ရှန်ဟိုင်းရှန်ဟွာမှ မက်မောဖွယ်ရာ ကမ်းလှမ်းမှုကို ဝီလျံ ပယ်ချခဲ့

ချယ်လ်ဆီးအသင်းမှ ဘရာဇီးတိုက်စစ်ကစားသမား ဝီလျံကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာမှ မက်မောလောက်ဖွယ်ရာ လစာနှင့်အခွင့်အရေးများပေးပြီး ကမ်းလှမ်းခဲ့သော်လည်း ဝီလျံဘက်က ငြင်းဆိုခဲ့ပြီး ချယ်လ်ဆီးတွင်ပင် ဆက်လက်တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဘရာဇီးမီဒီယာများက ဖော်ပြနေကြသည်။ ဝီလျံအတွက် ရှန်ဟိုင်းရှန်ဟွာအသင်းသည် တစ်ပတ်လစာ ပေါင် ၂၃၀၀၀၀ပေးပြီး ဒရိုင်ဘာအပါအဝင် ကားနှစ်စီးနှင့် မိသားစုနေထိုင်ရန် တိုက်ခန်းပါငှားပေးမည်ဟု ကမ်းလှမ်းပြီး ခရီးသွားခြင်းများတွင်လည်း လေယာဉ်လက်မှတ်ပါ စီစဉ်ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

ချယ်လ်ဆီးနှင့်တစ်နှစ်စာချုပ်သာကျန်ရှိတော့သည့် အသက် (၃၀) ရှိပြီဖြစ်သော ဝီလျံသည် ချယ်လ်ဆီးတွင် ချမှတ်ထားသည့် အသက် (၃၀) ကျော် ကစားသမားများကို ကာလတိုသာ စာချုပ်သက်တမ်းတိုးသောမူအရ နှစ်ရှည်စာချုပ်တိုးနိုင်မည်မဟုတ်သော်လည်း လက်ရှိအခြေအနေတွင် ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့လှုပ်ရှားခွင့် ပိတ်ပင်ခံထားရခြင်းနှင့် ယူရိုပါလိဂ်ဖလားရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့် အနေအထားကြောင့် လန်ဒန်တွင် အခြေကျနေပြီဖြစ်သော မိသားစုကို တရုတ်နိုင်ငံသို့ ခေါ်သွားခြင်းမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်မဟုတ်နိုင်ဟု ဝီလျံကခံယူပြီး ချယ်လ်ဆီးတွင်သာ ဆက်နေသွားရန် ဆုံးဖြတ်ခဲ့သည်ဟု ဘရာဇီး သတင်းဌာနဖြစ်သော ယူအိုအယ်လ်အက်စ်ပေါ်တီက ရေးသားဖော်ပြသွားခဲ့သည်။