ရွှေဘိုအကျဉ်းထောင် ဆူပူမှုဖြစ်ပွားဝန်ကြီးချုပ် သွားရောက်ညှိနှိုင်းပေး

ဓာတ်ပုံ - မိုးသောက်(ရွှေဘို)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ဧပြီ ၂၂ ရက် နံနက် ၈ နာရီခွဲက ရွှေဘိုအကျဉ်းထောင်မှ အကျဉ်း သားများ ဆူပူအော်ဟစ်ကာ လွတ်ငြိမ်းသက်သာခွင့်ရရေးအတွက် တောင်းဆိုရာမှ ထောင်ဆူပူမှုစတင်ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ဧပြီ ၂၂ ရက် နံနက် ၈ နာရီ ခွဲက ရွှေဘိုအကျဉ်းထောင်ရှိ (ကျား ) အဆောင် (၁) အကျဉ်းသားများက စတင်၍ဆူပူအော်ဟစ်ကာ လွတ်ငြိမ်းသက်သာခွင့်ရရေးအတွက် တောင်းဆိုရာမှ အဆောင်(၂)၊အဆောင် (၃) အလုပ်ရုံသို့ ကူးစက်ပြီး ထောင်ဆူပူမှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆူပူမှုဖြစ်ပွားရာ ရွှေဘိုအကျဉ်း ထောင်သို့ နံနက် ၈ နာရီ မိနစ် ၄၀ က ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ငွေတိုးဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၄၀ နှင့် ရွှေဘိုအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်း ဦးစီးအဖွဲ့နှင့်ပူးပေါင်း၍ စောင့်ကြည့်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမိုးကျော်သူ ၊ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် အဖွဲ့ရောက်ရှိလာပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးစီးအဖွဲ့နှင့် အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအဖွဲ့တို့က အိပ်ဆောင်များ အတွင်း ၀င်ရောက်၍ အကျဉ်းသားများနှင့် တွေ့ဆုံကာအကျဉ်းသားများ တင်ပြတောင်းဆိုမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ နံနက် ၁၀ နာရီ၁၀ မိနစ်တွင် အေးချမ်းမှုရရှိခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူထံမှ သိရသည်။

သတင်း၊ဓာတ်ပုံ – မိုးသောက်(ရွှေဘို)

-Ads-
-Ads-