၀ တိုကျိုအိုလံပစ် အာရှဇုန်အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ၌ အိန္ဒိယလက်ရွေးစင်အသင်းကို အနိုင်ယူကာ မြန်မာအသင်းအုပ်စုပထမဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၁၄ – ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးမှူးတို့အား အလိုမရှိ ကြောင်း ဒေသခံ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။

– တောင်ကြီးမြို့တွင် လူပေါင်းထောင်ချီပါဝင်သည့်တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၅ – ပထမအသုတ်အနေဖြင့် နိုဝင်ဘာ ၁၅ ၇က်တွင် စတင်လက်ခံရန် နှစ်နိုင်ငံသဘောတူထားပြီးနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေး မြန်မာဘက်မှ ပြင်ဆင်စောင့်ဆိုင်းနေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ တစ်ဦးတစ်ယောက်မျှ လွှဲပြောင်းပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

– ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ငါးသန်းမြောက်ဝင်ရောက်လာသောခရီးသည် အား ကြိုဆိုပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ကျင်းပခဲ့သည်။

နိုဝင်ဘာ ၁၆ – ကျောက်တန်းမြို့နယ် မုတ္တမပင်လယ်ကမ်းစပ်တွင် ဘင်္ဂါလီ ၁၀၆ ဦးပါ စက်လှေတစ်စင်းအားတွေ့ရှိ၍ ထိန်းသိမ်းစစ်ဆေးခဲ့သည်။

– တောင်ကြီးမြို့တွင် ဗုံးထည့်ထားသည့် လက်ဆွဲသေတ္တာတစ်လုံးတွေ့ရှိ၍ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက ဖုံးအုပ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်။

နိုဝင်ဘာ ၁၇ – ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲရှိသဖြင့် ဒုက္ခသည်များပြန်လည်လက်ခံရေး ဒီဇင်ဘာလကုန်မှသာ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

နိုဝင်ဘာ ၁၈ – ကျောက်တန်းမြို့နယ် မုတ္တမပင်လယ်ကမ်းစပ်တွင် တွေ့ရှိခဲ့သည့် ဘင်္ဂါလီ ၁၀၆ ဦး ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

နိုဝင်ဘာ ၁၉ – ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုခဲ့သည်။

နိုဝင်ဘာ ၂၁ – နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ်ကျခံနေရသော ရိုက်တာသတင်းထောက်နှစ်ဦးအမှုအယူခံကို တိုင်းဒေသကြီးတရားလွှတ်တော်က လက်ခံခဲ့သည်။

– ကချင်ပြည်နယ် နေရပ်စွန့်ခွာသူများအတွက် တရုတ်သံရုံးမှ စာနာထောက်ပံ့မှုအလှူငွေ ကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများလှူဒါန်းပွဲကို မြစ်ကြီးနားမြို့မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

နိုဝင်ဘာ ၂၂ – နေပြည်တော်တွင်တည်ထားမည့်ထာဝရငြိမ်းချမ်းရေးစေတီတော် ပန်းလည်တိုင်စိုက်ထူ ပူဇော်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၂၃ – နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်ကျင်းပသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များဂုဏ်ပြုညစာစား ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

– အမျိုးသားစာပေဆုစိစစ်ရေးကော်မတီက အမျိုးသားစာပေဆုများကို ကြေညာခဲ့ရာ အမျိုးသားစာပေတစ်သက်တာဆုကို ဆရာဖိုးကျော့နှင့် ဦးထွန်းရီတို့ရရှိခဲ့သည်။

– မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့သစ်ကနိုင်ငံတော်သမ္မတအိမ်တော်ရှိ နိုင်ငံတော်သမ္မတရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့သည်။

နိုဝင်ဘာ ၂၆ – လစ်လပ်လျက်ရှိသော ပြည်ထောင်စုအစိုးရဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူအား ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့သည်။

နိုဝင်ဘာ ၂၇ – ရခိုင်ပြည်နယ် သဘာဝသယံဇာတအရေးနှင့်ပတ်သက်၍ ရခိုင်သယံဇာတ ရခိုင်သားများ ခံစားခွင့်ရရှိရေး ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှဦးဆောင်ကာ ကျောက်ဖြူမြို့တွင် လူ ၂၀၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။

နိုဝင်ဘာ ၂၈ – ရိုက်တာသတင်းထောက်နှစ်ဦးကိုလန်ဒန်အခြေစိုက် နိုင်ငံခြားသတင်းထောက်အဖွဲ့က Journalist Of The Year ဆုကို ချီးမြှင့်ခဲ့သည်။

နိုဝင်ဘာ ၂၉ – လူထုဒေါ်အမာ (၁၀၃) နှစ်မြောက်မွေးနေ့ကို အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

– ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူအား ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ဒီဇင်ဘာလ

