ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြား ဥယျာဉ်နှစ်ခုကို လမ်းကြားကြေးချွတ်ပွဲ ပြုလုပ်

ဓာတ်ပုံ - အိဟေမာ

ပန်းဘဲတန်းမြို့နယ်မှ နေထိုင်သူများ၊ စေတနာ့လုပ်အားပေးများနှင့် ဒို့အိမ်တို့က ဦးဆောင်၍ ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားဥယျာဉ်နှစ်ခုအား လမ်းကြားကြေးချွတ်ပွဲကို ဇွန် ၃၀ရက် ညနေ ၃ နာရီက အဆိုပါ နေရာတို့တွင် ပြုလုပ်ခဲ့သည်။

ဒို့အိမ်က လမ်းကြားကြေးချွတ် ရေရှည်ထိန်းသိမ်းရေး လှုပ်ရှားမှုအစီအစဉ်အဖြစ် ရန်ကုန်မြို့ရှိ လမ်း ၃၀၊ ၃၂ လမ်း နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ၃၁ လမ်း၊ ဗိုလ်ဆွန်ပက်လမ်း နောက်ဖေးလမ်းကြားဥယျာဉ်တို့တွင် သန့်ရှင်းရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘အခု ကြေးချွတ်ပွဲလုပ်တဲ့ လမ်းနှစ်လမ်းက လွန်ခဲ့တဲ့၂၀၁၇ ခုနှစ်ကတည်းက လုပ်ခဲ့တာဆိုတော့ နောက်ဖေးလမ်းကြား ဥယျာဉ်ရှစ်ခုပြီးသွားတဲ့အခါမှာ အစောပိုင်းကလုပ်သွားတဲ့ နောက်ဖေးလမ်းကြား ဥယျာဉ်တွေကို ထိန်းသိမ်းမှုလုပ်နေတာရှိတယ်။ ဒီတစ်ခေါက်မှာ စေတနာ့လုပ်အားပေးသူ အယောက်၂၀ လောက် ဖိတ်ခေါ်ထားတယ်။ ရပ်ကွက်နေပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်တာဖြစ်ပါတယ်။ ဒီလမ်းကြားနှစ်ခုက ၂၀၁၇ ခုနှစ်ကတည်းက လုပ်တာဖြစ်တဲ့အတွက် လမ်းကြားထဲက ဆေးပန်းချီတွေက ဖုန့်မှုန်နဲ့ သဲတွေကို သေချာသန့်စင်တယ်။ ချောတဲ့နေရာတွေကို ဆေးကြောတယ်။ အမှိုက်တွေရှိလည်း ကောက်သွားမယ်။ ဒီလမ်းတွေက ရပ်ကွက်နေပြည်သူတွေက ပုံမှန်သန့်ရှင်းရေးလုပ်နေတာရှိတဲ့အတွက် ညီမတို့က လူအင်အား အရမ်းသုံးစရာမလိုဘူး။ နည်းနည်းလောက်ပဲလုပ်တယ်’ဟု ဒို့အိမ်မှ Communications Officer မအေးမြတ်သူက ပြောဆိုသည်။

-Ads-
-Ads-

အဆိုပါလမ်းကြားကြေးချွတ်ပွဲ လှုပ်ရှားမှုတွင် ရပ်ကွက်အတွင်း နေထိုင်သူများနှင့် ကော်မတီအဖွဲ့တို့က ဦးဆောင်၍ စေတနာ့လုပ်အားပေးသူ ၂၀ ကျော်နှင့် ဒို့အိမ်မှ ဝန်ထမ်းတို့ ပူးပေါင်းပြီး လူဦးရေ ၃၀ ကျော် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘လွန်ခဲ့တဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်က ရှုပ်ပွနေတဲ့လမ်းကြားကို ကျွန်တော်တို့က ဒို့အိမ်အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သန့်ရှင်းရေးလုပ်တယ်။ ဥယျာဉ်လေးဖန်တီးပြီးတော့၊ ကလေးကစားကွင်းလေး ဖန်တီးထားတော့ ဖန်တီးမှုလေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းလာတဲ့အတွက် အောင်မြင်တယ်။ မိုးတွင်းမှာ အမှုမဲ့အမှတ်မဲ့ ထပ်ကျတဲ့ အမှိုက်တွေကို ဒို့အိမ်က သန့်ရှင်းရေး ပြန်လည်ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတဲ့သဘောပါ။ ဒီပွဲမှာ ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူတွေလည်း အယောက် ၂၀ လောက် ပါဝင်ဆောင်ရွက်ပါတယ်’ဟု ပန်းဘဲတန်းမြို့နယ် အမှတ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းမော်က ပြောဆိုသည်။

ရန်ကုန်မြို့အတွင်း ဒို့အိမ်မှ ပံ့ပိုးမှုဖြင့် နောက်ဖေးလမ်းကြား ဥယျာဉ်များ ဆောင်ရွက်လာသည်မှာ နှစ်နှစ်အတွင်း ရှစ်ခုရှိကြောင်း၊ ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများကို အနာဂတ်တွင် ပျော်ရွှင်စရာ ကွန်ရက်တစ်ခုသဖွယ် ဖြစ်လာစေခြင်းဖြင့် မြို့လယ်နေရာ အနှံ့အပြားတွင် နေရာများဖန်တီးကာ ရန်ကုန်မြို့ နေထိုင်သူများအား တန်ဖိုးရှိသော လူမှုဘ၀နှင့် မြို့တော်ပုံရိပ်များ အထောက်အကူဖြစ်လာစေရန် ရည်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – အိဟေမာ

-Ads-
-Ads-