မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းထားရန် အမေရိကန်မျှော်လင့်လျက်ရှိ

နျူကလီးယား စွန့်လွှတ်ရေးလုပ်ငန်းစဉ် စတင်မှုအဖြစ် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းထားခြင်းကိုမြင်တွေ့ရန် မျှော်လင့်ကြောင်း ယခုလအတွင်း မြောက်ကိုရီးယားနှင့်အတူ ဖြစ်နိုင်ဖွယ်ရှိသည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထားသည့် စစ်မဲ့ဇုန်၌ ဇွန်လကုန်ပိုင်းတွင် မထင်မှတ်ဘဲ အံ့အားသင့်ဖွယ်တွေ့ဆုံခဲ့ကြပြီး ဖေဖော်ဝါရီလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီးနောက် ရပ်တန့်နေသည့် လုပ်ငန်းဖော်ဆောင်ရေးအဆင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။

နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများသည် ဇူလိုင်လအတွင်းဖြစ်ဖွယ်ရှိပြီး လာမည့်နှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောဆိုသည်။

-Ads-
-Ads-

မြောက်ကိုရီးယားကို နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံအဖြစ်လက်ခံပြီး နျူကလီးယားအပြီးတိုင် စွန့်လွှတ်ခြင်းထက် နျူကလီးယားအစီအစဉ်ကိုရပ်ဆိုင်းရေး ညှိနှိုင်းမှုများကို လုပ်ဆောင်ရန် အမေရိကန်တာဝန်ရှိသူများအကြား ဆွေးနွေးနေကြကြောင်း နယူးယောက်တိုင်းမ် သတင်းဌာန၏ ဖော်ပြချက်ကို အမေရိကန်အစိုးရက ငြင်းဆိုသည်။

နျူကလီးယားအစီအစဉ်ရပ်ဆိုင်းခြင်းဆိုသည်မှာ အဆိုပါလုပ်ငန်းစဉ်၏ ဆုံးဖြတ်ချက်လုံးဝမဟုတ်သလို လုပ်ငန်း စဉ်၏ အဆုံးသတ်လည်း လုံးဝမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်ဂန်ဂတ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုသည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်ကတည်းက နျူကလီးယားဗုံးနှင့် ဒုံးပျံစမ်းသပ်ခြင်းများကို ရပ်ဆိုင်းထားသည်။ သို့သော် မြောက်ကိုရီးယားသည် ဗုံးလောင်စာနှင့် ဒုံးပျံများကို ဆက်လက်ထုတ်လုပ်ခြင်းဖြင့် ၎င်း၏လက်နက်များကို တိုးချဲ့ထုတ်လုပ်နေသည်ဟု အမေရိကန်တာဝန်ရှိသူများက ယုံကြည်နေကြပြီး ယင်းသို့ထုတ်လုပ်မှုများ ရပ်ဆိုင်းခြင်းကိုလည်း မြင်တွေ့ရန် စိတ်အားထက်သန်နေကြသည်။

-Ads-
-Ads-