ငြိမ်းချမ်းရေးကို စောင့်မျှော်နေသော အနာဂတ်ပန်းလေးများ

 “ဒေါင်.. ဒေါင်..ဒေါင်” ဟူသည့် သံချောင်း ခေါက်သံအဆုံးတွင် အချင်းချင်း တွန်းထိုးနောက်ပြောင်ကာ ဆူညံနေသော ကလေးအုပ်ကြီးသည် ကျောင်းခန်းပြင်ပ ကစားကွင်းဆီသို့ ပြိုဆင်းလာတော့သည်။ ကလေးငယ် များတွင် အသက်အရွယ်စုံ၊ အသားအရောင်မျိုးစုံ၊ ပုံသဏ္ဍာန် မျိုးစုံပါဝင်နေသည်။ နေ့လယ် ကျောင်း မုန့်စားဆင်းပြီ…။

ကျောင်းသားအရွယ် ကလေးအုပ်ကြီးထဲတွင် အသက်သုံးနှစ်မှ ၁၆ နှစ်ကြား ကလေးငယ်များ ပါဝင်နေပြီး ကိုရင်နှင့် သီလရှင်ဝတ် အများစုပါဝင်နေသည်ကိုလည်း မှတ်မှတ်ထင်ထင် တွေ့ရမည် ဖြစ်သည်။ ထိုကလေးများသည် ကျောင်းဝင်းအလယ်ရှိ ကစားကွင်းရှိရာသို့လည်းကောင်း၊ ကျောင်း အ၀င်ဝ ဘယ်ဘက်အခြမ်းရှိ တစ်ဆိုင်တည်းသောမုန့်ဆိုင်လေးရှိရာသို့လည်းကောင်း သူ့ထက်ငါအပြိုင် တိုးဝှေ့ရင်း သွားနေကြသည်။

ကလေးတချို့ကတော့ ကျောင်း၏ တမာပင်အောက်အရိပ်တစ်နေရာတွင် စာသင်ခန်း အဖြစ် အသုံးပြုရန် ခင်းထားသည့် တာလပတ် စိမ်းပြင်ကြီးပေါ်မှာ အိပ်သူအိပ်၊ ကစားသူကစား၊ စကားပြောသူ စကားပြောရင်း သူတို့ ခေတ္တနားချိန်ကို အသုံးပြု နေကြလေသည်။

ထိုကလေးငယ်များ၏  ၉၅ ရာခိုင်နှုန်းဝန်းကျင်သည် သာသနာ့ဘောင်ဝင် ကိုရင်လေးများနှင့် သီလရှင် လေးများဖြစ်ကြပြီး ပညာ သင်ကြားရန်အတွက် မိဘများနှင့် နေရပ်ကို စွန့်ခွာ၍ မြန်မာနိုင်ငံနေရာ အနှံအပြား ဒေသအသီးသီးက ရောက်ရှိနေကြသော ကလေးများ ဖြစ်သည်။ အားလုံးက ကလေးသဘာဝအတိုင်း အပူ အပင်မဲ့လျှက် ပျော်ရွှင်စွာကစားလျက်…..။

          ကလေးငယ်များ ပညာသင်ကြားရာ နေရာကား စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ အောင် မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းပင်ဖြစ်သည်။ အဆိုပါကျောင်းသည် လူမျိုး၊ဘာသာ၊ဒေသ မရွေး အခြေခံ ပညာသင်ကြားလိုသူ မည်သူမဆို လက်ခံသင်ကြားပေးနေသော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဖြစ်သည်။

အောင်မြေဦးဟုပြောလျှင် မန္တလေးနှင့် စစ်ကိုင်းတစ်ဝိုက်က နာမည်ကြီးသည့် ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်းဟူ၍သိကြပြီး နိုင်ငံခြားသားဧည့်သည်များပင် လာရောက်၍ လေ့လာကြသည့်အထဲတွင် ပါဝင်သည်။

