သတင်းစာလောကတွင် သတင်းသမားအတု အများကြီးရှိနေဟုဆို

သတင်းစာလောကတွင် ကျင့်ဝတ်ဖောက်ဖျက်မှုများ အများကြီးဖြစ်နေပြီး သတင်းသမားအတုများ အများကြီးရှိနေသည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟို) စည်းမျဉ်းနှင့်ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းက ပြောဆိုသည်။

ဩဂုတ် ၁၂ ရက်က ရန်ကုန်မြို့ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသော မြန်မာနိုင်ငံသတင်းစားဆရာအသင်း (ဗဟို) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ၎င်းကပြောကြားခြင်းဖြစ်သည်။

‘သတင်းသမားအတုတွေ တစ်ပုံကြီးပဲ။ ရဲသတင်းပေးလုပ်မယ်။ သစ်ခိုးတာတို့၊ မော်တော်ဆိုင်ကယ်ချင်းတိုက်မိတာကအစ ဝင်ရှုပ်ပြီးတော့ ကြားထဲက ပိုက်ဆံယူမယ်။ အမှုပွဲစားလုပ်တာတွေရှိမယ်။ ဒါမျိုးလုပ်စားချင်လို့။ သတင်းရေးတတ်လားဆိုတော့ မရေးတတ်ဘူး’ဟု ၎င်းက ပြောဆိုသည်။

-Ads-
-Ads-

ယင်းသို့ သတင်းသမားအတုကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းထဲတွင်ရှိပါက ဆုံးမပြောဆိုပြီး မိမိတို့၏ အသင်းဝင် မဟုတ်ပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတစ်ဆင့်ဖြေရှင်းမှုများ ဆောင်ရွက်သည်ဟု ဦးကြည်မင်းက ပြောဆိုသည်။

‘လိုအပ်ရင် ကော်မဏီဝင် ငါးယောက်က သွားလေ့လာတယ်။ ဘယ်သူတွေကို ခေါ်စစ်ရမလဲ ဆုံးဖြတ်တယ်။ လက်ရှိမှာတိုင်စာတွေရှိပါတယ်။ ဥက္ကဋ္ဌတို့က စိစစ်ပြီး သူတို့နည်းနဲ့ သူတို့ဟန်နဲ့ ပြေလည်အောင်ဖြေရှင်းတယ်’ ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို) မှ ဥက္ကဋ္ဌ ဦးမြတ်ခိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာမင်း၊ အထွေထွေအတွင်းရေးမှူး ဦးသာဇော်၊ တွဲဖက်အတွင်းရေးမှူးဒေါ်အိအိတင်တို့က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။

သတင်း- အေးမြတ်မွန် (ယုဇန)

-Ads-
-Ads-