သိမ်းဆည်းလယ်ယာမြေများကို ရောင်းချ၍ လျော်ကြေးပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ဓာတ်ပုံ - ကိုကျော်/စံတော်ချိန်

လယ်ယာမြေသိမ်းဆည်းခံရမှု ကိစ္စရပ်များနှင့်ပတ်သက်၍ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများကို ပြန်လည်ရောင်းချ၍ လယ်သမားများအား လျော်ကြေးငွေ ပေးအပ်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဧပြီ ၂၇ ရက်က ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ် သည့် နိုင်ငံတော် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၂၆) ကြိမ်မြောက် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော်တို့ မြေလျော်ကြေးပေးဖို့ ရှိပါတယ်။ မြေ လျော်ကြေးပေးတဲ့ကိစ္စမှာ မြေလိုချင်တယ်။ လျော်ကြေးမလိုချင် ဘူးဆိုတဲ့ အသံတွေလည်းကြားရတယ်။ ဒီမြေတွေကို ရောင်းပါ မယ်။ အသိမ်းခံရတဲ့ လယ်သမားတွေကို အဲဒီအချိန်ကာလက ပေါက်ဈေးနဲ့ လျော်ကြေးပေးပါမယ်။ ဒီမြေပေါ်မှာ သူနေနေတယ် ဆိုရင် သူရဲ့အခြေခံအဆောက်အအုံကြေး ထည့်ဝင်ထားတဲ့မြေ ပေါ်မှာ ဝယ်ပါ။ ကျွန်တော်တို့ ရောင်းမယ်’ဟု ၎င်းက ပြောဆိုသည်။

-Ads-
-Ads-

အဆိုပါ သိမ်းဆည်းခံရသည့် လယ်မြေများကို လျော်ကြေး ပေးရန်မှာ ဘီလီယံ ၄၀ နီးပါးရှိသောကြောင့် ယင်းမြေများကို ကာလပေါက်ဈေးအတိုင်း ထုတ်ရောင်းသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ထုတ်ရောင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

‘အခုလွှတ်တော်မှာ လမ်းခင်းပေးပါ၊ မြောင်းဖောက်ပေးပါ၊ လမ်းကူးတံတားတွေ လုပ်ပေးပါဆိုတဲ့ ပိုက်ဆံတွေကို နှစ်စဉ် ဘီလီယံနဲ့ချီပြီး သုံးစွဲနေရပါတယ်။ အဲဒီလို ဘီလီယံနဲ့ချီပြီးမြှုပ်နှံလို့ ဒဂုံမြို့သစ်ကြီးဟာ အခုအဆင့်ကို ရောက်လာတာဖြစ်ပါတယ်။ ဒီငွေတွေမထည့်ဘဲနဲ့ လယ်ကွင်းထဲမှာပဲရှိတဲ့ မြေကြီးတစ်ခုရဲ့ တန်ဖိုးဟာ ဒီဈေးမဖြစ်နိုင်ပါဘူး။ အခုလိုမျိုး အခြေခံအဆောက် အအုံကြေးတွေ အများကြီးထည့်ပြီးတဲ့မြေကိုမှ လယ်သမားက လယ်ဈေးနဲ့ပြန်ယူပြီး အပြင်မှာအခြေခံအဆောက်အအုံထည့် ထားတဲ့ဈေးနဲ့ ပြန်ရောင်းမယ်ဆိုတာတော့ တိုင်းဒေသကြီးအစိုးရ က နိုင်ငံတော်နဲ့ ပြည်သူ့ဘဏ္ဍာငွေတွေအပေါ်မှာ သစ္စာရှိရပါ လိမ့်မယ်’ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ထုတ်ရောင်းရာတွင် ယင်းမြေများအပေါ် လုပ်ငန်း ရှင်များက လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ရောင်းချပေးချင် ကြောင်း၊ သို့သော် အဆိုပါမြေများကိုဝယ်ယူ၍ မြေကစားခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ အမှန်တကယ် စက်ရုံ၊ အလုပ်ရုံများလာ ရောက်တည်ဆောက်ခြင်းနှင့် ထိုနေရာတွင် အမှန်တကယ် အများ ပြည်သူနေထိုင်ရေးကိစ္စအတွက် အဆင်ပြေနိုင်သော တန်ဖိုးသင့်၊ တန်ဖိုးမျှတသည့် အိမ်ရာများ ပေါ်ထွန်းရေးကို လုပ်ဆောင်မည် ဆိုပါက ကြိုဆိုကြောင်း ၎င်းက ပြောဆိုသည်။

-Ads-
-Ads-