သရုပ်ဆောင် မေမြင့်မိုရ်နှင့်တွေ့ဆုံခြင်း

“ပုဂံမှာရှိသမျှ အားလုံးကိုကြိုက်တယ်”

ပုဂံမြို့သူ ဇာတ်လမ်းတွဲဖြင့် ပုဂံဒေသသို့ သွားရောက်၍ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ဖူးသည့် သရုပ်ဆောင် မေမြင့်မိုရ်နှင့်တွေ့ဆုံခိုက် ပုဂံဒေသနှင့် ပတ်သက်သည့် အမှတ်တရများ၊ ပုဂံအစားအစာ ၊ နေရာဒေသများနှင့်စပ်လျဉ်း၍ ဖြေကြားထားသည်များကို ဖော်ပြပေးလိုက်သည်-

မေး – ပုဂံဒေသကို ကမ္ဘာ့အမွေ့အနှစ်စာရင်းထဲ အသိအမှတ် ပြုခြင်းခံရတဲ့အပေါ် အနုပညာသည်တစ်ယောက်ရဲ့ ခံစားချက်ကို ပြောပြပေးပါ။

ဖြေ – ဝမ်းသာပါတယ်။ ဒါက အရင်ကတည်းက ဖြစ်စေချင်တဲ့ ဆန္ဒလေးပဲပါ။ အခုလိုမျိုးဖြစ်သွားတဲ့အတွက် ပုဂံဘုရားတွေ၊ ပုဂံစေတီတွေအားလုံးအတွက် ထိန်းသိမ်းတဲ့အခါမှာ ပိုပြီးအကျိုးရှိတယ်။ အရမ်းလည်း ပျော်တယ်။ အခုလိုမျိုး ကမ္ဘာကပါ အသိအမှတ်ပြုခံရတဲ့အတွက် ညီမကတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။

မေး – ပုဂံဘုရားတွေနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုခု ရှိခဲ့ဖူးလား။

ဖြေ – ပုဂံဘုရားတွေနဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင် ပုဂံမြို့သူဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီး သရုပ်ဆောင်ခဲ့ရတာက တကယ့်ကို ဘ၀မှာအမှတ်တရပါပဲ။ ပုဂံမှာ အကြာကြီးနေပြီး ရိုက်ခဲ့ရတဲ့ ဇာတ်ကားဆိုတော့ ဒါက ဘ၀မှာ တကယ့်အကြီးမားဆုံး အမှတ်တရပါပဲ။ ညီမကိုယ်တိုင်လည်း မြို့တွေအားလုံးထဲမှာ ပုဂံမှာနေရတာကို အရမ်းချစ်တယ်။ ကြိုက်လည်း ကြိုက်တယ်။ တစ်သက်လုံးနေရမယ်ဆိုရင်တောင် နေချင်တယ်။ တစ်သက်လုံးနေသင့်တဲ့ မြို့လေးပါပဲ။

မေး – ပုဂံဒေသကို ဘာလို့ ဒီလောက်နှစ်သက်သဘောကျတာလဲ။ ဘယ်လိုအရာ တွေကြောင့်လဲ။

ဖြေ – ပုဂံက ညီမအတွက် ဘယ်လိုအရာဆိုတာထက် ပုဂံဆိုတာနဲ့ကို ညီမအတွက် တော်တော်ပြည့်စုံနေပါပြီ။ ရှေးဟောင်းအမွေအနှစ်တွေကို ညီမသဘောကျတယ်။ ပုဂံဒေသရောက်သွားရင်ကို ခံစားချက်က စိတ်ထဲမှာ အရမ်းကိုနွေးထွေးတယ်။ အေးချမ်းတယ်။ အဲဒီခံစားချက်ကို ကြိုက်တယ်။ ပုဂံဘုရားတွေအားလုံးကို ကြည့်နေရတဲ့ စိတ်ခံစားချက်ကိုလည်း သဘောကျတယ်။ တန်ဖိုးလည်းထားတယ်။ မြတ်လည်း မြတ်နိုးတယ်။ အစားအသောက်ဆိုရင်လည်း ပုန်းရည်ကြီးကို ကြိုက်တယ်။ ထမင်းလည်း မြိန်တယ်ဆိုတော့ တော်တော်ကြိုက်တယ်။ ပုဂံကိုတော့ တော်တော်ကြိုက်တယ်။ ပုဂံမှာရှိသမျှ အရာ အားလုံးကို ကြိုက်တယ်။

မေး – ပုဂံနဲ့ပတ်သက်လို့ပရိသတ်ကို ပြောချင်တာများ ရှိဦးမလား။

ဖြေ – မြန်မာနိုင်ငံအတွင်းမှာ ပုဂံကို မရောက်ဖူးသေးတဲ့သူတွေလည်း ရှိနိုင်တယ်ဆိုတော့ သူတို့ကိုပြောချင်တာက သွားရောက်ပြီး ပုဂံဘုရားတွေကို ဖူးမြော်ကြပါလို့ ပြောချင်တယ်။ အရမ်းကို တန်ခိုးကြီးမားတဲ့ ဘုရားတွေလည်း ရှိပါတယ်။ ပုဂံဒေသကိုရောက်တဲ့အခါ တကယ့်ကို ခံစားချက်လေးကအရမ်းကို အေးချမ်းပြီး နွေးထွေးစေပါတယ်။ အဲဒါကြောင့် သွားရောက်ပြီး ဘုရားဖူးကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဓာတ်ပုံ – မေမြင့်မိုရ်ဖေ့စ်ဘွတ်ခ်

နှင်းစုမွန်တွေ့ဆုံသည်