ဖျာပုံတွင် ထီဆယ်သိန်းဆုပေါက်သည်ဆိုကာ ကျောင်းထိုင်ဘုန်းကြီးကို လိမ်လည် ဆရာတော်ထံမှ ဘဏ်စာအုပ်နှင့် ငွေသိန်း ၂၀ ကျော် ခိုးယူထွက်ပြေးစဉ် ဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံ ရန်ကုန်မြို့မှ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးပါဝင်သော အဖွဲ့ကလာရောက်၍ ထီကျပ် ၁၀ သိန်းဆုပေါက်သည်ဟု လိမ်လည်ကာ ဆရာတော်ထံမှ ဘဏ်စာအုပ်သုံးအုပ်နှင့် ငွေကျပ် သိန်း ၂၀ကျော် ခိုးယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းမှသိရသည်။

ထီကျပ် ၁၀ သိန်းဆုပေါက်သည်ဟုဆိုကာ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် ဇမ္ဗူရာဇ်ရွှေစင်လမ်းနေ ဒေါ်စန်းစန်းငြိမ်း (၄၆)နှစ်၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက် ဓမ္မာရုံလမ်းနေ မဆွေဆွေထိုက် (၃၆)နှစ်၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ကန်ဦးလမ်းနေ မညိုညို (၂၃)နှစ်၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် မာဃလမ်းနေ ယာဉ်မောင်းဇော်ဇော်ဝင်းတို့ လေးဦးသည် ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာ ဘုန်တော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝါသ၀ထံသို့ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း၊ ထီကျပ် ၁၀ သိန်းဆုပေါက်သည်ဟုဆိုကာ ဆရာတော်အလစ်တွင် သီးသန့်အခန်းထဲမှ ဆရာတော်၏ ဘွဲ့အမည်ပါ KBZ ဘဏ် ငွေစုစာအုပ်တစ်အုပ်၊ မြန်မာ့စီးပွားရေးဘဏ် ငွေစုစာအုပ်တစ်အုပ်၊ CB ဘဏ် အချိန်ပိုင်းအပ်ငွေစာရွက်၊ ဦးဝါသ၀အမည်ပါ နိုင်ငံကူးလက်မှတ်စာအုပ်တစ်အုပ်၊ ၁၄/ဖပန(သ)၀၀၀၃၆၈ ဦးဝါသ၀ဘွဲ့တော်ပါ သာသနာစိစစ်ရေးကတ် တစ်ကတ်နှင့် ငွေကျပ် သိန်း ၂၀ ကို ခိုးယူထွက်ပြေးသွားကြောင်း၊ ထိုသို့ထွက်ပြေးရာ ဆရာတော်ဦးဝါသ၀က ကျောင်းပေါ်မှဆင်းလာပြီး ထိုသူများအားဖမ်းပေးရန် ကျောင်းတွင် ပန်းရန်လုပ်သူများနှင့် သလိပ်ကြီးကျေးရွာမှ ဒါယကာ၊ ဒါယိကာမများက ဝိုင်းဝန်းဖမ်းဆီးကြရာ ခိုးသူအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့မှာ ကားဖြင့်မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖျာပုံမြို့မရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားခဲ့သည်။

ဖျာပုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်ဟိန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သလိပ်ကြီးအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းနှင့် ဆရာတော်၏တပည့်များက မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးရာ ကျိုက်လတ်မြို့နယ် ဘုံလုံချောင်း တံတားအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သလိပ်ကြီးဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့အတွင်းရေးမှူးဦးမြင့်စိန်က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဒေါ်စန်းစန်းငြိမ်းပါ လေးဦးအား ဖျာပုံ မြို့မရဲစခန်းက (ပ)၈၄၄/၂၀၁၉၊ ပြစ်မှု ဥပဒေပုဒ်မ-၃၈၀ ဖြင့် အမှုရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-Ads-
-Ads-

သတင်း- နိုင်ဝင်းစိုး
ဓာတ်ပုံ – AWN

-Ads-
-Ads-