ကူတင်ဟိုကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် ဘိုင်ယန်သဘောတူညီမှုရ အငှားစာချုပ်ပြည့်လျှင် အပြီးသတ်ခေါ်ယူသွားနိုင်မည့် သဘောတူညီချက်ပါရှိ

ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာအသင်းမှ ဘရာဇီးကွင်းလယ်ကစားကွက်ဖန်တီးရှင် ကူတင်ဟိုကို တစ်ရာသီအငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း နှစ်သင်းစလုံးက အတည်ပြုကြေညာခဲ့သည်။ ဘိုင်ယန်မြူးနစ် အမှုဆောင်ချုပ် ရူမီနစ်ဂီနှင့် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့သည် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်ကတည်းက ဘာစီလိုနာသို့ ရောက်ရှိလာပြီး ကူတင်ဟိုကို တစ်ရာသီအငှားခေါ်ယူရန် ညှိနှိုင်းခဲ့ရာတွင် နှစ်သင်းအကြား သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်ဟု ရူမီနစ်ဂီကိုယ်တိုင်က ဩဂုတ် ၁၆ ရက်သောကြာနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

ဘာစီလိုနာအသင်း ဩဂုတ် ၁၆ ရက်ညက ဘီလ်ဘာအိုကို တစ်ဂိုး-ဂိုးမရှိဖြင့်ရှုံးခဲ့ပြီး ဘိုင်ယန်သည်လည်း အိမ်ကွင်းအဖွင့်ပွဲတွင် ဟာသာဘာလင်နှင့် နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် ရူမီနစ်ဂီက ‘ကျွန်တော် ကူတင်ဟိုကို အငှားနဲ့ခေါ်နိုင်ခဲ့တဲ့သတင်းကို အတည်ပြုနိုင်ပါပြီ။ ကျွန်တော်နဲ့ ဆာလီဟာမစ်ဇစ်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာစီလိုနာကိုသွားပြီး ကူတင်ဟိုအတွက်ညှိနှိုင်းခဲ့မှုဟာ သဘောတူညီမှုရသွားခဲ့ပါတယ်။ ဒါကြောင့် ကူတင်ဟိုဟာ ဒီတစ်ရက်နှစ်ရက်အတွင်း မြူးနစ်ကိုလာပြီး ဆေးစစ်မှု အောင်မြင်ရင် စာချုပ်သွားမှာပါ။ ကျွန်တော်တို့ ဘာစီလိုနာအသင်းကိုကျေးဇူးတင်ရပါမယ်။ ဘာစီလိုနာဥက္ကဋ္ဌဘာတိုမီယူနဲ့ ရင်းနှီးတဲ့အတွက်လည်း နောက်ဆုံးမှာ ဘိုင်ယန်အသင်းကို ကျွန်တော်တို့ လိုချင်တဲ့ ကစားသမား ရောက်လာခဲ့ပါပြီ။ ကူတင်ဟိုဟာ နာမည်ကြီးတာတစ်ခုတည်းမဟုတ်ဘဲ ကျွန်တော်တို့အသင်းအတွက်လည်း အလွန်အရေးပါမယ့် ကစားသမားပါ။ သူကစားတဲ့ပုံစံ၊ သူ့အရည်အသွေးဟာ ကျွန်တော်တို့ရဲ့တိုက်စစ်ဦးစားပေးကစားဟန်အတွက် အလွန်ကို လိုက်ဖက်အဆင်ပြေမှာပါ။ ဒါကြောင့် သူ့ကို ခေါ်ယူနိုင်ခဲ့လို့ ၀မ်းသာမိပါတယ်’ဟု ပြောသွားခဲ့သည်။

အစောပိုင်းသတင်းများတွင် ကူတင်ဟိုသည် ဘာစီလိုနာအသင်း နေမာကို ပီအက်စ်ဂျီအသင်းထံမှ ပြန်လည်ခေါ်ယူရန်စီစဉ်မှုတွင် ပီအက်စ်ဂျီထံ အလိုက်ပေးကမ်းလှမ်းခံရသူအဖြစ် စပိန်၊ အီတလီနှင့် အင်္ဂလန်သတင်းများ၌ ဖော်ပြနေကြသော်လည်း ကူတင်ဟိုကိုယ်တိုင်က ပီအက်စ်ဂျီသို့ မသွားလိုဘဲ ငြင်းပယ်ခဲ့ပြီးနောက် ဘိုင်ယန်သို့ ပြောင်းရွှေ့ရန်သဘောတူညီခဲ့ခြင်းဖြစ်သည်။ ကူတင်ဟိုကို ဘိုင်ယန်အသင်းက ကနဦးတစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ရာသီကုန်တွင် အပြီးသတ်ခေါ်ယူနိုင်ခွင့်ရှိသည့် သဘောတူညီမှုလည်း ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။ ကူတင်ဟိုသည် ယခုသီတင်းပတ်ကုန်တွင် ဘိုင်ယန်နှင့်စာချုပ်ပြီးပါက နောက်လာမည့်ပွဲတွင်စတင်ပါဝင်နိုင်ဖွယ်ရှိသည်။

-Ads-
-Ads-

-Ads-
-Ads-