မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရေဘေးသင့်ပြည်သူများသို့ ဆန်အိတ် ၂၂၅၀ လှူဒါန်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ တိုင်းဒေသကြီး ပြည်နယ်အသင်းခွဲများ၊ ကုန်စည်ဒိုင်များနှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက စုပေါင်း၍ မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများသို့ ဆန်အိတ် ၂၂၅၀၊ ငွေကျပ် သိန်း၂၀၀ နှင့် ဓာတ်မြေဩဇာအိတ် ၃၇၀ တို့ကို လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ဩဂုတ် ၁၂ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။

‘မွန်ပြည်နယ်မှာ အခုလိုရေကြီးတာတွေဖြစ်ပြီး ပြည်သူတွေဒုက္ခရောက်နေတော့ တိုင်းနဲ့ပြည်နယ်အနှံ့က ဆန်စက်လုပ်ငန်းရှင်တွေ၊ အသင်းတွေက တစ်ဦးချင်းသော်လည်ကောင်း၊ အဖွဲ့လိုက်သော်လည်ကောင်း စုပေါင်းပြီး လှူဖြစ်သွားတာပါ။ ဒီလှူဒါန်းမှုကတော့ ပထမအဆင့်ပေါ့။ အခုရေကြီးတာက ပျက်စီးဆုံးရှုံးမှုက ဘယ်လောက်ရှိလဲ၊ ဘာတွေလိုအပ်နေလဲ၊ နိုင်ငံတော်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအပေါ် မူတည်ပြီး အသင်းချုပ်အနေနဲ့ အကူအညီဆက်ပေးသွားမှာပါ’ဟု ၎င်းကပြောဆိုသည်။

အဆိုပါလှူဒါန်းပွဲကို ဩဂုတ် ၁၂ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အလှူရှင်များကိုယ်စား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းတို့က ဦးဆောင်ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

-Ads-
-Ads-

သတင်း- ဝေယံဟိန်း
ဓာတ်ပုံ- မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဖေ့စ်ဘွတ်စ်

-Ads-
-Ads-