လေ့ကျင့်ရေးကွင်းတွင် မေဆင်ဂရင်းဝုဒ်နှင့် ဆန်းချက်ဇ် အချင်းများ အငှားထွက်မကစားလျှင် ဆန်းချက်ဇ်အား အရန်အသင်းပို့ရန် စီစဉ်

မန်ယူအသင်းတွင် တစ်ပတ်ဝင်ငွေ အများဆုံးရရှိနေသော ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်နှင့်လူငယ်ကစားသမားလေး မေဆင်ဂရင်းဝုဒ်တို့ လေ့ကျင့်ခန်းအစီအစဉ်တွင် အချင်းများခဲ့ကြောင်း သိရသည်။ မန်ယူတွင် တစ်ပတ် ပေါင် ငါးသိန်းရရှိနေသည့် ဆန်းချက်ဇ်သည် ဇူလိုင်လဆန်းပိုင်းက ချီလီအသင်းနှင့် ကိုပါအမေရိကဖလားပွဲကစားစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲများ၌ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ ကြံ့ခိုင်မှုပြန်ရရန် ကြိုးစားနေချိန် ဂရင်းဝုဒ်က လေ့ကျင့်ခန်းဆင်းစဉ် တံကောက်ကြောဒဏ်ရာပြန်ထိနိုင်လောက်သည့် ဖျက်ထုတ်မှုကို ပြုလုပ်မိခဲ့ရာက ဆန်းချက်ဇ်သည် ဒေါသထွက်ပေါက်ကွဲပြီး နှစ်ဦးသားစကားများခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် ဆန်းချက်ဇ်သည် ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် စီနီယာအသင်းကြီးနှင့် လေ့ကျင့်ခြင်းထက် ကြံ့ခိုင်မှုပြန်ရရန် တစ်ဦးတည်း လေ့ကျင့်နေကြောင်းလည်း သိရသည်။ နည်းပြဆိုးရှားသည် အသက် (၁၇) နှစ်သာရှိသေးသော ဂရင်းဝုဒ်ကို ပိုမိုနေရာပေးနိုင်ရန် စီစဉ်နေကာ ချယ်လ်ဆီးအသင်းကို လေးဂိုးပြတ်နိုင်သောပွဲတွင် ဒုတိယပိုင်း၌ လူစားဝင်ကစားခွင့်လည်း ရရှိခဲ့သည်။ ဆန်းချက်ဇ်အစား ဂရင်းဝုဒ်ကို သုံးရခြင်းနှင့်ပတ်သက်ပြီး ဆိုးရှားက ‘ဒီလူငယ်လေးတွေက အသင်းနဲ့ ရာသီကြိုကာလတွေမှာ အပြည့်အဝလေ့ကျင့်ကစားခဲ့တယ်။ ဆန်းချက်ဇ်ကတော့ လေးငါးပတ်လောက် နောက်ကျပြီးမှ အသင်းဆီပြန်လာနိုင်ပြီး ဒဏ်ရာကလည်း အကင်းမသေသေးလို့ အခုမပါနိုင်သေးတာပါ။ ဒါပေမဲ့ ဆန်းချက်ဇ်အသင်းမှာ ဆက်နေပြီး ခြေစွမ်းပြကစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’ဟု ချယ်လ်ဆီးနှင့်ပွဲအပြီး ဖွင့်ပြောခဲ့သည်။

သို့သော် ဆန်းချက်ဇ်နှင့် ဂရင်းဝုဒ်တို့ စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဆိုးရှားသည် ယခုရာသီတွင် ဆန်းချက်ဇ်ကို နေရာပေးလိုစိတ်မရှိတော့ဘဲ အသင်းပြောင်း ကစားခိုင်းရန် ဆန္ဒရှိလာကာ အဌားဖြင့်ခေါ်ယူမည့် အသင်းရှိပါက ထွက်ကစားရန်နှင့်အကယ်၍ ထွက်ခွာခြင်းမရှိပါက အရန်အသင်းတွင်သာ ပို့ထားပြီး ပရီးမီးယားလိဂ်ပွဲများ မကစားစေဘဲ အက်ဖ်အေဖလားနှင့် လိဂ်ဖလားပွဲများတွင်သာ အသုံးပြုရန် စီစဉ်နေကြောင်း အသင်းအတွင်းစကားများအရ သိရသည်။

မန်ယူအသင်းသည် ဆန်းချက်ဇ်အတွက် တစ်ပတ် ပေါင် ငါးသိန်းအထိ ပေးထားရခြင်းကြောင့် ထိုလစာနှုန်းဖြင့် ခေါ်ယူနိုင်မည့်အသင်း မရှိနိုင်သောကြောင့် ၎င်းအား ပေးနေရသည့် လစာသက်သာစေရန် အငှားဖြင့် စေလွှတ်လိုခြင်းဖြစ်သည်။

သို့သော် အငှားခေါ်မည့်အသင်းများသည်လည်း ဆန်းချက်ဇ်အတွက် တစ်ပတ်ပေါင်ငါးသိန်း၏ တစ်ဝက်ကိုပင် ပေးချေနိုင်ရန် မရှိသည့်အတွက် မန်ယူအသင်းက ဆန်းချက်ဇ်လစာ တစ်ဝက်ကျော်ပေးပြီး ကျန်ငွေကို အငှားခေါ်သည့်အသင်းက ပေးသွားပါမှလည်း ထိုအငှားစာချုပ်ဖြစ်လာဖွယ်ရှိသည်။

မန်ယူအသင်းသည် ဆန်းချက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အထိ အသင်းတွင်ဆက်လက်ထားရှိပါက ပေါင် ၈ ဒသမ ၆ သန်းအထိ ပေးရဦးမည်ဖြစ်သည့်အတွက် လစာတစ်စိတ် တစ်ပိုင်းပေးနိုင်မည့် အသင့်တော်ဆုံးအသင်းထံ အငှားချခြင်းက သက်သာနိုင်သောကြောင့် အဌားခေါ်မည့်အသင်းများကို လက်ခံစဉ်းစားပေးတော့မည်ဟုသိရသည်။ အခြားသော ဥရောပထိပ်တန်းလိဂ်များ၏ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်သည် စက်တင်ဘာ ၂ ရက်မှ ပိတ်သိမ်းမည်ဖြစ်ခြင်းကြောင့်လည်း ဆန်းချက်ဇ်ကို ထိုမတိုင်မီ အငှားစေလွှတ်နိုင်ရန် ကြိုးစားနေပြီး လက်ရှိတွင် ရိုးမားတစ်သင်းကသာ အငှားခေါ်ရန် စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။ ဆန်းချက်ဇ်သည် ဆိုးရှားလက်အောက်တွင် ပြိုင်ပွဲအရပ်ရပ် ၁၆ ပွဲသာ ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် နည်းပြဆိုးရှားမှာ ဆက်လက်စိတ်ရှည်ရန် မရှိတော့သည့်အတွက် အငှားချရန် စီစဉ်နေခြင်းဖြစ်သည်။