အောင်မြေဦးဘုန်းတော်ကျောင်းကို ဗမာလူမျိုး ဆရာတော် ဥူးဝိလာသက လွန်ခဲ့သော ၁၆နှစ် (၂၀၀၃ ခုနှစ်) တွင် ဘုန်းတော်ကြီးသင်မူလတန်းကျောင်းအဖြစ် စတင် တည်ထောင်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၃၅ ဦးနှင့် အစပြုခဲ့သည့် ကျောင်း ဖြစ်သည်။

ဆရာတော်ဥူးဝိလာသက ကျောင်းစတင်တည်ထောင်ဖြစ်ခဲ့ပုံနှင့် ပတ်သက်၍ “အရင်ကတောကြီး။ ဒီမှာက အခြေခံပညာ ကျောင်းမရှိဘူး။ ရွာမှာလည်း မရှိဘူး။ ဒါကြောင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းလေး စဖွင့်မယ်ဆိုပြီး မြေ၀ယ်ပြီး စဖွင့် ဖြစ်တာပါ” ဟု မိန့်သည်။

ယနေ့အချိန်တွင်မူ အခြေခံမူလတန်းကနေတက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားနိုင်သော ကျောင်း ကြီးဖြစ်လာခဲ့ပြီး ကျောင်းသား၊ကျောင်းသူပေါင်း ၃၁၆၈ ဦး ကို ဆရာ၊ဆရာမ ၇၇ ဦးဖြင့် သင်ကြားပေနေကာ အလွန်စည်ကားသည့် အောင်မြေဦးဖြစ်နေပေပြီ…။

           ကျောင်းကြီးတွင် ဗမာ၊ ပအိုဝ်း၊ ပလောင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားအများဆုံးရှိပြီး ဓနု၊ ကယန်း၊ ထားဝယ်၊ ဂေါ်ရခါး၊ ကရင်၊ ကဒူး၊ ကချင်၊ နာဂ၊ ကယား၊ ရခိုင်၊ အခါ ၊ ယော နှင့် တရုတ် လူမျိုးများလည်း ပညာသင်ယူလျှက်ရှိနေကြသည်။ စာရင်းဇယားများအရ မြန်မာတိုင်းရင်းသား ၁၇ မျိုး လာရောက် ပညာသင်ကြားလျှက် ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဘာသာပေါင်းစုံရှိကြောင်း ကျောင်ထိုင်ဆရာတော်ထံမှ သိရသည်။

  ထိုကျောင်းသို့ တက်ရောက်သူ ကလေးများငယ်များကို မဖြစ်မနေ သင်္ကန်းဝတ်ရမည်ဟု မသတ်မှတ်ထား သော်လည်း အနည်းစုသာ အဖြူ၊ အစိမ်းကျောင်းဝတ်စုံကို ၀တ်ဆင်၍ ပညာသင်ကြားနေသည် ကိုတွေ့ရသည်။

ကျောင်းရှိ ကလေးများတွင် ရှမ်းပြည်နယ်အတွင်းနေထိုင်သည့် တအာင်း/ပလောင်၊ ပအိုဝ်းနှင့် ရှမ်းတိုင်းရင်းသားများ အများဆုံးရှိနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင် တိုက်ပွဲများကြောင့် ထိုဒေသများရှိ ကလေးများ တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ရောက်ရှိလာခဲ့ကြောင်း ဆရာတော်က မိန့်ကြားသဖြင့် ထိုကလေးငယ်များသည် ၎င်းတို့နေထိုင်ရာ ဒေသများ၏ မငြိမ်းချမ်းခြင်း လက္ခဏာကိုဖော်ပြနေသလို…..။

