သရုပ်ဆောင် မင်းရာဇာနှင့် တွေ့ဆုံခြင်း

“စက္ကန့်ကို တစ်ဝက်ဝက်ရင် ကျွန်တော့်မျက်နှာကို မြင်ရမယ်”

မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးခဲ့သည့် ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker 2 ရုပ်ရှင်ကားကို ဩဂုတ် ၈ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် ရုံတင်ပြသလျက်ရှိသည်။ ယင်းဇာတ်ကားကို မြန်မာနိုင်ငံတွင် လာရောက် ရိုက်ကူးစဉ်ကတည်းက ပရိသတ်အားပေးမှု၊ စိတ်ဝင်စားမှုရရှိခဲ့သည့် Line Walker 2 ရုပ်ရှင်ကားနှင့်ပတ်သက်၍ ယင်းဇာတ်ကားတွင် ပါဝင်ထားသည့် သရုပ်ဆောင် မင်းရာဇာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်-

မေး – Line Walker 2 ကို ကြည့်ပြီးသွားပြီဆိုတော့ အမြင်လေးပြောပြပေးပါဦး။

ဖြေ – Line Walker 1 အတိုင်းပါပဲ။ သေနတ်သံတွေ ဆူညံနေမယ်။ လူအင်အားတွေ အများကြီးသုံးထားတယ်။ ကားတွေနဲ့လည်း ပစ်ကြခတ်ကြတယ်။ ဇာတ်အိမ်လေးကတော့ ပါးပါးလေးပါပဲ။ သူကအဓိကတော့ Presentation ကို ဦးစားပေးပြီးတော့ ရိုက်သွားတာဖြစ်တဲ့အတွက် ဇာတ်အိမ်လေးကို ကြည့်ရအောင် ဖန်တီးထားတယ်။ Presentation ကိုဦးစားပေးထားတယ်။ ဇာတ်ကားက မိုက်တယ်ဗျ။

မေး – ကိုယ်ပါဝင်ရတဲ့အခန်းနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်သေးလဲ။

ဖြေ – စက္ကန့်ကို တစ်ဝက်ဝက်ရင် ကျွန်တော့်မျက်နှာကို မြင်ရမယ်ထင်ပါတယ်။ ဘယ်လိုပဲနေနေပါ။ ကျွန်တော်က အခုလာကြည့်တယ်ဆိုတာက ပရိသတ်တစ်ယောက် အနေနဲ့လာတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လာရိုက်တဲ့ ဇာတ်ကားကို ပရိသတ် တစ်ယောက်အနေနဲ့ အားပေးတယ်။ ဘယ်လိုတွေရိုက်သွားလဲ။ ဘယ်လောက်ထိ ကောင်းလဲဆိုတာကို လာကြည့်တာပါ၊ အားပေးတာပါ။ နဂိုကတည်းကလည်း အကြာကြီးပါမယ်လို့ မထင်ခဲ့ပါဘူး။ အစောကြီးကတည်းက ဒီအပိုင်းပဲပါမယ်ဆိုတာကို သိတယ်။ အမှန်တိုင်းပြောရရင်တော့ ဆင်ဆာဖြတ်တဲ့အထဲ ပါသွားပြီလားပေါ့။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဆင်ဆာဖြတ်တဲ့အထဲပါသွားပြီလားလို့တောင် စိုးရိမ်နေရမှာပေါ့။ ပါတော့ပါလာသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းတာက ရှေ့က ရော့ကက်က မျက်နှာကွယ်သွားတော့ ကိုယ့်မျက်နှာကို မမြင်လိုက်ရဘူး။

မေး – ကိုယ့်မြန်မာနိုင်ငံက ရှုခင်းအလှအပတွေကို ဖော်ပြထားတဲ့အပေါ်မှာ စိတ်ခံစားချက်လေးကို ပြောပြပေးပါဦး။

