ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၅၀၀၀၀ ကျော်ရှိလာ၊ နာမကျန်းဖြစ်နေသူများပြားနေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်ဦးရေး ၅၁၈၄၅ ဦးအထိရှိလာပြီး ဇူလိုင်အထိ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ စစ်ဘေးဒုက္ခသည်စခန်းများတွင် ကျန်းမာရေးချို့ယွင်းမှုများ အများအပြားဖြစ်ပေါ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ သိရသည်။

‘စစ်ဘေးရှောင်တွေအတွက် စားရေးသောက်ရေးနေရာ အခက်အခဲရှိတယ်။ နွေရာသီတုန်းက ပူပြင်းတဲ့ဒဏ်ကို သူတို့ခံခဲ့ရတယ်။ အခု မိုးရာသီကျတော့ ပိုဆိုးသွားတယ်။ မိုးရာသီကာလမှာ ယာယီအဆောင်တွေက မရသေးဘူး။ ယခင်နွေရာသီတုန်းက ဆောက်ထားတဲ့ နေရာမှာပဲ ဆက်ပြီးနေကြတယ်။ တချို့နေရာတွေမှာဆိုရင် ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့မှာနေကြတယ်။ အခုကျတော့ နေရာတွေက အဆင်မပြေတော့ဖြစ်သလို အဆောက်အအုံတို့၊ ဓမ္မာရုံတို့မှာ နေကြရတယ်။ အဲဒီတော့သွားရေးလာရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေးကအစ မိုးရာသီကာလဆိုတော့ ဒုက္ခတွေက အများကြီးရောက်နေကြတယ်။ အဲဒီတော့ ကျန်းမာရေးထိခိုက်မှုတွေက နေရာတိုင်းလိုလိုမှာ ဒုက္ခတွေရောက်နေကြရတယ်။ သူတို့အတွက် ဆေးကုသမှု အခက်အခဲတွေရှိနေတယ်’ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးဥက္ကဋ္ဌ ဦးရွှေဘော်စိန်က စံတော်ချိန်သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် စစ်ဘေးရှောင်နေရသူ စုစုပေါင်း ဒုက္ခသည်အရေအတွက် ၅၁၈၄၅ ဦးရှိနေပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသူဦးရေ စုစုပေါင်း၂၂၁၄၂ ဦး ရှိနေကာ စစ်ဘေးရှောင်စခန်းတွင်မရှိဘဲ စခန်းပြင်ပရောက်ဦးရေ စုစုပေါင်း ၂၉၇၀၃ ဦးရှိနေပြီး စစ်ဘေးရှောင်ဒုက္ခသည် တော်တော်များများသည် နီးစပ်ရာကျေးရွာများရှိ စခန်းများ၌ နေထိုင်နေရကြောင်း သိရသည်။

-Ads-
-Ads-

စစ်ဘေးရှောင် စခန်းအားလုံးတွင် နေမကောင်းဖြစ်နေသူ ၇၀၀ခန့် ရှိနေကြောင်း၊ ၎င်းအရေအတွက်၏ သုံးပုံ နှစ်ပုံခန့်သည် (၁၀) နှစ်အောက် ကလေး များဖြစ်ကြကြောင်း၊ မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်အတွင်းရှိ စခန်း ခုနစ်ခုတွင်ပင် နေမကောင်းဖြစ်နေသူ ၁၇၁ဦး ရှိနေကြောင်း၊ ဖျားနာသူ ၁၀၆ဦး၊ အအေးမိချောင်းဆိုးသူ ၃၉ ဦး၊ ခေါင်းကိုက်ခေါင်းမူး ခံစားနေရသူ ခုနှစ်ဦး၊ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေသူ ရှစ်ဦးနှင့် အရေပြားရောဂါ စသည်ဖြင့် အခြားရောဂါ ခံစားနေရသူ ၁၁ ဦးရှိကြောင်း၊ ကျောက်တော်မြို့နယ်ရှိ စခန်းများတွင်လည်း ဖျားနာ၊ ချောင်းဆိုးနှင့် အရေပြားရောဂါ အဖြစ်များနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားနေရခြင်းသည် မိုးသည်းထန်စွာရွာသွန်းပြီး စိုစွတ်နေသည့် အချိန်များပြားခြင်း၊ အစာအာဟာရမပြည့်ဝခြင်း၊ အအိပ်အစားမမှန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကောင်းမွန်သည့် ဆေးဝါးကုသမှုမရသလောက်ဖြစ်နေခြင်းတို့ကြောင့် ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည် စခန်းအားလုံးနှင့် စစ်ဘေးသင့်သည့် ကျေးရွာများအားလုံးရှိ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာများလိုအပ်နေကြောင်း၊ နေထိုင်ရေးအတွက် အဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ထောက်ပံ့ပေးနိုင်ရန် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ သိရသည်။

သတင်း- စည်သူဟိန်း

-Ads-
-Ads-