အောင်မြေဦး၏ အခက်အခဲများ

ယခုနှစ်များအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ကိုင်းချောင်သို့ တစ်နှစ်လျှင် ဦးရေသုံးဆခန့်အထိတိုး၍ ရောက်ရှိလာသောကြောင့် အောင်မြေဦးတွင် စာသင်ခန်းမလုံလောက်မှု၊ ကလေးများ ကျောင်းအိပ်ကျောင်းစားနေထိုင်နိုင်ဖို့ နေရာမလုံလောက်မှု၊ သင်ထောက်ကူပစ္စည်းမပြည့်စုံမှုနှင့် ဆရာ၊ဆရာမ မလုံလောက်မှု အခက်အခဲများရှိလာခဲ့သည်ဟု  ဆရာတော်ဆိုသည်။

 

 “ ဒီနှစ်ပိုင်း ပြီးခဲ့တဲ့ နှစ်ကဆို ရှမ်းမြောက်ကတိုက်ပွဲတွေကြောင့် ဦးဇင်းတို့ ကျောင်းမှာ သုံးလေး ဆလောက် တိုးလာတယ်။ ဦးဇင်းသိတဲ့ အခြားကျောင်းတွေမှာလဲ သိသိသာသာ တိုးလာတယ်။ ကျောင်းမှာ လက်ခံနိုင်တာထက် များလို့ နေရာမဆံ့ဘူး။ ကိုယ်မှာ မပြည့်စုံတဲ့ အခက်အခဲ ရှိပေမဲ့ ငြင်းဆန်ဖို့ ခက်တယ်။ ဒီတော့ ဖြစ်သလိုပဲ နေကြတာပေါ့ ဆိုပြီး  ခွင့် ပြုလိုက်ရတာတွေ ရှိတယ်” ဟု ဆရာတော်က မိန့်သည်။

ထို့ကြောင့်  ကိုရင်၊ ကျောင်းသား၊ သီလရှင်၊ ကျောင်းသူ ၃၅၀ ကိုသာ အောင်မြေဦး၏ ကျောင်းအိပ် ကျောင်းစားအဖြစ် လက်ခံပေးနိုင်ခဲ့သည်။ ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် ကျန်တိုင်းရင်းသားကလေးငယ်များသည် စစ်ကိုင်းချောင်တခွင်ရှိ သီလရှင် ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ၍ အောင်မြေဦးကျောင်းသို့ လာရောက်ပညာသင်ကြားနေကြရသည်။

“ကျောင်းသား ၂၅၀၀ ကျော်လောက်ကတော့  ဒီနားမှာရှိတဲ့ဘုန်းကြီးကျောင်း၊ သီလရှင် ကျောင်းတွေ မှာပဲမှီခိုပြီးတော့ ပညာသင်ယူကြရတယ်။ ဒီမှာ ပညာသင်ယူချင်လို့ ခက်ခဲတဲ့ သူတို့ ပြည်နယ်တွေကနေ လာကြရတယ်။ ပညာရေးကို အားမပေးချင်တဲ့ တန်ဖိုးမထားတဲ့ နေရာမျိုးကို ရောက်သွားမယ်ဆိုရင်တော့ ကလေးတွေမှာ အားနည်းချက်ရှိသွားတာပေါ့။ နောက်…ဘုန်းကြီးတွေ ၊ ဆရာလေးတွေနဲ့ နေကြရတာဆိုတော့ မိဘအရင်းတွေလို မေတ္တာ အပြည့်တော့မရနိုင်ကြဘူး” ဟု ဆရာတော်က မိန့်သည်။

စာသင်ကျောင်းဆောင်လုံလောက်မှုမရှိသေးခြင်း၊ ကျောင်းသားဦးရေ များပြားလွန်းခြင်းတို့ကြောင့်  ကျောင်းအတွင်းရှိ တမာပင်ကြီး အောက်တွင် အစိမ်းရောင်တာလပတ်စနှင့် ရရာအခင်းများခင်းထားသည့် နေရာသည် ကလေးငယ်များ ပညာသင်ကြား နေရာ တစ်ခုဖြစ်လာနေရသည်။

