မွန်ပြည်နယ်အတွင်း မည်သည့်တောင်တွင်မဆို မြေတူးခွင့် ပြုတော့မည်မဟုတ်

မြေတူးမှုများကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ မြေပြိုမှုများ ကြုံတွေ့ရသည့်အတွက် မွန်ပြည်နယ်အတွင်း မည်သည့်တောင်များတွင်မဆို မြေတူးခွင့်ပြုတော့မည်မဟုတ်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းရှိ မြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာသို့ ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းကလာရောက်စဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

‘နောင်နှစ်တွေကစပြီး ခုလို မြေပြိုမှုဖြစ်စဉ်တွေ မဖြစ်ရအောင် ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်ထားတယ်။ တောင်မှာရှိတဲ့ မြေကြီးတွေကို မွန်ပြည်နယ်တစ်လျှောက်မှာ ဘယ်နေရာမှာမှ တူးခွင့်မရှိတော့ဘူး။ လုံးဝကို လက်မခံတော့ဘူး။ တူးတာနဲ့ ဥပဒေအရ အရေးယူဖို့လုပ်တော့မှာ၊ အခုဖြစ်တဲ့နေရာတွေဆို သက်နုတောင်တွေဖြစ်တယ်။ အခုဖြစ်တဲ့တောင်ဆို ဘာမှကို တောခုတ်ထားတာလဲမရှိဘူး။ မြေတူးထားတာလဲမရှိဘူး။ တစ်ခုသတိထားရမှာက ပေါင်မြို့မှာ နှစ်ရက်အတွင်းမိုးရွာတာ ၂၈ လက်မ ကျော်တယ်။မြန်မာပြည်အလယ်ပိုင်းဒေသတွေရဲ့ တစ်နှစ်လုံးရွာတဲ့မိုးရေချိန်ပမာဏလောက်ရှိတယ်။ အခုဟာကလည်း မိုးများလို့ ရေနူးပြီး ပြိုကျတဲ့သဘောပါ။ တချို့တောင်တွေမှာဆို တူးထားတာရှိတယ်။ ဒါပေမယ့် ဘာမှဖြစ်တာ မတွေ့ဘူး’ ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုသည်။

-Ads-
-Ads-

နောင်ကာလများတွင် မွန်ပြည်နယ်အတွင်း ယခုလိုဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် ကာကွယ်ရမည့် နည်းလမ်းများအား ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်အတွက် အစိုးရအနေဖြင့် အသေးစိတ်စီမံဆောင်ရွက်ထားသော်လည်း ဘယ်နေရာ ဘာဖြစ်မည်ကို ကြိုမသိနိုင်သည့်အတွက် အလုံးစုံပြည့်စုံမှုရှိမည်မဟုတ်ကြောင်း ဒေါက်တာအေးဇံက ပြောဆိုသည်။

လတ်တလော မြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာများတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်အဆင့်ဆောင်ရွက်နေသည့်အပြင် ပြည်ထောင်စုအဆင့်ရှိ ကျွမ်းကျင်မှုနည်းပညာအကူညီများရယူကာ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

မိုးသည်းထန်ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းသည် စီးပွားရေးသမားများက တောင်များတွင် ကျောက်များထုတ်လုပ်ခြင်း၊ မြေတူးရောင်းစားခြင်းများကြောင့် တောင်များတွင် ရေထိန်းသိမ်းစုပ်ယူနိုင်သည့်အခြေအနေတွင် မရှိတော့သည့်အတွက် ယခုလိုဖြစ်ရပ်များ ဖြစ်ပွားလာခဲ့သည်ဟု ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။

‘အရင်က ကျွန်တော်တို့ဘက်တွေမှာ ခုလိုဖြစ်ရပ်မျိုးတွေဆိုတာ မကြုံဖူးသလောက်ဘဲ၊ အခုလိုနေရာအနှံ့မှာ မြေတွေပြိုကျတာ၊ ရေကြီးတာတွေဖြစ်လာတယ်။ ဒါတွေက ဘာကြောင့်လဲဆို တောင်တွေမှာရှိတဲ့ ကျောက်တွေတူးတာ၊ မြေတူးတာ၊ သစ်ပင်တွေခုတ်တာတွေကြောင့် မိုးများတဲ့အခါကျတော့ သစ်ပင်တွေ မရှိတဲ့အခါ ရေကိုမထိန်းနိုင်တော့ဘူး။ အရင်ကဆို ပေါင်မြို့နယ်တစ်ကြောကတောင်တွေမှာ စိမ့်စမ်းတွေအများကြီး၊ ခုနည်းလာပြီ၊ ရေဆို နွေမိုးဆောင်းရတယ်။ ဒီဘက်နှစ်တွေမှာ ဆောင်းရာသီလောက်ဆို စိမ့်စမ်းရေ မရချင်တော့ဘူး။ ပေါင်မြို့နယ်ထဲက တောင်ကြောတစ်လျှောက်ဆိုရင် ကျောက်မိုင်းတွေချည်းပဲ။ ပြီးတော့ လူတိုင်းနီးပါးကလည်း တောင်နားနီးရင် မြေတူးရောင်းကြတာများတယ်။ ဒါတွေကြောင့် ခုလိုတွေ ဖြစ်လာရတယ်လို့မြင်တယ်’ဟု ပေါင်မြို့ဒေသခံကိုမျိုးဆန်းက ပြောဆိုသည်။

ဩဂုတ် ၉ ရက်မှ ၁၀ ရက်အထိ ပေါင်မြို့နယ်အတွင်း မိုးနိုင်း၊ ကျွဲခြံ၊ မုကျိ၊ ဘန့်ဘွေကုန်းကျေးရွာများတွင် မြေပြိုမှု ဖြစ်ပွားပြီး လူနေအိမ်များ ပိမိခြင်း၊ ကျောက်တုံးများပြိုကျခြင်း၊ သဲဖြူကုန်းကျေးရွာတွင် မလတ်တောင်မှ မြေပြိုကျမှုကြောင့် လူနေအိမ် ၂၇ လုံး၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မြေပိခြင်းတို့ကြောင့် လူ ၄၀ သေဆုံးပြီး ၄၇ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အလားတူ ချောင်းဆုံမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များတွင် မြေပြိုခြင်းများကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခြင်းများရှိနေကြောင်း သိရသည်။

သတင်း- အောင်မြင့်ထွန်း (မြစ်မခ)

-Ads-
-Ads-