အင်ဒိုနီးရှားတွင် မီးခြစ်ဆံစက်ရုံ မီးလောင်ကျွမ်းမှု လူ ၃၀ သေဆုံး

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမားတြားပြည်နယ်ရှိ မီးခြစ်ဆံထုတ်လုပ်သည့် အသေးစားစက်ရုံတစ်ရုံမှ ဇွန် ၂၁ ရက်တွင် မီးကူးစက်လောင်ကျွမ်းမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် လူနေရပ်ကွက်အတွင်းရှိ ယာယီအဆောက်အအုံ ၌ ဇွန် ၂၁ ရက် မွန်းတည့်ချိန်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူကြီး ၂၇ ဦးနှင့် ကလေးငယ် သုံးဦး သေဆုံးသွားသည်။
မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင် လျက် ရှိသည်။ သေဆုံးသွားသည့် ကလေးငယ်များမှာ အလုပ်သမားများမဟုတ်ကြဘဲ အလုပ်ရုံအနီးတွင် နေထိုင်ကြသည့် ၎င်းတို့မိဘများက လုပ်ငန်းခွင်သို့ ခေါ်ဆောင် လာကြသူများဖြစ်ကြောင်း ဒေသတွင်း ဘေးအန္တရာယ်အေဂျင်စီအကြီးအကဲ အိုင်ရဝန် ဆာဟရီက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် စက်မှုဇုန်ဆိုင်ရာ ဘေးကင်းလုံခြုံမှု နည်းပါးသည့် စံချိန် ရှိနေပြီး ၂၀၁၇ ခုနှစ်ကလည်း ဂျကာတာမြို့ပြင်ရှိ မီးရှူးမီးပန်းစက်ရုံတွင် ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခြင်းကြောင့် အလုပ်သမား ၄၇ ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့သည်။

-Ads-
-Ads-