မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်နေဆဲနိုင်ငံဖြစ်၍ ပညာရေးစနစ်တွင် အကုန်အကျခံချင်သလောက် ကုန်ကျခံနိုင်ခြင်းမရှိသေး

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်နေဆဲနိုင်ငံဖြစ်သောကြောင့် ပညာရေးစနစ်တွင် အကုန်အကျခံချင်သလောက် ကုန်ကျခံနိုင်သည့် အနေအထားတွင် မရှိသေးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ MICC- 2 တွင် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့တက်ရောက်လာပြီး အဖွင့်မိန့်ခွန်းတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာဆည်းပူးနိုင်ရေးအတွက် ကြိုးစားရာတွင် နိုင်ငံ၏ဆင်းရဲ၊ ချမ်းသာမှုအပေါ်မူတည်ပြီး ချမ်းသာသည့်နိုင်ငံများတွင် လူငယ်များကို ပညာရေးစနစ်နှင့်ပတ်သက်၍ ပို၍ပြည့်ပြည့်စုံစုံထောက်ပံ့ကူညီနိုင်ပြီး ဆင်းရဲသည့် နိုင်ငံများတွင် ထိုသို့လုပ်ပေးနိုင်ခြင်းမရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

-Ads-
-Ads-

‘ကျွန်မတို့နိုင်ငံကို ကျွန်မက ဆင်းရဲတဲ့နိုင်ငံလို့ မဆိုချင်ပါဘူး။ သို့သော်ငြားလည်း ဖွံ့ဖြိုးမှုမှာ ရှေ့တန်းကိုရောက်နေတဲ့ နိုင်ငံတစ်ခုမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်နေဆဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ပညာရေးစနစ်မှာ ကျွန်မတို့သုံးချင်သလောက် ကျွန်မတို့အကုန်အကျခံချင်သလောက် ခံနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး’ဟု ၎င်းက ပြောဆိုသည်။

ထို့ကြောင့် ယင်းကိစ္စအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောဆိုသည်။

‘ဒီဟာကို အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူငယ်များဟာ မိမိတို့ပညာရရှိရေးအတွက် တာဝန်ယူရမယ်။ အစိုးရပိုင်းကလည်း အကောင်းဆုံးပညာရေးစနစ် ထူထောင်ဖို့အတွက် တာဝန်ယူမယ်။ အားလုံးက ဝိုင်းဝန်းပြီးတော့ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်မှ ကျွန်မတို့က အောင်မြင်နိုင်မှာပါ’ဟု ၎င်းက ပြောဆိုသည်။

ချမ်းသာပြီးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများတွင်လည်း လူငယ်များသည် ပညာရေးဘက်တွင် အားသန်သူများရှိသကဲ့သို့ ပညာရေးပိုင်းတွင် အားမသန်သည့် လူငယ်များလည်း ရှိကြောင်းသိရသည်။

‘အဲဒီတော့ ဒီဟာက နိုင်ငံပေါ်မှာချည်းပဲ မူတည်တာမဟုတ်ပါဘူး။ မိသားစုတွေပေါ်မှာလည်း မူတည်တယ်။ လူငယ်တွေ တစ်ယောက်ချင်းစီပေါ်မှာလည်း မူတည်တယ်။ ဒါကြောင့် လူငယ်များပါဝင်ပြီးတော့ ပညာရေးစနစ်ပြောင်းလဲဖို့ဆိုရင် လူငယ်များဟာ မိမိတို့ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ အချိန်ကိုမှန်မှန်ကန်ကန်နဲ့ တန်ဖိုးအရှိဆုံးဖြစ်အောင်သုံးဖို့ ဘာတွေလိုအပ်နေလဲဆိုတာ ကျွန်မတို့အစိုးရကို တင်ပြစေချင်ပါတယ်’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် လူငယ်များ၏ အမြင်တစ်ခုရှိရုံဖြင့်လည်း မှန်သည်ဟု ဆုံးဖြတ်၍မရဘဲ အားလုံးက ဆွေးနွေးနှီးနှောဖလှယ်ပြီး အဖြေရှာရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လူငယ်များသည် ပညာသင်ကြားရန်အတွက် လူကြီးများထက် အားသာကြောင်း၊ လူကြီးများသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတွက်၊ မိသားစုရေးအတွက်၊ အလုပ်တာဝန်များအတွက်၊ မိမိတို့မွေးထုတ်လာသည့် လူငယ်များအတွက် တာဝန်ယူရန် အချိန်များလိုအပ်သည့်အတွက် ပညာဆည်းပူးရာတွင် အချိန် ၁၀၀ ရာခိုင်နှုန်းပြည့်မပေးနိုင်သောကြောင့် လူငယ်များ၏အားသာချက်ဖြစ်သည့် အချိန်ကိုတန်ဖိုးရှိအောင် အသုံးချရန် ၎င်းက ပြောကြားသည်။

‘ဆင်းရဲ၊ ချမ်းသာမရွေး၊ မြို့နေ၊ တောနေမရွေး အားလုံးဟာတူညီနိုင်တဲ့၊ ပါဝင်နိုင်တဲ့ ပညာရေးစနစ်တစ်ခု လိုအပ်တယ်။ အားလုံးဟာ သင်ယူနိုင်တဲ့အခွင့်အရေးကိုပေးမယ့် ပညာရေးစနစ်ကို လိုပါတယ်။ အဲဒါမှာလည်း လူငယ်များရဲ့အဓိကအားသာချက်ဖြစ်တဲ့ အချိန်ကို လူငယ်များကပြည့်ပြည့်၀၀တန်ဖိုးရှိအောင် သုံးနိုင်ဖို့လိုတယ်။ အစိုးရရဲ့မူဝါဒတွေအရ ကျွန်မတို့ရဲ့လူငယ်များအားလုံး ပညာဆည်းပူးနိုင်ရေးအတွက် ကြိုးစားရမှာဖြစ်ပါတယ်’ဟု ၎င်းကပြောကြားသည်။

သတင်း-မင်းမင်းထွန်း

-Ads-
-Ads-