နောက်ခံအခြေအနေမတူ၊ ဘာသာစကားမတူ၊ နေရပ်မတူ၊ လူမျိုးမတူ၊ အသက်အရွယ်မတူ၊ အသားအရောင်မတူ၊ ပုံပန်းသဏ္ဍာန်မတူသည့် ကွဲပြားမှုများ အမျိုးမျိုးရှိနေပေသော်လည်း တူညီသည်က ကလေးငယ်များအားလုံး ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေကြခြင်းက တူညီမှုတစ်ခုဖြစ်လာသည်။ ကျောင်းသို့ရောက်လာသည့် ကလေးငယ်များ၏တူညီသောရည်ရွယ်ချက်ကား… ပညာတက်မြောက်ရန်နှင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်သာ….။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ဇာတိ ပလောဝ်တိုင်းရင်းသားကိုရင်စန္ဒိမာ တစ်ဖြစ်လဲ လူအမည် မိုင်းအိုက်ဆိုင် တစ်ယောက် တက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုရန်နှင့် ညီမဖြစ်သူကိုပါ စောင့်ရှောက်ရန် အတွက် နေရပ်နှင့် မိဘများနှင့် ခွဲကာ အောင်မြေဦး ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

“ ညီမလေးလဲ ဒီမှာကျောင်းတက်နေတော့ စောင့်ရှောက်ရအောင် အတူတူလာနေတာ။  ကိုရင်တို့က ၁၀ တန်းဆိုတော့ ဆွမ်းခံမထွက်ရတော့ဘူး။ ဘုန်းကြီးက ကျွေးတယ်။ အိပ်တော့လဲ ယောက်ျားလေးတွေ ၊ ကိုရင်တွေ အတူတူအိပ်ကြတယ်။ ရန်မဖြစ်ဘူး။ ရန်ဖြစ်တော့မယ်ဆိုလဲ တစ်ယောက် မဟုတ် တစ်ယောက် လျော့ကြတယ် ” ဟုပြောပြသည်။ 

 

ပညာသင်ကြားနေသူ ၃၀၀၀ ကျော်ရှိသည့်အနက် လေးပုံသုံးပုံမှာ သီလရှင်နှင့် ကျောင်းသူများ ဖြစ်သောကြောင့်   မိန်းကလေးများအတွက် ရောင်စုံမိန်းကလေးများအဖွဲ့က သင်တန်း လာရောက်ပို့ချပေးလျက် ရှိသကဲ့သို့ ကျောင်းသားအားလုံးအတွက် ရည်ရွယ်၍ ဂျာမန်၊ အမေရိကန်၊ စပိန်၊ အီတလီ၊ အင်္ဂလန်နှင့် ဆွစ်ဇာလန်စသည့် နိုင်ငံများမှလည်း လာရောက်၍အချိန်တိုသင်တန်းများပို့ချပေးကြောင်း ဆရာတော် ဦးဝိလာသကမိန့်ကြားသည်။

အဆိုပါကျောင်းသို့ သင်ရောက်ရှိခဲ့လျှင် နိုင်ငံခြားသားများနှင့် ပြည်တွင်းပရဟိတအဖွဲ့တချို့၏ ကစားပွဲ အစီအစဉ်များ၊ အချိန်တိုသင်တန်းများ၊အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးလျှက်ရှိသည် မြင်တွေ့ရပေလိမ့်မည်။

