မိုနာကိုအသင်းကို အနိုင်ရပြီးနောက် ပီအက်စ်ဂျီအသင်း လီဂူးဝမ်းချန်ပီယံဖြစ်

ဧပြီ ၂၁ ရက်ည ပြင်သစ်လီဂူးဝမ်းပွဲစဉ်များအပြီးတွင် ပီအက်စ်ဂျီအသင်းသည်မိုနာကိုကို သုံးဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိကာ ပြင် သစ်လီဂူးဝမ်းချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ ထိုပွဲတွင် အသက် (၂၀) အရွယ် လူငယ်တိုက်စစ်မှူး အမ်ဘပ်ပီကဟက်ထရစ်သွင်းယူခဲ့ပြီး အနီးဆုံးပြိုင်ဘက် လိုင်လီအသင်းသည် တူးလုစ်နှင့် သရေကျခဲ့ခြင်းကြောင့် လီဂူးဝမ်းချန်ပီယံဆုဖလားကို ခုနစ်နှစ်အတွင်း ခြောက်ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် ယခုထက်ပို၍ စောလျင်စွာ ချန်ပီယံဖြစ်နိုင်သော်လည်း မိုနာကိုနှင့်ပွဲမတိုင်မီ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးခဲ့ ခြင်းကြောင့် ယခုမှသာ ချန်ပီယံဆုဖလား ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ပီအက်စ်ဂျီအသင်းသည် ယခုပွဲတွင် ပဲရစ်မြို့ရှိသမိုင်းဝင် ဘုရားကျောင်း နိုထရီဒိမ်းမီးလောင်ပျက်စီးမှုကို အထိမ်းအမှတ်ထားကာ အသင်းဂျာစီတွင် ကစားသမားများနာမည်နေရာ၌ နိုထရီဒိမ်းအမည်ကို ရိုက်နှိပ်ဝတ်ဆင်ကာဂျာစီရင်ဘတ်တွင် မီးလောင်ပျက်စီးသွားသော ဘုရားကျောင်းပုံကို ရေးဆွဲဝတ်ဆင်ခဲ့သည်။ ဟက်ထရစ်ရှင် အမ်ဘပ်ပီသည်လည်း ပွဲမစမီ နိုထရီဒိမ်းဘုရားကျောင်းမီးငြှိမ်းသတ်ပေးခဲ့ကြသော မီးသတ်သမားများနှင့် ကျောင်းသားငယ်များကို တွေ့ဆုံအားပေးခဲ့ကြောင်းလည်း သိရသည်။

-Ads-
-Ads-