အင်္ဂလန်အောစတားနှင့် ကမ္ဘာ့လက်ရွေးစင်အောစတား ရန်ပုံငွေပွဲ ပေါင် ခုနစ်သန်းရရှိခဲ့

ဇွန် ၁၆ ရက်ညက ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းတွင်ယူနီဆက်ဖ်၏ Soccer Aid ရန်ပုံငွေဘောလုံးပွဲအဖြစ် အင်္ဂလန်အောစတားအသင်းနှင့် ကမ္ဘာ့အောစတားအသင်းတို့ ချစ်ကြည်ရေးပွဲကစားရာတွင် ကမ္ဘာ့ရန်ပုံငွေအများဆုံးရှာဖွေနိုင်သည့်ပွဲအဖြစ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အင်္ဂလန်ရှိ နယ်ပယ်စုံမှ ကျော်ကြားသူများနှင့် ဘောလုံးသမားဟောင်းများပါဝင်သော အင်္ဂလန်အောစတားအသင်းကို ပီယာ့စ်မော်ဂန်က နည်းပြပြီးကမ္ဘာ့အောစတားအသင်းကို ဟယ်ရီရက်ဒ်နပ်က နည်းပြကာ ဂန္ထဝင်ကစားသမားဟောင်းများစွာလည်း ပါဝင်ကစားသွားခဲ့သည်။ အင်္ဂလန်အောစတားအသင်းအတွက် အဖွင့်ဂိုးကို ပွဲစပြီး မိနစ်၂၀ တွင် ဖော်မြူလာ-၂ အလွတ်တန်း ကားသမား ဂျရယ်မီလင့်ခ်ျက သွင်းယူပြီး နောက်တစ်ဂိုးကိုလည်း ၎င်းကပင်သွင်းယူကာ ကမ္ဘာ့အောစတားအသင်းအတွက်ဂိုးများကို အူစိန်ဘော့က ဂျေမီကာရေဂါ၏ အမှားမှ တစ်ဂိုး၊ love Island ရုပ်သံကြယ်ပွင့် ကမ်စီတီနေးလ်က တစ်ဂိုးသွင်းယူခြင်းကြောင့် ပွဲအပြီးတွင် နှစ်ဂိုးစီသရေကျခဲ့သည်။ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် ကမ္ဘာ့အောစတားအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ ထိုပွဲတွင် ကမ္ဘာကျော်ဘောလုံးသမားဟောင်းများဖြစ်သည့် တယ်ရီ၊ အိုဝင်၊ကာရေဂါ၊ ဂျိုးကိုးလ်၊ ဒရော့ဂ်ဘာ၊ ကာဗယ်လ်ဟို၊ အက်ဆီယန်၊ ကန်တိုနာ၊ ရောဘတ်ပီရက်စ်နှင့် ရော်ဘတ်တိုကားလို့စ်တို့လည်း ပါဝင်ကစားခဲ့ကြသည်။

အဆိုပါ ရန်ပုံငွေပွဲအပြီးတွင် ယူနီဆက်ဖ်အတွက် ရန်ပုံငွေပေါင် ခုနစ်သန်းအထိ ရရှိနိုင်ခဲ့သဖြင့် ရန်ပုံငွေဘောလုံးပွဲများတွင် အလှူငွေ အများဆုံးရှာဖွေပေးနိုင်သည့် ပွဲအဖြစ် စံချိန်တင်နိုင်ခဲ့သည်။