မေတ္တာတရားများ တူညီ

အများစုမှာ သီလရှင်၊ကိုရင်ဝတ်ထားကြသော်လည်း ဘာသာကိုးကွယ်မှုနှင့် ပတ်သက်၍ တင်းကြပ် မှုမထားကြောင်းကို “ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေပါတယ်။ နာဂတွေလည်းပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ အဓိက ခရစ်ယာန်တွေပေါ့။ ဒါပေမဲ့ ပညာရေးက အရေးကြီးတယ်။ ဒါပေမဲ့ ဒီလာပြီး သီလရှင် ၀တ်ကြတယ်။ သူတို့ရချင်တဲ့ ပညာကိုသင်ယူရတယ်။ ဒီမှာ သီလရှင် ၀တ်ရမယ်ဆိုတဲ့ ပညတ် ချက်မရှိဘူး။ လူဝတ်နဲ့ နေချင်လည်းရတယ်။ အချို့က သူကိုယ်တိုင်ဝတ်ချင်တယ်။ မ၀တ်ချင်လည်း ပညာသင်လို့ ရပါတယ်” ဟုဆရာတော်မိန့်သည်။

          ပညာသင်ယူနေကြသည့် ကလေးငယ်များတွင် ဘာသာစကားအခက်အခဲ၊ ရိုးရာအစဉ်အလာနှင့် ယဉ် ကျေးမှုကွဲပြားခြင်း  စသည့် အခက်အခဲများရှိနေသော်လည်း တူညီသည့်အချက်မှာ ဖြူစင် ရိုးသားမှုဖြင့် ဖေးမစွာ ဆက်ဆံကြခြင်းနှင့် သဟဇာတဖြစ်ဖြစ်နေထိုင်နိုင်ကြခြင်းပင်ဖြစ်သည်။

အောင်မြေဦး ဘုန်းတော်ကြီးကျောင်းတွင် သင်္ချာဘာသာရပ်ကို သင်ကြားပေးနေသော ဆရာမ ဒေါ်မင်းမင်းခိုင်က “တိုင်းရင်းသားအချင်းချင်းညီညွှတ်မှုရှိတယ်။ နေမကောင်းရင် ကလေးအချင်းချင်း ပြန်ပြု စုတာတွေ တွေ့ရတယ်။ တစ်ယောက်နေမကောင်းရင် တခုခုဖြစ်နေရင် သူတို့လဲ ပြုံးပျော်မနေပဲ ခံစား နေရတဲ့ ပုံစံတွေ တွေ့ရတယ်။ လာတဲ့ဒေသနဲ့ ခံစားချက်တွေ မတူပေမယ့် သူတို့အားလုံးက အတူတူဖြစ်သွား ကြတယ် ” ဟု ကလေးငယ်များ၏အခြေအနေကို ပြောပြသည်။

စစ်မီးကြောင့် ဇာတိမြေအား စွန့်ခွာကြရ

          အောင်မြေဦးကျောင်းတွင် ပညာသင်ကြားနေသူအများစုသည် တိုက်ပွဲများ ဖြစ်နေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း မငြိမ်းချမ်းသော ဒေသမှ ကလေးအများစုဖြစ်သောကြောင့် သူတို့၏ မျှော်လင့်ချက်သည် ၎င်းတို့ ဒေသက မငြိမ်းနိုင် သော စစ်မီးများ အမြန်ဆုံး အေးငြိမ်းရေးပင်….။

လက်နက်ကိုင်ပေါင်းစုံ နယ်မြေစိုးမိုးမှုရှိနေသည့် ၄င်းတို့လို ဒေသများမှ မိသားစုဘ၀များမှာ စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး တို့အပြင် လူသားတစ်ယောက်၏ အခွင့်အရေး နှင့် ဂုဏ်သိက္ခာများလည်း ဆိတ်သုဉ်း နေပေသည်။ ကလေးငယ်များကား ဒေသတွင်းစစ်ပွဲများကြောင့်သာ  မိဘ၊မောင်နှမ၊ဆွေမျိုး ၊မိတ်ဆွေနှင့် ဇာတိမွေးရပ် မြေကို စွန့်ခွာ၍ ပညာသင်ကြားနေကြရခြင်းဖြစ်သည်။

