မြင်းခြံထောင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံ

မြင်းခြံထောင်တွင် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ ဒုတိယအကြိမ် တွေ့ဆုံ ပွဲနှင့် မြင်းခြံထောင် ကျဆုံးရဲဘော်များကို ရည်စူး၍ ဆွမ်းကပ်အလှူအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းတိုက်တွင် ဧပြီ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

‘ဦးဇင်းက တို့အရေးတစ်ခွန်းတောင် မအော်လိုက်ရဘဲ သွားကြည့်လို့ အဖမ်းခံရတာပါ။ မြင်းခြံထောင်မှာတော့ သံဃာလည်း အနှိပ်စက်ခံရသလို လူပုဂ္ဂိုလ်လည်း အနှိပ်စက်ခံရတာပါပဲ။ ဒါတွေကို ဦးဇင်းအနေနဲ့ကတော့ မပြော တော့ပါဘူး။ တိုင်းပြည်ရှေ့ဆက်ရမယ့် ကိစ္စတွေမှာ ဦးဇင်းတို့ညီညီညွတ်ညွတ် နဲ့ ရှေ့ဆက်ဖို့ပဲ တိုက်တွန်းချင်ပါတယ်’ဟု မြင်းခြံထောင် နိုင်ငံရေးအကျဉ်းသား ဟောင်းဆရာတော် ဦးဥတ္တမက ပြောဆိုသည်။

ယင်းထောင်သည် စစ်အစိုးရလက်ထက် ဖိနှိပ်မှုအပြင်းထန်ဆုံးအကျဉ်း ထောင်ပေါင်း ၄၀ ကျော်ရှိသည့်အနက် သာယာဝတီအကျဉ်းထောင်ပြီးလျှင် ဒုတိယဖိနှိပ်မှု အပြင်းထန်ဆုံး အကျဉ်းထောင်ဖြစ်ကြောင်း သိရသည်။

-Ads-
-Ads-

‘မြင်းခြံထောင်မှာက ထောင်တကာ့ထောင်ထဲမှာ အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး၊ ခေါင်းထောင်ထမလာနိုင်အောင် နှိပ်စက်ခဲ့တာ ၁၀ စုနှစ်တစ်စုလောက်ရှိခဲ့တယ်။ တို့နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ အသက်တွေပေးခဲ့ရတယ်။ တကယ့် တကယ်ကျတော့ တရားသဘောနဲ့ကြည့် ရင် ဒီလူတွေရဲ့ ဝိညာဉ်က သန့်ရှင်းပြီး သား၊ ကိုယ်စီကိုယ်စီ မြင့်မြတ်တဲ့ဘုံတွေကို ရောက်နေပြီလို့ ကျွန်တော်တို့က သုံးသပ် တယ်။ အဲဒါကြောင့် ဒီနေ့က သူတို့ကို ရေစက်သွန်းချ အမျှဝေတဲ့ပွဲလေးပါ။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလို သမိုင်းဆိုးတွေ မရင်ဆိုင်ရလေအောင်၊ မျိုးဆက်တွေလည်း ဒီလိုအဖြစ်ဆိုးတွေ မကြုံရလေအောင် လုပ်တာဖြစ်တယ်။သူတို့ကို ဂုဏ်ပြုတယ်။ နောက်နောင်များမှာ အခုလိုမျိုးတွေ မဖြစ်ရလေအောင် ကာကွယ်တားဆီးသွားမယ်ဆိုတဲ့ မက် ဆေ့ခ်ျလည်းပေးချင်တယ်။ အဲဒါကြောင့် ဒီအခမ်းအနားကို ကျင်းပရတာပါ’ဟု မြင်းခြံထောင် နိုင်ငံရေးအကျဉ်းသား ဟောင်း ဦးထွန်းကြည်က ပြောဆိုသည်။

ယင်းအခမ်းအနားတွင် မြင်းခြံထောင် နိုင်ငံရေးအကျဉ်းသားဟောင်းများအပြင် အခြားအကျဉ်းထောင်များမှနိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော် များနှင့် လူပုဂ္ဂိုလ် ၅၀ ကျော် တက်ရောက်ခဲ့ကြပြီး သံဃာတော်များဖြင့် တရားနာ ရေစက်ချခြင်းများ ပြုလုပ်ခဲ့ကြသည်။

-Ads-
-Ads-