ဖြေ – ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကျွန်တော်တို့က အမြဲတမ်းတွေ့နေကျပေါ့။ ဒါက တစ်ကမ္ဘာလုံးအပေါ်မှာ ကြည့်မယ့် ဇာတ်ကားတစ်ကားနဲ့ဆိုတော့ ကွာတာပေါ့။ ဒီနေ့ရုံတွေတင်ကြပြီဆိုတော့ တစ်ကမ္ဘာလုံးမှာ ကြည့်ရမယ့် ကားတစ်ကားမှာ မြင်တွေ့ရတဲ့ ခံစားချက်နဲ့တော့ မတူဘူးပေါ့။ ကွာတာပေါ့။ ဘာပဲပြောပြော ရုံတွေတင်ကြပြီဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေအားလုံးက မြန်မာနိုင်ငံဆိုတာ ဘာလဲဆိုတာ သိသွားပြီ။ မြန်မာနိုင်ငံမှာ ဘာတွေရှိတယ်။ ဘယ်လိုနေထိုင်ကြတယ်။ မြန်မာနိုင်ငံ ရဲ့ ဈေးတန်းတွေက ဘယ်လိုဆိုတာကို သိသွားပြီ။ ဘယ်လိုရိုက်လို့ရမလဲဆိုတာကို စဉ်းစားသွားနိုင်တာပေါ့။ ကျွန်တော်တို့နိုင်ငံအတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ဒီအခွင့်အရေးကို သယ်ဆောင်လာပေးတဲ့ အန်တီဂရေ့စ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို သိရှိခွင့်ပေးတဲ့အတွက် ဒီဇာတ်ကားကို ကြိုက်တာပါ။

မေး – ရိုက်ကွင်းတုန်းက ကိုယ်တိုင်ပါဝင်ခဲ့ရတာနဲ့ အခု ပိတ်ကားပေါ်မှာ မြင်တွေ့ရတော့ ဘယ်လိုကွာခြားချက်တွေရှိလဲ။

ဖြေ – ကွာပါတယ်။ ရိုက်ကွင်းတုန်းက ကြည့်တုန်းကတော့ သေနတ်သံတွေက တအားကို ပြင်းထန်တယ်။ ကြည့်ရတာတွေက အရမ်းမိုက်တယ်။ အခုဇာတ်ကားထဲမှာ ကြည့် ကြည့်ရတဲ့ဟာတွေက ပိုပြီးတော့ မိုက်ပါတယ်။ ဟက်စကီးဆိုလည်း မြို့လယ်ကောင်မှာ ပျံသန်းခွင့်မရှိတော့ ကရိန်းနဲ့ပဲ ရိုက်ရတယ်၊ CG နဲ့ပဲ သူတို့ ပန်ကာလည်တာတွေ ဖန်တီးသွားတယ်။ အပင်တွေ လှုပ်သွားတယ်။ မြို့လည်ကောင်မှာ ဒီလိုမျိုးလုပ်သွားတာကို မြင်ရတာလည်း အရမ်းမိုက်တယ်။

မေး – ရိုက်ကွင်းတုန်းက ကိုယ့်ရဲ့ကြိုးစားခဲ့ရတဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ။

ဖြေ – ရိုက်တုန်းကတော့ သူတို့ဘက်က ရီဟာဇယ်လည်း ခဏခဏလုပ်တယ်။ အကြိမ်အရေအတွက်လည်း အများကြီးလုပ်တယ်။ ဒါပေမဲ့ ပြောချင်တာကတော့ ဒီဇာတ်ကားကြီးပါဖို့အတွက် တကူးတက ကြိုးစားခဲ့ရတာတော့ မရှိဘူး။ ပါချင်တာတော့ အမှန်ပဲ။ ပါခွင့်ရတဲ့အတွက်လည်း ဝမ်းသာတယ်။ ဒီလိုအခန်းလေးမှာ ပါခွင့်ရတာကလည်း ကိုယ့်နိုင်ငံမှာ လာရိုက်တဲ့ဇာတ်ကားမှာ အမှတ်တရ ပါဝင်ခွင့်ရတယ်လို့ပဲ သဘောထားပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နေရာကောင်းတွေရခဲ့မယ်ဆိုရင်တော့ ကြိုးစားကြည့်ချင်တာပေါ့။

မေး – နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို ဘာများပြောချင်တာရှိဦးမလဲ။

ဖြေ – အဓိကကတော့ ကျွန်တော်အစောကြီးကတည်းက ပြောထားပါတယ်။ အများကြီးမမျှော်လင့်ပါနဲ့။ ကျွန်တော်ပါမှာ အဲဒီအခန်းပါပဲလို့ ပြောထားပါတယ်။ အစောကြီးကတည်းက ကျွန်တော်တို့က အဓိကအခန်းကဏ္ဍကနေ ပါဝင်ရတာ မဟုတ်ဘူး။ ဒီကိုလာရိုက်တဲ့အခန်းကဏ္ဍမှာ ကျွန်တော်တို့တွေ စပါဝင်ကတည်းကိုက အဲဒီလိုမျိုးနေရာကနေပါရတယ်ဆိုတော့ အဲဒီအတွက် စိတ်ခံစားချက်တော့ သိပ်မရှိပါဘူး။

နှင်းစုမွန်တွေ့ဆုံသည်
ဓာတ်ပုံ-မင်းရာဇာဖေ့စ်ဘွတ်စ်