ခြောက်နှစ်သမီးအရွယ်ကတည်းက စစ်ကိုင်း ချောင်တွင် သီလရှင်(ဆရာလေး) ၀တ်ရင်း အေးချမ်းစွာဖြင့် ပညာသင်ကြားနေသော ပလောဝ်တိုင်းရင်းသူ မခင်ဌေးတစ်ယောက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် အောင်မြေဦး ကျောင်းတွင်ပင် လုပ်အားပေးဆရာမလေးအဖြစ် ဘ၀တူ တိုင်းရင်းသားကလေးငယ်များအား ပညာသင်ကြား ပေးနေသည်။

သီလရှင်(ဆရာလေး) မခင်ခင်ဌေးတို့ ဒေသရှိ တိုင်းရင်းသားများမှာ တစ်အိမ်ထောင်လျင် ယောကျာ်း လေးနှစ်ဦးပါရှိပါက  တစ်ဦးကျ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွင် မဖြစ် မနေတာဝန် ထမ်းဆောင်ရခြင်းများ ရှိသည်။ ယောင်္ကျားလေးများ မ၀င်ရောက်လျှင် မိန်းကလေးများအစားထိုးသွား ရောက် တာဝန်ထမ်းဆောင် ရလေ့ရှိပြီး အကို ဖြစ်သူများက တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် ထိုဒေသမှ ကိုစွန်ခွာသွားခဲ့ပြီ…။

 “အခုဆိုဆရာလေးတို့ဘက်မှာ စစ်ဖြစ်နေတယ်။အခု ဒီလေးဆယ့်ငါးရက် အတွင်း မလာရင် ရွာမှာရှိတဲ့ ဆရာလေးတို့ ရှိသမျှပစ္စည်းတွေ အကုန်သိမ်းမှာ။ စစ်ဖက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုရင်လည်း ဆရာလေးက ပညာရေး ဘက်မှာ တာဝန်ထမ်းရမယ်။ ရွာမှာက အဖေနဲ့အမေပဲကျန်ခဲ့တာ။ သူတို့ကို သနားတယ်” ဟု ဆရာလေး (မခင်ခင်ဌေး)က ပြောသည်။

မကြာခဏဆိုသလို လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့် ဇာတိတွင်နေထိုင်သူ ဆရာလေး မခင်ခင်ဌေးမှာလည်း မကြာမီ နေရပ်ပြန်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွင်း ၀င်ရောက် အမှုထမ်းရဦးမည်ဖြစ်သည်။ သူတာဝန်က လက်နက် ကိုင်အဖွဲ့ရှိ  ကလေးငယ်များကို စာပြန်လည်သင်ကြား ပေးရန်….။

 “ဆရာလေးက အကိုတွေကိုယ်စားလူထွက်ပြီး တာဝန်ထမ်းဆောင်ပေးရမယ်။ သွားရင် ကောင်းမလား မသွားပဲနေရင် ကောင်းမလား စဉ်းစားနေတာ။ နောက် လေးဆယ့်ငါးရက်နေရင်လာဖို့ ပြောထားတယ်။ ဆရာလေးတို့ဒေသမှာ ငြိမ်းချမ်းရေး ရစေချင်ပြီ”

တိုက်ပွဲများကြောင့် မငြိမ်းချမ်းမှု၊ မညီမျှမှုများကြားမှ ခေတ္တစွန့်ခွာ၍ အောင်မြေဦး ဘုန်းတော်ကြီး ကျောင်းကဲ့သို နေရာများတွင် အတူတကွဖေးဖလျက် မလုံလောက်မှု၊မပြည့်စုံမှု၊ဘာသာစကားမတူညီမှု၊ ဓလေ့ အစဉ်အလာမတူညီမှုစသည့် အခက်အခဲများကြားမှ ခက်ခဲစွာပညာ သင်ကြားနေကြရသော မြန်မာနိုင်ငံ အနှံ အပြားမှ ကလေးငယ်များ၊သီလရှင်၊ကိုရင်လေးများကတော့ ဆရာလေး မခင်ခင်ဌေးတို့လို မငြိမ်းချမ်းသော၊ ပညာရေးလက်လှမ်းမမီသော ၊စီးပွားရေးမပြေလည်သော ဒေသအသီးသီးမှ ပညာသင်ကြားမည်ဆိုသည့် တူညီ သော ရည်ရွယ်ချက်နှင့် အသီးသီးရောက်ရှိ ခိုလှုံလာကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး စောင့်မျှော်နေသူများ

