သင်္ဃန်းကျွန်းမြို့နယ်တွင် သစ်ပင်ပေါ်မှ ပတူကောင်အသိုက်များကို ရှင်းလင်း

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ သင်္ဃန်းကျွန်း အထက(၁) ကျောင်းဝင်းအတွင်း ပေါက်နေသော ပျဉ်းမပင် အခေါင်းပေါက်အတွင်း၌ ပတူကောင်များကို သင်္ဃန်း ကျွန်းမြို့နယ်မီးသတ်စခန်းက ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဇွန် ၁၅ရက် မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အထက(၁) အခြေခံ ပညာအထက်ကျောင်းဝင်းအတွင်း ပေါက်နေသော အမြင့် ၁၅ ပေခန့်ရှိ ပျဉ်းမပင်အခေါင်းပေါက်အတွင်း၌ ပတူကောင်များ အသိုက်တည်နေသဖြင့် ရှင်းလင်းပေးပါရန်နှင့် သင်္ဃန်းကျွန်း မြို့နယ် (င/က)ရပ်ကွက် ပန်းရိုက်လမ်းတွင် ပေါက်နေသော လုံးပတ်ခြောက်ပေ၊ အမြင့် ၁၅ ပေရှိ ညောင်ပင်အခေါင်းအတွင်းမှ ပတူကောင်များထွက်လာပြီး လမ်းသွားလမ်းလာများအား အန္တရာယ်ပေးနေကြောင်း သတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေရှစ်ဦး၊ အရန် ၁၀ ဦး စုစုပေါင်းတပ်ဖွဲ့ဝင် ၁၈ ဦးတို့ဖြင့် ရေဂါလန် ၁၀၀ နှင့် မာလာသီရွန် ပိုးသတ်ဆေးရည်နှင့် မက်နိုဖော့စ် ၅၀ အီးစီးဆေးရည်တို့ကိုအသုံးပြုပြီး ပတူကောင် များအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၈ ရက် ညနေပိုင်းကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၂)ရပ်ကွက်တွင် ပတူကောင်များ အတုပ် ခံခဲ့ရသဖြင့် အသက် (၆၀) အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ သည်။ ဇွန် ၁၂ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၃၃) ရပ်ကွက် ဟန်လင်းလမ်းရှိ နေအိမ်တစ်အိမ်၏ မျက်နှာ ကြက်အတွင်း အုံဖွဲ့နေသည့် ပတူကောင် အသိုက်တွေ့ရှိခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းနှိမ်နင်းခဲ့သည်။
သတင်း – နိုင်ဝင်းစိုး