ဒိုင်ဘာလာ လစာကို မန်ယူမပေးနိုင်၍ လူကာကူနှင့် အလဲအထပ်မလုပ်နိုင်သေး မန်ဇူကစ်ကို မန်ယူ ခေါ်ယူရန်သဘောတူ၊ ဂျူဗင်တပ်က လူကာကူကိုအရခေါ်ဖွယ်

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်သည် ဩဂုတ် ၈ ရက် ကြာသပတေးညတွင် ပိတ်သိမ်းမည်ဖြစ်သော်လည်း မန်ယူအသင်းနှင့် ဂျူဗင်တပ်အသင်း အကြားတိုက်စစ်မှူးနှစ်ဦးဖြစ်သည့် လူကာကူနှင့် ဒိုင်ဘာလာတို့ကို အလဲအထပ်ပြုလုပ်နိုင်ရေးမှာ ဖြစ်မလာနိုင်သေးဘဲ ဒိုင်ဘာလာ တောင်းဆိုသည့် တစ်ပတ်လစာ ပေါင်သုံးသိန်းခွဲကို မန်ယူအသင်းဘက်က မပေးနိုင်ကြောင်းသိရသည်။ ဒိုင်ဘာလာကို ဂျူဗင်တပ်နည်းပြသစ်ဖြစ်လာသော ဆာရီက မိမိအသင်းအနာဂတ်တွင် မပါဝင်နိုင်တော့ဟု ပြောကြားထားသည့်အတွက် ဒိုင်ဘာလာကိုလူကာကူနှင့်အလဲအထပ်လုပ်ရန် စီစဉ်နေရာတွင် လူကာကူဘက်က ဂျူဗင်တပ်သို့ပြောင်းကစားရန် သဘောတူလက်ခံထားပြီးဖြစ်သော်လည်း ဒိုင်ဘာလာသည် မန်ယူတွင် တစ်ပတ်လစာ ပေါင် သုံးသိန်းခွဲ တောင်းဆိုခြင်းကို မန်ယူဘက်က မလိုက်လျောနိုင်သောကြောင့် အခြေအနေမှာ ရှုပ်ထွေးသွားရပြီဖြစ်သည်။

မန်ယူနည်းပြ ဆိုးရှားအတွက်လည်း လူကာကူသည် အနာဂတ်စီမံကိန်းတွင် မပါဝင်တော့သောကြောင့် ဒိုင်ဘာလာနှင့် လဲလိုသော်လည်း ယခုအခြေအနေအရ ရက်ပိုင်းအတွင်း ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ လူကာကူကို အင်တာမီလန်နှင့် နာပိုလီအသင်းတို့ကလည်း ကမ်းလှမ်းထားပြီး အင်တာမီလန်က ပေါင် ၄၅ သန်း ကနဦးပေးကာ နောက်ထပ် ထပ်တိုးပေးချေမည့် ငွေကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူဘက်က လက်ငင်းပေါင် ၇၅ သန်းအလိုရှိနေခြင်းကြောင့် ထိုအသင်းများဘက်မှ တိုးမြှင့်ကမ်းလှမ်းမှသာ ခေါ်ယူ နိုင်မည်ဖြစ်သည်။ လူကာကူသည် မန်ယူတွင် ဦးစားပေးတိုက်စစ်မှူးနေရာမရနိုင်သည့်အတွက် ယူရို ၂၀၂၀ တွင် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း၌ နေရာပျောက်ဆုံးမည်ကို စိုးရိမ်သည့်အတွက် အသင်းပြောင်းလိုနေပြီး အင်တာမီလန်အသင်းက ပထမဆုံးကန်းလှမ်းခဲ့သော်လည်း မန်ယူဘက်က တောင်းဆိုသည့် ဈေးမပေးနိုင်ခဲ့၍ ဂျူဗင်တပ်က ကြားဝင်လာခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်နည်းပြဖြစ်လာသော ချယ်လ်ဆီးနည်းပြဟောင်းကွန်တီက ‘ကျွန်တော်တို့ ကမ်းလှမ်းမှုနဲ့ မန်ယူဘက်က တောင်းဆိုမှုအကြား တချို့သော ကွာဟချက်တွေရှိနေတာ မှန်ပါတယ်။ လက်ရှိအချိန်အထိ ကျွန်တော်တို့ကတော့ သူ့ကိုခေါ်ယူနိုင်ဖို့ မျှော်လင့်နေသေးတယ်။ လူကာကူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ ကျွန်တော်ခေါ်ယူဖို့ ကြိုးစားနေတာပါ။ ဘာတွေဖြစ်လာမလဲဆိုတာတော့ မသိနိုင်သေးဘူး’ဟု ပြောသွားခဲ့သည်။

ဂျူဗင်တပ်အသင်းသည်လည်း ဒိုင်ဘာလာ မန်ယူသို့ မသွားလျှင်ပင် လူကာကူကို အရခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ဂျူဗင်တပ်အသင်းမှ ခရိုအေးရှားဝါရင့်တိုက်စစ်မှူး မန်ဇူကစ်သည် မန်ယူအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူ ညီမှုရယူထားပြီး မန်ယူတွင် ဂျူဗင်တပ်၌ ရရှိနေသည့်လစာ၏ ၃၅ ရာခိုင်နှုန်းတိုးမြင့်ရရှိကာ တစ်နှစ်ပေါင် ၆ ဒသမ ၂ သန်းဖြင့်ကစားရန် သဘောတူညီမှုရယူထားပြီး စာချုပ် ချုပ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ဒိုင်ဘာလာအနေဖြင့် ငြင်းဆန်ခဲ့သောကြောင့် မန်ယူနည်းပြ ဆိုးရှားက လူကာကူထွက်ခွာလျှင် အကောင်းဆုံးအစားထိုးနိုင်မည့်သူမှာ မန်ဇူကစ်ဖြစ်သည်ဟု ခံယူထားသည်။ ဂျူဗင်တပ်နည်းပြဆာရီ၏ ကစားဟန်နှင့် မန်ဇူကစ်၏ ကစားပုံသည်လည်း လိုက်ဖက်ခြင်းမရှိသည့်အတွက် ဆာရီက မန်ဇူကစ်ကိုလည်း အသင်းအနာဂတ်တွင် မပါဝင်တော့ဟုပြောကာ မန်ယူအသင်းထံ ရောင်းချခြင်းဖြင့် အနည်းဆုံး ပေါင် ၁၅ သန်းရနိုင်ပြီး ထိုငွေနှင့် နောက်ထပ်ငွေသားအလိုက်ပေးပြီး လူကာကူကို ခေါ်ယူရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။ မန်ဇူကစ်သည် အသက် (၃၃) နှစ်ရှိပြီ ဖြစ်သည့်အတွက် ဆာရီ၏ ဖိအားပေးကစားလွန်းသည့် ပုံစံဖြင့် မလိုက်ဖက်သောကြောင့် မန်ယူသို့ ထွက်ခွာရန် လက်ခံလိုက်ခြင်းလည်းဖြစ်သည်။