နိုင်ငံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ပြုလုပ်၊ အစိုးရနှင့် တပ်မတော် သဘော တူညီမှုရှိ ဟုဆို

ရန်ကုန် ၊ ဇန်နဝါရီ ၇

နိုင်ငံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင်ယနေ့မွန်းလွဲ ၂နာရီ မှ ညနေ ၄နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ယနေ့ကျင်းပသည့်သတင်းစာရှုင်းလင်းပွဲတွင်းပြောသည်။

“ ကျွန်တော်တို့ နိုင်ငံတော် သမ္မတ အိမ်တော်မှာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေအတွေ၊နောက်ပြည်တွင်းလုံခြုံရေးကိစ္စတွေတပ်မတော်ကနေပြီးတစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြေညာပြီးနောက်ပိုင်း၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေရယ်၊ ရခိုင်ပြည်နယ် AA သောင်းကျန်းသူတွေတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေနောက်ပိုင်းအခြေအနေတွေကိုဒီကနေ့ နိုင်ငံတော် သမ္မတဦးဆောင်ပြီးတော့ဆွေးနွေးခဲ့တယ် ”ဟု၎င်းကဆိုသည်။

ယနေ့ အစည်းအဝေးအတွင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ၊ ဒုသမ္မတ နှစ်ဦး ၊ လွှတ်တော်ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး၊ကာကွယ်ရေးရေးဝန်ကြီးနှင့်နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးဦးကျော်တင့်ဆွေတို့ တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“နိုင်ငံတကာအရေးကိစ္စနဲ့ပြည်တွင်းလုံခြုံရေးကိစ္စတွေညှိနှိုင်းဆွေးနွေးဖို့ အစည်းအဝေးဖိတ်တာကာလုံအဖွဲ့ဝင်တွေအပြင်အခြားပုဂ္ဂိုလ်တွေပါဖိတ်ထားတယ်။ကျန်တာသတင်းထုတ်ပြန်ပေးသွားမယ်။”ဦးဇော်ဋ္ဌေးကဆိုသည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သတ်ပြီးဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း ယနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ အဓိက ရခိုင်ကိစ္စတစ်ခုတည်း ဆွေးနွေးတာမဟုတ်ဘူး၊ အချက် ၅ ချက် ကိုဆွေးနွေးခဲ့တယ်၊ အစိုးရနှင့်တပ်မတော် ဆုံးဖြတ်ချက်တွေကို သဘောထားတွေ တူညီမှုတွေရှိတယ်၊ နိုင်ငံတော် လုံခြုံရေး ၊ ပြည်တွင်းလုံခြုံရေး ၊ အကုန်လုံးကို ဆွေးနွေးကြတာဖြစ်တဲ့အတွက် သဘောထားတွေအတူတူပါဘဲ ”ဟု ဦးဇော်ဋ္ဌေးကဆိုသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့လည်း ပြည်ထောင်စုအဆင့် လွှတ်တော် အစည်းအဝေးများကိုရပ်နားခဲ့ပြီး နိုင်ငံခေါင်းဆောင်များ အရေးပေါ်အစည်းအဝေးကို နိုင်ငံတော် သမ္မတ အိမ်တော်တွင် တွေ့ဆုံကျင်းပခဲ့သည်။

သတင်း၊မင်းမော်ဦး
ဓာတ်ပုံ-ကိုသာဗျော