သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် တွေ့ဆုံခြင်း

“ဇာတ်ကားရိုက်တဲ့အချိန်မှာတော့ ကြောက်တဲ့ဟာမျိုးတော့ဖြစ်တယ်”

မကြာမီ ရုံတင်ပြသတော့မည့် ‘ကြိမ်နှုန်း’ ရုပ်ရှင်ဇာတ်ကားသည် ထိတ်လန့်ချောက်ချားစရာပုံစံမျိုး ရိုက်ကူးထားသည့် ဇာတ်လမ်းပုံစံမျိုးဖြစ်သည်။ ယခုဇာတ်ကားမှာ အခြားသောဇာတ်ကားများနှင့် မတူဘဲ ၁၉၁၃ ခုနှစ်က အမျိုးသမီးကာရိုက်တာပုံစံဖြင့် ပါဝင်သရုပ်ဆောင်ထားကြောင်း သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပြောသည်။ ဇာတ်ကားနှင့်ပတ်သက်၍ အမှတ်တရ များစွာရှိခဲ့ပြီး ချောက်ချားသည့် ခံစားမှုများလည်းရှိခဲ့ကြောင်း သိရသည်။ ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ၎င်း၏အတွေ့အကြုံခံစားမှုပုံစံများ၊ ဇာတ်ကားအကြောင်း ဖြေကြားထားသည်များကို ဖော်ပြပေးလိုက်ပါသည်-

မေး – ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်ပုံလေးကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ – အဓိကကတော့ ဇာတ်လမ်းကို ဖတ်ကြည့်လိုက်တဲ့အချိန်မှာ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတယ်။ အဲဒါကို သဘောကျတယ်။ ဇာတ်လမ်းကြိုက်တယ်။ နောက်တစ်ခုကတော့ ဒီထဲမှာပါတဲ့ အနုပညာရှင် အသစ်လေးတွေလည်းများတယ်။ သူတို့တွေကို အစ်မတို့အနေနဲ့အတူ လက်တွဲပြီး ဒီထဲကနေပြီးတော့ အိုက်တင်ပိုင်း တကယ်ကြိုးစားပြီး အရည်အချင်းရှိတဲ့သူတွေလည်း ဖြစ်လာနိုင်မယ်ဆိုတော့ အဲဒီလိုမျိုးမျှော်လင့်ချက်တွေနဲ့ အစ်မဘယ်လိုပဲဖြစ်ဖြစ် အားလုံးနဲ့ လက်တွဲပြီး အတူတူလုပ်ချင်တယ်။ အဲဒီလိုမျိုး မျှော်လင့်ချက်လေးတွေလည်းပါတယ်။ နောက်တစ်ခုကကျတော့ ဒီဇာတ်ကားကိုစပြီးတော့ လာငှားကတည်းက ထုတ်လုပ်သူဘက်က တကယ်စေတနာအရမ်းထည့်ထားတယ်ဆိုတာ သိသာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားမှာ အကုန်အကျအရမ်းခံထားတယ်။ ပရိသတ်ကို သူတို့စေတနာအရမ်းပေါ်တယ်။ ဒီလိုဇာတ်ကားကြီးကို အကုန်အကျခံပြီး ပရိသတ်တွေ ဒီလိုဇာတ်ကားမျိုးကြည့်ပါစေဆိုတဲ့ စိတ်ထားမျိုးမြင်ရတယ်။ လိုအပ်တဲ့ပစ္စည်းတွေကအစ အိန္ဒိယကနေ ငှားထားတာဆိုတော့ အကုန်အကျတွေ အရမ်းများတယ်။ အဲဒီလိုမျိုး စေတနာနဲ့ရိုက်မယ့် ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အစ်မယုံကြည်ပြီးတော့ လက်ခံလိုက်တာပါ။

မေး – အစ်မပါဝင်ထားတဲ့ ကာရိုက်တာလေးကိုလည်း သိချင်ပါတယ်။

ဖြေ – အစ်မက အရေးကြီးတဲ့အခန်းကနေ ပါဝင်ရတဲ့နေရာလေးလည်းဖြစ်တယ်။ မခိုင်လေးဆိုလည်း အဲဒီလိုမျိုး အရေးကြီးတဲ့အခန်းကနေထားပါတယ်။ ဇာတ်ကားထဲက ကာရိုက်တာကတော့ နည်းနည်းထူးခြားတယ်။ ကိုယ်လည်း တစ်ခါမျှမလုပ်ဖူးတဲ့ဟာမျိုးလေးကို လုပ်ရတယ်။ အဲဒီခေတ်က ၁၉၁၃ ခုနှစ်ပေါ့။ အဲဒီတုန်းက ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတစ်ဦးပုံစံပါ။ ဇာတ်ကားကြည့်ရင်တော့ တွေ့ရပါလိမ့်မယ်။ သူရဲ့ မု(ဒ်)တွေ၊ သူခံစားရတဲ့ စိတ်ခံစားချက်တွေက နည်းနည်းလေးထူးထူးခြားခြားဖြစ်မယ်လို့ ထင်ပါတယ်။ ချောက်ချားစရာပုံစံမျိုးလေးတွေကိုလည်း တွေ့ရတယ်။

မေး – ရိုက်ကူးစဉ်တုန်းကကော ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။

ဖြေ – ဇာတ်ကားက ချောက်ချားစရာပုံစံမျိုးလေးဖြစ်တယ်။ ရိုက်တဲ့အခါမှာလည်း ညဘက်တွေပဲ ရိုက်တာများတယ်။ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကလည်း ထိတ်လန့်စရာတွေများတော့ ရိုက်နေတဲ့အချိန်မှာတောင် စိတ်တွေလည်းချောက်ချားတယ်။ ရိုက်ကူးတဲ့ Governor House ကြီး၊ အနောက်က အိမ်ကြီးကလည်း ချောက်ချားစရာကြီးဖြစ်တယ်။ ဇာတ်ကားရိုက်တုန်းက ချောက်ချားစရာကောင်းသလို ညဘက်လည်းရိုက်ရတယ်ဆိုတော့ ပိုပြီးတော့ကြောက်တာမျိုးတော့ဖြစ်တယ်။ အရင်ကဆို တစ်ခါမျှမဖြစ်ဘူး။ ဒါပေမဲ့ အဲဒီဇာတ်ကားရိုက်တဲ့ အချိန်မှာတော့ ကြောက်တဲ့ဟာမျိုးတော့ဖြစ်တယ်။

မေး – ထွေလာကိုကြည့်ပြီး စိတ်ဝင်စားနေတဲ့ ပရိသတ်တွေကိုကော ဇာတ်ကားနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးလေးဖြစ်မယ်လို့ ပြောပြချင်တာမျိုးရှိလဲ။

ဖြေ – ဇာတ်ကားတစ်ကားလုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်ကြည့်နေကျ မြန်မာဇာတ်ကားပုံစံတွေထဲကမှ နည်းနည်းကွဲထွက်သွားမယ့်ပုံစံလေးပါပဲ။ ပရိသတ်တွေလည်း လာပြီးတော့ အားပေးကြပါလို့ ပြောချင်ပါတယ်။

ဓာတ်ပုံ- အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်ခ်

နှင်းစုမွန်တွေ့ဆုံသည်