အွန်လိုင်းမှ ချစ်ကြိုက်ခဲ့သူအမျိုးသမီးကို ချိန်းတွေ့စဉ် အုတ်ခဲကျိုးဖြင့် ထုနှက်သတ်ဖြတ်ခဲ့သူဖမ်းမိ

ပဲခူးမြို့ ရပ်ကွက်ကြီး(၈)၊ နရဏီသိမ်လမ်းဘေးချုံတောအတွင်း ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၃)နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်က အခင်းဖြစ်နေရာတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသော အမျိုးသမီး အလောင်းတစ်လောင်းကို ပြည်သူများ၏ သတင်းပို့ တိုင်ကြားမှုအရ တွေ့ရှိခဲ့သည်။ သေဆုံးသူသည် မအေးအေးစန်း (ခ)မအေးဖြစ်ကြောင်း ၎င်း၏ မိသားစု ဝင်တစ်ဦးကဇန်နဝါရီ ၂၁ ရက်တွင် ရဲစခန်းသို့ လာရောက်အတည်ပြုပေးခဲ့ကြောင်း သိရသည်။

နယ်ထိန်းတပ်ဖွဲ့ဝင်များက ပဲခူးမြို့ ဥဿာမြို့သစ်၊ အမှတ်(၁)ရပ်ကွက်၊ (၈)လမ်းရှိ မင်းခန့်ကျော် (၁၉)နှစ် ဆိုသူကို ခေါ်ယူစစ်မေးရာ ၎င်းနှင့် မအေးတို့သည် ဇန်နဝါရီ ၁၄ ရက်က နရဏီသိမ်လမ်းဘေးချုံတောအတွင်း ချိန်းတွေ့ခဲ့ကြပြီး စကားပြောအဆင်မပြေဖြစ်ရာမှ အနီးရှိ အုတ်ခဲကျိုးဖြင့် မအေး၏ ဦးခေါင်းကို ထုနှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနှင့် သေဆုံးသူအမျိုးသမီးတို့သည် အွန်လိုင်းပေါ်မှ တစ်ဆင့် တွေ့ဆုံချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး ချိန်းတွေ့သည့်နေ့က နှစ်ဦးသဘောတူ လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြကာ နယ်ထွက်၍ အလုပ်လုပ်လိုကြောင်းပြောရာမှ စကားများပြီး သေဆုံးသည်အထိ ထုနှက်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာနှင့်ငါးပေခန့်အကွာ ချုံတောထဲသို့ အလောင်းကို သယ်ရွှေ့ ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

ရဲတပ်ဖွဲ့က သေမှုသေခင်းအမှတ်စဉ်(၁^၂၀၁၉)ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီ ၂၁ ရက်တွင် ပြစ်မှုကျူးလွန်သူ မင်းခန့်ကျော်၏ ဝန်ခံထွက်ဆို ချက်အရ အမှတ်(၃) နယ်မြေရဲစခန်းက (ပ) ၂၇/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ-၃၀၂ ဖြင့် ပြောင်းလဲရေး အမှုဖွင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။