ဒီဇင်ဘာ ၁ – (၂၁) ကြိမ်မြောက် အောင်ဘာလေကျပ် ၅၀၀ တန် ထီဖွင့်ပွဲတွင် အမြင့်ဆုံးဆုကြီးဖြစ်သည့်ကျပ်သိန်းတစ်သောင်းအထူးဆုကြီးကို ပဲခူးတိုင်းဒေသကြီးဝေါမြို့ ချမ်းမြသာစည် (၃) လမ်းမှ အသက် (၈၈) နှစ်အရွယ်ဦးကျင်ရိန်က ဆွတ်ခူးခဲ့သည်။

ဒီဇင်ဘာ ၂ – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ အရည်အသွေးပြည့်မီသည့် ရုပ်ရှင်ကားတစ်ကားဖြစ်လာစေရန်အတွက် ရိုက်ကူးချိန် ကာလကန့်သတ်ချက်ထားရှိတော့မည်မဟုတ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုက ပြောသည်။

– (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုဌာနချုပ်၌ ကျင်းပသည်။

ဒီဇင်ဘာ ၄ – ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ညပိုင်းက လှိုင်မြို့နယ် (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာနေ စားသောက်ဆိုင်မန်နေဂျာ ဒေါ်ကေသီလှိုင်အပါအဝင် သမီးဖြစ်သူနှင့် ဝန်ထမ်းအမျိုးသမီးတို့ သုံးလောင်းပြိုင်အသတ်ခံရမှုတွင် စားပွဲထိုးခေါင်းဆောင် ဝန်ထမ်းဇွဲလင်းထက်ကိုသေဒဏ်ကျခံစေရန်နှင့် မိခင်နှင့်ဇနီးဖြစ်သူတို့ကို စုစုပေါင်းထောင်ဒဏ် ၁၀ နှစ်ခွဲစီ ကျခံစေရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချသည်။

– တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ချင်းပြည်နယ်တီးတိန်(ဇိုမီး)အဖွဲ့ကချင်းသူရဲကောင်းဘွဲ့ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၅ – နေပြည်တော် Park Royal Hotel ၌ကျင်းပသည့် သတ္တမအကြိမ် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ၌ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းပါ ပြောဆိုချက်များအပေါ် မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ဒီဇင်ဘာ ၈ – ပဉ္စမအကြိမ် သက်ကြီးသတင်းစာဆရာကြီးများ ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဒီဇင်ဘာ ၁၀ – (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium(b) ၌ ကျင်းပခဲ့သည်။

ဒီဇင်ဘာ ၁၁ – မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသော အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်အား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

– မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းမင်းတဲအီကင်းရပ်ကွက်၌ မူးယစ်ဆေးဝါးသတင်းအရဝင်ရောက်ရှာဖွေရာ သင်္ကန်းဝတ်ပုဂ္ဂိုလ်အပါအဝင် ၁၃ ဦးဖမ်းမိခဲ့သည်။

ဒီဇင်ဘာ ၁၂ – ပုဇွန်တောင်မြို့နယ်တရားရုံး၏ထောင်ဒဏ်ငါးနှစ်ကျခံစေရန် အမိန့်ချမှတ်ခံထားရသည့်သရုပ်ဆောင်မိုးအောင်ရင်နှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသူ ဘုန်းမြင့်အောင် (ခ)ဒေးဗစ် ၊ လူလူသန်းဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်များကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ တရားလိုပြသက်သေ ၁၄ ဦးနှင့် တရားခံပြသက်သေ ၁၉ ဦးတို့အား စစ်ဆေးချက်များအရ ပြစ်မှုထင်ရှားသဖြင့် ဘုန်းမြင့်အောင် (ခ)ဒေးဗစ်ကို အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ၊ လူလူသန်းဦးအားအလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ၊ သရုပ်ဆောင်မိုးအောင်ရင်ကိုအလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။

– နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်အခမ်းအနားကို သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

– ငြိမ်းချမ်းရေးအခင်းအကျင်းကို ဖန်တီးနိုင်ရန်အတွက် စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီးနိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ဆန္ဒရှိကြောင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ ရခိုင် (AA)တို့က သဘောထား ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းငြိမ်းချမ်းရေးကော်မရှင်က သဘောထားထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၃ – ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သရပါဟိုတယ်မှ ရက် ၆၀ ကြာ သပိတ်စခန်းအား ဖယ်ရှားဖျက်သိမ်းမှုကို ရှုတ်ချခြင်းနှင့် အလုပ်ထုတ်ခံအလုပ်သမားများ အလုပ်ပြန်ရရေးအတွက် အလုပ်သမားသပိတ်တပ်ပေါင်းစုသည် ပုဂံမြို့မှ နေပြည်တော်သို့ချီတက်ရာညောင်ဦးမြို့အထွက် ကျောက်ကူးရွာအနီးတွင် ရဲတပ်ဖွဲ့များကတားဆီး၍ ငြိမ်းစုစီဥပဒေဖြင့် ဖမ်းဆီးခဲ့သည်။

_မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF နှင့်မြန်မာ့လက်ရွေးစင်နည်းပြချုပ် အန်တွမ်နီဟေးတို့ နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

– ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းများဆောင်ရွက်ရာ ပြင်သစ်နိုင်ငံမှ ချေးငွေယူရိုသန်း ၇၀ ရယူရန်ကိစ္စကို သဘောမတူကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး န၀မနေ့၌ ကြေညာခဲ့သည်။

ဒီဇင်ဘာ ၁၅ – အောင်လအန်ဆန်း၏ မော်ကွန်းကြေးရုပ်တုဖွင့်ပွဲနှင့် ဂုဏ်ပြုဆုတောင်းခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပခဲ့သည်။

ဒီဇင်ဘာ ၁၉ – ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများအတွက် သွားလာမှုအဆင်ပြေစေရန် Omni Focusကုမ္ပဏီက ပြေးဆွဲလျက်ရှိသော ဝိုင်ဘီအက်စ်ယာဉ်လိုင်းအမှတ် ၂၀၊ ၈၃၊ ၉၈၊ ၉၉ တို့အား ၂၄ နာရီပြေးဆွဲပေးခြင်းဝန်ဆောင်မှု စတင်ခြင်းအခမ်းအနားကို Omni Focusဂိတ်ရင်းတည်ရှိရာ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ်ကြီးရပ်နားစခန်း၌ ကျင်းပခဲ့သည်။

ဒီဇင်ဘာ ၂၁ – တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိစစ်တိုင်းငါးခုဖြစ်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ထောက်ခံကြိုဆိုကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနက ယင်းနေ့ညနေပိုင်းတွင်သဘောထားထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးပါတီအချို့ကလည်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကိုကြိုဆိုကြောင်း ဒီဇင်ဘာ ၂၂ ၊ ၂၃ ၊ ၂၄ ရက် များတွင် သဘောထားထုတ်ပြန်ခဲ့သည်။

– ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်းသမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားခဲ့သည်။ ( ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်၂၃/၂၀၁၈ ၏ သဘောတူညီချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းဖွဲ့စည်းတာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သည်။)

ဒီဇင်ဘာ ၂၂ – ဒုရဲမှူးဟောင်း မိုးရန်နိုင်အားလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ထူးချွန်စွာကာကွယ်သူဆုကို ရန်ကုန်မြို့တွင်ပြုလုပ်သော ပင်န်မြန်မာအဖွဲ့၏ (၅)နှစ်မြောက် နှစ်ပတ်လည်ညီလာခံတွင် ပေးအပ်ခဲ့သည်။- အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်တည်ထောင်စဉ်ပါဝင်ခဲ့သည့် ဦးကြည်မောင် ရာပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်ခန်းမ၌ ကျင်းပခဲ့သည်။

ဒီဇင်ဘာ ၂၄ -မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်အခမ်းအနားကို တည်ဆောက်ရေးစီမံကိန်းဧရိယာ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

– လူမှုကွန်ရက်စာမျက်နှာတွင် ဇီးပင်ကြီးစစ်တမ်းရေးသားသူ ဒေါက်တာစိုးသူရဇော်အား အရေးယူရန် အစီအစဉ်မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဒေါက်တာမြင့်ဌေးက သတင်းမီဒီယာများကို ပြောကြားသည်။

ဒီဇင်ဘာ ၂၅ – ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကြီး၌ ည ၁၁ နာရီခွဲမှစ၍တစ်နာရီနီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၂၇ – အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်းနှစ်(၃၀) ပြည့်အခမ်းအနားကို ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၂၈ – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော ၂၀၁၈ ခုနှစ်၏ ခြောက်သန်းမြောက်ခရီးသည်ကြိုဆိုမှုအဖြစ် စင်ကာပူလေကြောင်းလိုင်းဖြင့်ရောက်ရှိလာသော ကံထူးရှင်ဒေါ်ဝင်းဝင်းအေးနှင့်မိသားစုအား ကြိုဆိုပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်Terminal-1 ဝင်ပေါက်အမှတ်(၄)အနီးတွင် ပြုလုပ်ခဲ့သည်။ ၎င်းကံထူးရှင်ခရီးသည်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာငွေကျပ်တစ်သန်းနှင့် မြန်မာငွေကျပ်တစ်သန်းတန်ဖိုးရှိ ခရီးသွားလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ဒီဇင်ဘာ ၂၉ – မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ၁၃၈၀ ပြည့်နှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ ကန်တော့ခံပုဂ္ဂိုလ်များထဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ပါဝင်ခဲ့ရာ ယင်းသို့ပါဝင်ခဲ့ခြင်းအပေါ်စာပေလောကအသိုက်အဝန်းနှင့် နိုင်ငံရေးလောကအသိုက်အဝန်းများအကြား ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

-Ads-
-Ads-