တရုတ်နိုင်ငံသားများ မြန်မာအမျိုးသမီးများကို ငွေကြေးအမြောက်အမြားပေး၍ စုဆောင်းလာဟုဆို

တရုတ်နိုင်ငံသားများ ကိုယ်တိုင်မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်၍ အမျိုးသမီးများကို ငွေကြေးအမြောက်အမြားပေး၍ စုဆောင်းလာသည်ကို တွေ့ရှိရကြောင်း ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ဇူလိုင် ၁၀ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော ဝန်ဆောင်မှုပေးသူများအတွက် လူကုန်ကူးမှုနှင့်သက်ဆိုင်သောဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘တရုတ်နိုင်ငံသားတွေကိုယ်တိုင် မြန်မာပြည်ထဲကို ဝင်ပြီးတော့၊ Recruit လုပ်ပြီးတော့ မိဘတွေဆီမှာ သိန်း ၃၀၊ ၄၀နဲ့ တင်တောင်းပြီးတော့ လုပ်လာတဲ့အထိ ဖြစ်လာတယ်။ တရားဝင်ပတ်စ်ပို့တွေ ကိုင်လာတယ်။ ရင်းနှီးမှုရအောင်ယူတယ်။ ပြီးရင်ငွေကြေးအမြောက်အမြားပေးပြီး တင်တောင်းသွားတယ်’ ဟု ဦးဝင်းနိုင်ထွန်းက ပြောဆိုသည်။

-Ads-
-Ads-

ထို့ပြင် INGO အဖွဲ့များ၏ စစ်တမ်းများအရ သိန္နီမြို့တွင် တရုတ်နိုင်ငံသားများက အမျိုးသမီးငယ်များကို ကျပ်သိန်း ၃၀၊ ၄၀ ခန့်ဖြင့် တင်တောင်းနေသည့် အနေအထားများကို တွေ့ရှိရကြောင်း ၎င်းက ပြောဆိုသည်။

ထိုသို့သော ကိစ္စရပ်များသည် ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းရမည့်ကိစ္စရပ်များဖြစ်ပြီး လူကုန်ကူးသည့်ပုံစံများ၊ လူကုန်ကူးသူများ၏ နည်းလမ်းများ၊ လူကုန်ကူးခံရသူများ၏ ပုံစံများသည်လည်း ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲလာကြောင်း သိရသည်။

‘အဲဒီတော့ လူကုန်ကူးမှုက ဘာကြောင့်ဖြစ်လည်းဆိုရင် လူကုန်ကူးတဲ့သူတွေရှိလို့ဖြစ်တယ်။ လူကုန်ကူးတဲ့သူတွေကို အရေးယူဖို့ အဓိကသက်သေက လူကုန်ကူးခံရသူတွေဖြစ်တယ်။ ဒါကြောင့်မို့ တရားစွဲဆိုတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ တရားရေးက အောင်မြင်မယ်။ လူကုန်ကူးတဲ့သူတွေကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ပြီး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်’ဟု ဦးဝင်းနိုင်ထွန်းက ပြောဆိုသည်။

ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် လူကုန်ကူးခံရသူများသည် အဓိကကျပြီး လူကုန်ကူးခံရသူများကို ဗဟိုပြုသောချဉ်းကပ်သည့် နည်းလမ်းဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

‘လက်ရှိ Current ဖြစ်နေတဲ့အနေအထားမှာဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းလူကုန်ကူးမှုကနေ တဖြည်းဖြည်းမြင့်တက်နေတယ်။ ဖျာပုံဘက် တွေမှာရှိတဲ့ ငါးဖမ်းစက်လှေပေါ်မှာ လုပ်အားခေါင်းပုံဖြတ်တဲ့ ကိစ္စရပ်တွေရှိနေတယ်။ နောက်ပြည်တွင်းထဲမှာပဲ ရွှေ့ပြောင်းအလုပ်သမားတွေ သွားပြီးတော့ ရွှေတွင်းတွေ၊ ပယင်းမှော်တွေ၊ ကျောက်စိမ်းထွက်တဲ့ နေရာတွေ ဒီမှာတွေလည်း လုပ်အားခေါင်းပုံဖြတ်ခံရတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်’ဟု ဦးဝင်းနိုင်ထွန်းက ပြောဆိုသည်။

ထို့ပြင် လူကုန်ကူးမှုနှင့်ပတ်သက်သည့် နှစ်ချုပ်စာရင်းများတွင်လည်း တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားခြင်းခံရသည့် အမှုများ မြင့်တက်လျက်ရှိကြောင်းသိရသည်။

‘နောက်ပိုင်းတရုတ်ဘက်မှာဆိုရင် ကလေးရမှ။ ကလေးမရတဲ့သူဆိုရင် ပြန်ပြီးတော့ အမျိုးမျိုး အကြောင်းမဲ့နှိပ်စက်တာတို့ ဒါမျိုးတွေလုပ်လာတဲ့အတွက် ကလေးရဖူးတဲ့သူတွေကို လူကုန်ကူးတဲ့သူတွေက ထပ်ပြီးတော့ Recruit လုပ်လာတယ်။ ဒါတွေက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတယ်။ ကလေးမွေးဖူးတဲ့သူတွေ အဲဒါမျိုးတွေကို ထပ်ပြီးစုကြတယ်’ဟု ဦးဝင်းနိုင်ထွန်းက ပြောဆိုသည်။

သတင်း/ဓာတ်ပုံ – မင်းမင်းထွန်း

-Ads-
-Ads-