နေမာအတွက် မက်လောက်သောငွေပေးပါက ပီအက်စ်ဂျီအသင်း ရောင်းထုတ်သွားမည်

ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းသည် ၂၀၁၇ ခုနှစ် ဩဂုတ်လက ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ဘာစီလိုနာထံမှ ၀ယ်ယူခဲ့သော ဘရာဇီးတိုက်စစ်မှူး နေမာကို ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် မက်လောက်သည့် ငွေကြေးပမာဏဖြင့် ကမ်းလှမ်းလာပါက ရောင်းချသွားမည်ဖြစ်ကြောင်း ပြင်သစ်အယ်လ်အီးကွစ်သတင်းစာက ဇွန် ၁၆ ရက်ထုတ် သတင်းစာမျက်နှာဖုံးတွင် ဖော်ပြသွားခဲ့သည်။

အသက် (၂၇)နှစ် ရှိပြီဖြစ်သော နေမာသည် အသင်းဟောင်း ဘာစီလိုနာတွင် ပြန်သွားကစားရန် ချိတ်ဆက်မှုများရှိနေကြောင်းနှင့် ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီကလည်း နေမာနှင့် ပြန်လည်လက်တွဲကစားလိုသည်ဟု ပြောဆိုထားသည်။ ပီအက်စ်ဂျီတွင် ၅၈ ပွဲကစားပြီး ၅၁ ဂိုးအထိသွင်းပေးခဲ့ကာ ယမန်နှစ်ကရာသီတွင် ပြည်တွင်းဖလားနှစ်လုံးစလုံး ရယူပေးနိုင်ခဲ့သည့် နေမာကို ရီးရဲလ်အသင်းနည်းပြ ဇီဒန်းကလည်း ခေါ်ယူလိုနေသည့်အတွက် ပီအက်စ်ဂျီအသင်းက နေမာအတွက် ခေါ်ယူစဉ်ကထက် မနည်းသည့် ဈေးမျိုးဖြင့် ကမ်းလှမ်းလာပါက ယခုနွေမှာပင် ရောင်းချသွားလိမ့်မည်ဟု အယ်လ်အီးကွစ်သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် နေမာသည် ရီးရဲလ်ထက် ဘာစီလိုနာသို့ ပိုမိုပြောင်းရွှေ့ဖွယ်ရှိနေပြီး ရီးရဲလ်ပရိသတ်များသည် နေမာထက် ပီအက်စ်ဂျီမှ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘပ်ပီကိုခေါ်ယူရန် အလိုရှိနေခြင်းကြောင့်အမ်ဘပ်ပီအတွက်သာ ငွေကြေးများစွာ သုံးစွဲဖွယ်ရှိသည်။ နေမာသည် လက်ရှိတွင် ခြေချင်းဝတ်အရွတ်ပြတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူရဦးမည်ဖြစ်သည်။

-Ads-
-Ads-
-Ads-
-Ads-