ကြို့ပင်ကောက်တွင် လယ်ဧက ၁၀၀ သွားရာလမ်းအား မြောင်းတူး၊ ခြံခတ်ပိတ်ဆို့ထားမှု အမြန်ဆုံးပြန်ဖွင့်ပေးရန် မကျီးကုန်းကျေးရွာ လယ်သမားကိုယ်စားလှယ်များ သတင်းစာရှင်း

ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာအုပ်စု မကျီးကုန်းကျေးရွာမှ လယ်ဧက ၁၀၀ ခန့် သွားရာလမ်းအား စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးက မြောင်းတူးပိတ်ဆို့ ခြံခတ်ထားခြင်းအပေါ် အမြန်ဆုံးလမ်းပြန်ဖွင့်ပေးရန် မကျီးကုန်းကျေးရွာမှ လယ်သမားကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အိုလံပစ်တာဝါ (၁၂ )လွှာရှိ Myanmar Press Freedom Center ၌ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ‘လယ်ဧက ၁၀၀ ခန့် သွားရာလမ်းအား စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးက မြောင်းတူး ပိတ်ဆို့ ခြံခတ်ထားခြင်းအပေါ် အရေးယူ ဆောင်ရွက်ပေးခြင်းမရှိ’ ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘ကျွန်တော်တို့ လယ်ဧက ၁၀၀ ကို သွားဖို့က အဲဒီတစ်လမ်းပဲ ရှိတယ်။ အဲဒီလမ်းကို အခု ကန်တူးထားတော့ ကျွန်တော်တို့မှာ သွားစရာလမ်းမရှိဘူး။ နွေစပါးရိတ်တဲ့အချိန်ဆိုလည်း လူတွေနဲ့သယ်ပြီး တာပေါ်ရောက်မှ စက်တွေနဲ့ခြွေရတယ်။ အခုဆိုလည်း အနောက်ဘက်မှာရှိတဲ့ လယ် တချို့တစ်ဝက်က မထွန်ရသေးဘူး။ ထွန်ထားတဲ့ဟာတွေလည်း လူ မ,ရွှေ့လို့ရတဲ့စက်ကလေးတွေနဲ့ပဲ မ,ရွှေ့ဖြစ်သလို ထွန်ပြီးလုပ်ရတယ်။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ မြေစာရင်းရယ်၊ စိုက်ပျိုးရေးရယ်၊ လွှတ်တော်အမတ်ရယ် တိုင်စာပို့ခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး။ ၀န်ကြီးချုပ်ဆီ ထပ်တင်တဲ့ဟာလည်း ဒီနေ့ထိတိုင်ဘာမှမလုပ်ပေးဘူး။ အခု သတင်းစာရှင်းလင်းပွဲလုပ်ပြီးမှ ဘာမှမလုပ်ပေးဘူးဆို နိုင်ငံတော်သမ္မတဆီဆက်ပြီး တင်သွားမယ်။ သမ္မတက ဘာမှဆက်ပြီး မလုပ်ပေးဘူးဆို ကျွန်တ်ာတို့ လယ်သမား ၁၀ ဦးက ဦးဆောင်ပြီးတော့ ကြို့ပင်ကောက်မှာ ဆန္ဒပြသွားမှာပါ’ ဟု မကျီးကုန်းကျေးရွာမှ လယ်သမားကိုယ်စားလှယ် ဦးအောင်မြင့်ဦးက ပြောဆိုသည်။

-Ads-
-Ads-

လွန်ခဲ့သည့်နှစ်ပေါင်း(၅၀)ကျော်ခန့်ကပင် တောင်သူအဆက်ဆက် လယ်မြေချိတ်ဆက်လမ်းအဖြစ် အသုံးပြုခဲ့သည့် လမ်းကို ပိတ်ဆို့ကာရံ၍ ပေ၂၀ ပတ်လည် ရေကန်တူးခြင်း၊ မြေဖို့ခြင်း၊ ပိတ်ဆို့ခြင်းများ ပြုလုပ်သဖြင့် လယ်ယာမြေသွားလမ်း၊ ကျွဲနွားများနှင့် ထွန်စက်ဝင်လမ်း၊ မျိုးစပါးနှင့် လယ်ယာထွက်သီးနှံများ သယ်ယူရာတွင် အခက်အခဲဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

‘လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဝယ်ထားခဲ့တာ။ လမ်းပိတ်တယ် ဟိုတိုင် ဒီတိုင်ပြောနေတဲ့ လူတွေဆီကပဲ ဝယ်ခဲ့တာ။ ဝယ်တဲ့အခါကလည်း မျက်နှာစာအပြည့် ပြောတဲ့ဈေးနဲ့ဝယ်ခဲ့တာ။ ဟိုနေရာ မပါဘူး၊ ဒီနေရာမပါဘူး မပြောခဲ့ဘူး။ ကျွန်မတို့နှစ်ခြံကျော်မှာလည်း လမ်းရှိပါတယ်။ ဝင်လို့ရပါတယ်။ သွားလမ်းချန်ချင်ရင်လည်း ခြမ်းရောင်းပေါ့။ ကိုအေးစံနေရာက ပထမကတော့ အဝင်အထွက် ပေးလုပ်နေတာပါ။ လယ်ထွန်စက်တွေ ဝင်လို့၊ ချိုင့်တွေဖြစ်လို့ သူလည်းကန်တူးပြီး တစ်ခုခုလုပ်မလို့ဖြစ်မှာပါ’ဟု လုပ်ငန်းရှင်ဦးစောသိန်း၏ဇနီး ဒေါ်စန်းစန်းဌေးက ပြောဆိုသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထား၍ ခြံစည်းရိုးခတ်ခြင်း၊ အခြား အဆောက်အအုံများ ဆောက်လုပ်သွားလျှင် ၎င်းနောက်တွင်ရှိသော လယ်ယာမြေများသည် သွားစရာလမ်း မရှိတော့သဖြင့် သီးနှံမစိုက်ဘဲ လွှတ်ထားရမည့် အခြေအနေ ဖြစ်နေသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးအောင်မြင့်ဦးက ပြောဆိုသည်။

သတင်း- ဝေယံဟိန်း

-Ads-
-Ads-