ခံစစ်မှူးများအနက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မက်ဂွိုင်ယာကို မန်ယူခေါ်ယူ ဈေးကွက်မပိတ်မီ နောက်ထပ်ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးခေါ်မည်ဟု ဆိုးရှားဆို

မန်ယူသည် လက်စတာအသင်းမှ အင်္ဂလန်လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွိုင်ယာကို ခံစစ်မှူးများအနက် ကမ္ဘာ့တန်ကြေး အကြီးဆုံးအဖြစ် ပေါင်သန်း ၈၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ အသက် (၂၆) နှစ်ရှိပြီဖြစ်သော မက်ဂွိုင်ယာအတွက် ပေးရသည့် ပြောင်းရွှေ့ကြေးသည် ယမန်နှစ်က နွေရာသီဈေးကွက်တွင် လီဗာပူးအသင်း ဗန်ဒစ်ကို ခေါ်ယူစဉ် ပေးခဲ့ရသည့် ပေါင် ၇၅ သန်းစံချိန်ကို ချိုးဖျက်လိုက်ခြင်းလည်းဖြစ်သည်။

မန်ယူအသင်းသည် မက်ဂွိုင်ယာကို ဩဂုတ် ၂ရက်တွင် ခေါ်ယူရန် သဘောတူညီမှုရနိုင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၃ ရက်တွင် ဆေးစစ်မှုခံယူကာ အပြီးသတ်စာချုပ်ခဲ့သည်။ မက်ဂွိုင်ယာအတွက် မန်ယူအသင်းသည် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လစာ ပေါင်နှစ်သိန်း ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ငါးနှစ်စာချုပ်တွင် နောက်ထပ်အလိုရှိပါက တစ်နှစ်သက်တမ်း ထပ်တိုးခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့သည်။

မန်ယူအသင်းသည် ဩဂုတ် ၃ ရက်တွင် အေစီမီလန်နှင့် ခြေစမ်းပွဲကစားခဲ့ပြီးဖြစ်သော်လည်း ဩဂုတ် ၄ရက် (ယနေ့ည)တွင်လည်း ကာရင်တန် လေ့ကျင့်ရေးကွင်း၌ ဘလက်ဘန်းအသင်းနှင့် ကွင်းပိတ်ကာ ခြေစမ်းပွဲကစားမည်ဖြစ်ရာ ထိုပွဲတွင် အေစီမီလန်နှင့်ပွဲ၌ မပါဝင်သည့် ကစားသမားများဖြင့်သာ ကစားမည်ဖြစ်ပြီး မက်ဂွိုင်ယာ ပါဝင်နိုင်ခြင်းရှိ၊ မရှိ သေချာမသိနိုင်သေးပေ။ မန်ယူအသင်းသည် မက်ဂွိုင်ယာကို ခေါ်ယူခဲ့ခြင်းကြောင့် ယခုနွေဈေးကွက်တွင် အပြောင်းအရွှေ့ အသုံးစရိတ်ပေါင်သန်း ၁၅၀ နီးပါး သုံးစွဲခဲ့ပြီးဖြစ်ကာ ဒန်နီရယ်ဂျိမ်းစ်နှင့် ဘစ်ဆာကာတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်သည်။

လက်စတာအသင်းအတွက်မူ မက်ဂွိုင်ယာကြောင့် ငွေကြေးအကျိုးအမြတ် များစွာရရှိနိုင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်နှစ်က ၎င်းကို ဟားလ်စီးတီးအသင်းမှ ခေါ်ယူစဉ်က ပေါင် ၁၇ သန်းသာ ပေးခဲ့ရသည်။ မက်ဂွိုင်ယာကို ယခုနွေဈေးကွက်တွင် မန်စီးတီးအသင်းကလည်း ခေါ်ယူရန် ကမ်းလှမ်းခဲ့သေးပြီး ပေါင် ၆၅ သန်းဝန်းကျင်နှင့် ကမ်းလှမ်းမှုကို လက်စတာဘက်က ငြင်းပယ်ကာ ကနဦးပေါင် ၈၅သန်းနှင့် နောက်ပိုင်းထပ်ဆောင်းပေးငွေ ပေါင် ၁၀သန်း အထိတောင်းဆိုခဲ့ခြင်းကြောင့် လက်လျှော့သွားခဲ့ပြီး မန်ယူအသင်းက ပေါင်သန်း ၈၀ ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် နှစ်ပေါင်း၄၀ အတွင်း အဆိုးရွားဆုံး ခံစစ်ရလဒ်များ ကြုံခဲ့ရခြင်းကြောင့် ခံစစ်ကို အဓိကထားပြင်ဆင်ပြီး တောင်ပံခံစစ်မှူး ဘစ်ဆာကာနှင့် ဗဟိုခံစစ်မှူး မက်ဂွိုင်ယာတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကာဒစ်ဖ်မြို့တွင် အေစီမီလန်နှင့် နိုင်ငံတကာချန်ပီယံများဖလားပွဲ မကစားမီ မန်ယူနည်းပြ ဆိုးရှားက ဈေးကွက်ပိတ်မည့် ဩဂုတ် ၈ ရက်မတိုင်မီ နောက်ထပ်ကစားသမားသစ် တစ်ဦး သို့မဟုတ် နှစ်ဦးအထိ ထပ်မံခေါ်ယူသွားဦးမည်ဟု ပြောကြားခဲ့သည်။ ဆိုးရှားက ‘ကျွန်တော်တို့ ဈေးကွက်မပိတ်မီ နောက်ထပ်တစ်ယောက်၊ နှစ်ယောက်လောက် ခေါ်ယူနိုင်ဦးမယ်လို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေအတွက် အလုပ်လုပ်နေခဲ့တာကြာပါပြီ။ ဒါပေမဲ့ စာချုပ်နိုင်မှုဆိုတာ ချက်ချင်းဖြစ်သွားနိုင်သလို မဖြစ်နိုင်တာမျိုးတွေလည်း ရှိတတ်စမြဲပါ။ နည်းပြတစ်ယောက်အနေနဲ့ကတော့ ကျွန်တော်ဟာ ပွဲကစားရင် ကွင်းထဲမှာရှိတဲ့ကစားသမားတွေနဲ့ပဲ အကောင်းဆုံး ကစားနိုင်ဖို့ လုပ်ရမှာပါ’ ဟုပြောခဲ့သည်။ မန်ယူအသင်းမှ လူကာကူနှင့် ဒါမီယန်းတို့ ထွက်ခွာရန် သေချာသလောက်ရှိနေပြီး မန်ယူအသင်းသို့ ဒိုင်ဘာလာနှင့် အခြားကစားသမားသစ်တစ်ယောက် ထပ်မံရောက်ရှိလာနိုင်သည်။