“ဒေါင်….ဒေါင်…..ဒေါင်….ဒေါင်….ဒေါင်”

ကျောင်းတက်ချိန် သံချောင်းခေါက်သံ ပြန်လည် အချက် ပေးလေပြီသည်။ သံချောင်းခေါက်သံအပြီး ပျော်ရွှင်စွာ ကစားနေကြ၊ မုန့်စားနေကြ၊ စကားပြောနေကြသောအစု အဖွဲ့အသီးသီးက ၄င်းတို့ ကျောင်းခန်း များဆီသို့ အပြေးအလွှာပင် အရောက်ပြန်သွားနေကြသည်။

အညာဒေသ၏ ထုတ်ကုန် ဖျင်လွယ်အိတ်များကို ကိုယ်စီလွယ်ထားကြသည့် ငယ်ရွယ်သေးသည့် ကိုရင်၊ သီလရှင် ကျောင်းသားငယ်လေးများ၏ ကတုံးပြောင်ပြောင် ဦးခေါင်းများပေါ်တွင် အရေပြားရောဂါ တစ်မျိုးဖြစ်သည့် ဒက်ကွက် များက မွန်းလွဲနေရောင်အောက်တွင် ကွက်တိကွက်ကျား..။

အောင်မြေဦး ကျောင်းပရ၀ဏ် အလယ်ရှိ ကစားကွင်းကြီးတွင်တော့ ကလေးငယ်များ၏ ပျော်ရွှင်စွာ ဆော့ကစားနေမှုများ ပြန်လည်တိတ်ဆိတ်သွားကာ ကျောင်းစာသင်းအသီးသီးမှ စာအံသံများ  ပြန် လည် ပျံ့လွင့်လာလေပြီ…။ ပညာသင်နှစ်အသစ်တိုင်းလည်း အောင်မြေဦးသို့ မငြိမ်းချမ်းသည့် ဒေသများမှ ကလေးများ သုံးဆမှ လေးဆအထိ တိုး၍ ရောက်လာစမြဲဖြစ်သည်။ မြန်မာနိုင်ငံ၏ မတူညီသော နေရာဒေသ အသီးသီးမှ ကလေးငယ်များသည် အောင်မြေဦးတွင် ခိုလှုံရင်း ငြိမ်းချမ်းရေး၏ အလင်းရောင်အား စောင့်မျှော်လျက် ရှိနေသော အနာဂတ်၏ ပန်းပွင့်ကလေးများဖြစ်ကြသည်။

စာသင်နှစ်တစ်နှစ်ကုန်ဆုံးခဲ့ချေပြီ…။   အောင်မြေဦးဘုန်းတော်ကြီးကျောင်း၏ လာမည့်ပညာသင်နှစ် တွင် မငြိမ်းချမ်းသည့် ဒေသက ကလေးများ မည်မျှအထိ ထပ်တိုး ရောက်ရှိလာဦးမည် ဆိုသည့်အချက်တော့  ငြိမ်းချမ်းရေး လိုလားသူများနှင့် မိမိတို့ဒေသ ဖွံ့ဖြိုးရေးအတွက် ပေးဆပ်လိုသူများအပေါ်တွင် အများကြီးမူတည် နေပေတော့သည်။

သတင်းဆောင်းပါး – မောင်ကောင်း၊

ဓာတ်ပုံ – ဖိုးထောင်