တန်းတူညီမျှ မိန်းကလေးတို့ဘ၀ ၉၉ ရက်တာ လှုပ်ရှားမှု ကမ်ပိန်းမိတ်ဆက်

ပလန်အင်တာနေရှင်နယ်မြန်မာမှဦးဆောင်ပြီး တန်းတူညီမျှ မိန်းကလေးတို့ဘ၀ ၉၉ ရက်တာ လှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည့် ကမ်ပိန်းမိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

နိုင်ငံပေါင်း ၇၀ ကျော်တွင် အဆိုပါ ကမ်ပိန်းအစီအစဉ်ကို လုပ်ဆောင်လျက်ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ၎င်းလှုပ်ရှားမှုကမ်ပိန်းကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဩဂုတ် ၁၂ ရက်မှ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနေ့ နိုဝင်ဘာ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

‘ကျွန်တော်တို့ အမျိုးသမီးအရေးကို ဆောင်ရွက်တဲ့အနေနဲ့ ကျွန်တော်တို့ လူငယ်တွေရဲ့ အရေးတွေကိုပါ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ဒီမိုကရေစီဆိုတဲ့ စံနှုန်းစံထားတွေကို ပူးပေါင်းပေးပြီးတော့၊ လောကပါလ တရားတွေကို ရင်ဝယ်ပိုက်ပြီးတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေကို တန်းတူညီမျှတဲ့ လူ့အခွင့်အရေးတွေရရှိအောင် ဝိုင်းဝန်းပြီးတော့ အားလုံးကြိုးပမ်းဆောင်ရွက်ပေးစေချင်ပါတယ်’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောဆိုသည်။

-Ads-
-Ads-

မြန်မာနိုင်ငံတွင် အမျိုးသမီးခေါင်းဆောင်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများကို နွေးထွေးကြင်နာမှုဖြင့် အုပ်ချုပ်နေတာဖြစ်ပြီး တခြားကဏ္ဍအသီးသီးတွင်လည်း ပညာရေး၊ ကျန်းမာရေး၊ တခြားနယ်ပယ်တွင် အမျိုးသမီးခေါင်းဆောင်များက ကြင်နာနွေးထွေးသည့် ဦးဆောင်မှုများနှင့် အုပ်ချုပ်နေခြင်းဖြစ်ကာ အမျိုးသမီးခေါင်းဆောင် အများအပြား ပေါ်ထွက်လာမည်ဆိုပါက ကြင်နာနွေးထွေးသည့် လူ့အဖွဲ့အစည်းများ ထူထောင်နိုင်မည်ကို ယုံကြည်နေကြောင်း ၎င်းက ပြောဆိုသည်။

‘ဒီလှုပ်ရှားမှုအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ရမှာက ခေါင်းစဉ်သုံးခုပါ။ (၁) ညီမျှသော တာဝန်ယူဆုံးဖြတ်နိုင်ခွင့် (Equal Power)၊ (၂) ညီမျှသော လွတ်လပ်ခြင်းနှင့်လုံခြုံမှု (Equal Freedom)၊ (၃) ညီမျှသော ကိုယ်စားပြုခွင့်နှင့်ခေါင်းဆောင်နိုင်ခွင့် (Equal Representation) တို့နဲ့ ပြိုင်ရမှာပါ။ အသက် (၁၅) နှစ်ကနေ အသက် (၂၄) နှစ်အတွင်းရှိတဲ့၊ ဒီအစီအစဉ်ကို စိတ်ပါဝင်စားတဲ့မိန်းကလေးတွေ ဝင်လျှောက်ထားနိုင်တယ်။ ယောက်ျားလေးတွေအနေနဲ့လည်း လေ့လာတဲ့အနေနဲ့ ပါဝင်လျှောက်ထားနိုင်တယ်။ ကျွန်မတို့ရဲ့ Girl Get Equal Myanmar ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ တင်ပေးမယ်။ အွန်လိုင်းကနေ တိုက်ရိုက်လျှောက်နိုင်ပါတယ်။ ဒီအစီအစဉ်ကိုပါဝင်နိုင်ဖို့ အသေးစိတ်စည်းမျဉ်းစည်းကမ်းတွေ လျှောက်လွှာပုံစံကိုတော့ ကျွန်မတို့ရဲ့ Girl Get Equal Myanmar ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ ဩဂုတ် ၁၃ ရက်ကနေစပြီးတော့ ကြေညာပေးသွားမှာပါ’ ဟု ပလန်အင်တာနေရှင်နယ်မြန်မာ၏ ကျန်းမာရေးရာ အကြံပေးအရာရှိ ဒေါ်ဖြူကြည်ခိုင်က ပြောဆိုသည်။

သတင်း၊ ဓာတ်ပုံ- ဇူလိုင်မေ

-Ads-
-Ads-