ဗိုလ်တထောင်မြို့နယ်တရားရုံးရှေ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှ အမှုဖွင့်ခံရသူ ငါးဦး အာမခံရ

ဓာတ်ပုံ-ကျော်ကျော်/စံတော်ချိန်

ဗိုလ်တထောင်မြို့နယ်တရားရုံးရှေ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှ အမှုဖွင့်ခံရသူ ငါးဦးကို ဗိုလ်တထောင်မြို့မရဲစခန်းမှ အာမခံပေးခဲ့ကြောင်း သိရသည်။

မေ ၂၀ ရက်က ဗိုလ်တထောင်မြို့နယ်တရားရုံးရှေ့ ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ ဒေါ်နီလာသိန်း၊ ကိုမင်းဟန်ထက်၊ မရှားယမုံ၊ ကိုနန်းလင်း၊ ကိုနိုင်ကိုသူတို့ကို ဗိုလ်တထောင်မြို့မရဲစခန်းက (ပ)၂၃၄/၂၀၁၉၊ ပုဒ်မ ၃၃၂/၃၅၃/၁၈၆/၁၁၄ ဖြင့် ဗိုလ်တထောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နေဝင်းမှ တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါအမှုမှ ကိုမင်းဟန်ထက်၊ မရှားယမုံ၊ ကိုနန်းလင်း၊ ကိုနိုင်ကိုသူ တို့အား ဗိုလ်တထောင်မြို့မရဲစခန်းမှ ယနေ့ နံနက်ပိုင်းတွင် ကိုယ်ပိုင်ခံဝန် သိန်း၁၀၀ တန် အာမခံပေးခဲ့ပြီး ဒေါ်နီလာသိန်းမှာလည်း ယမန်နေ့ ညပိုင်းတွင် အာမခံ ရရှိခဲ့သည်။

-Ads-
-Ads-

မေ ၂၀ ရက်က ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များအား ရုံးထုတ်စဉ် ရဲမေတစ်ဦးက သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်းအား နောက်မှ တွန်းထိုးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့် ဝန်းရံသူတို့အကြား အချင်းများခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်ခံရသူ ကိုနန်းလင်းက ပြောသည်။

ထိုသိုရုံးထုတ်စဉ်အတွင်း သံချပ်အဖွဲ့ဝင်များအား လက်ထိပ်ခတ်ထားခြင်း၊ တရားရုံးတွင် ထမင်းစားခွင့်မပေးခြင်းတို့ကြောင့် ဝန်းရံသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား အငြင်းပွားမှုအချို့ ဆက်လက် ဖြစ်ပေါ်ခဲ့သည်။

သတင်း-မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ-ကျော်ကျော်/စံတော်ချိန်

-Ads-
-Ads-