နေမာထွက်သွားဆိုသော စာတန်းကိုင်ဆောင်ပြီး ပီအက်စ်ဂျီပရိသတ်များ ဆန္ဒဖော်ထုတ်

ဩဂုတ် ၁၁ ရက်ညက ပြင်သစ်လီဂူးဝမ်း ရာသီအဖွင့်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းသည် နီမက်စ်နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး ထိုပွဲတွင် ပီအက်စ်ဂျီပရိသတ်များသည် အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေသော ဘရာဇီးတိုက်စစ်မှူး နေမာကို အသင်းမှထွက်သွားဆိုသည့် စာတန်းပါ ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နေမာသည် ပီအက်စ်ဂျီအသင်းတွင် ဆက်လက်ကစားလိုစိတ်မရှိတော့ဟု ဖွင့်ပြောထားပြီး ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ အသင်းဟောင်းဘာစီလိုနာနှင့် ရီးရဲလ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်းကြောင့် ပီအက်စ်ဂျီပရိသတ်များက မုန်းတီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ဆိုင်းဘုတ်တစ်ခုတွင် ‘နေမာ အဝေးကိုထွက်သွား’ဟု ရေးသားထားသလို၊ အခြားဆိုင်းဘုတ်တစ်ခုတွင် အပျော်မယ်နှင့် ပျော်ပါးပြီး ထောင်မကျဘဲ ပြန်ထွက်လာနိုင်သူဟု အဆဲဖက်ကာ ရေးသားထားသလို၊ အခြားဆဲဆိုထားသည့် ဆိုင်းဘုတ်များလည်း ပွဲကြည့်စင်တွင်များစွာရှိခဲ့သည်။

ထိုပွဲတွင် နေမာသည် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ပီအက်စ်ဂျီသည် အမ်ဘပ်ပီ၊ ကာဗာနီနှင့် ဒီမာရီယာတို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ နေမာသည် ဒဏ်ရာရထားခြင်းကြောင့် အမိမြေတွင် ဘရာဇီးအသင်း ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့သည့် အသင်းတွင်လည်း ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ လက်ရှိတွင်လည်း နေမာသည် ပီအက်စ်ဂျီအတွက် ပြန်မကစားလိုဘဲ အသင်းပြောင်းရွှေ့နိုင်ရန်အတွက် အသင်းဒါရိုက်တာ လီယိုနာဒိုနှင့် နောက်ဆုံးအဆင့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။