အုတ်ဖို၌ ဆိုင်ကယ်ဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ လူသတ်မှုဖြစ်ပွား

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု၌ ဆိုင်ကယ်မှဆီခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁၄ ရက်တွင် အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စုနေ ထွန်းလေးသည် ကုလား (ခ)ထွန်းလင်းအောင်အား ၎င်း၏ဆိုင်ကယ်မှ ဆီများခိုးသည်ဟု စွပ်စွဲပြောဆိုရာမှ ထွန်းလေးနှင့် ကုလား(ခ)ထွန်းလင်းအောင်တို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ထန်းပင်ကုန်းကျေးရွာအုပ်စု ဂမုန်းသစ်တောကြိုးဝိုင်း အုန်းတောတဲစုအလွန် တောလမ်းပေါ်တွင် ကုလား(ခ)ထွန်းလင်းအောင်၏ အစ်ကိုအရင်းများဖြစ်သည့် မင်းနိုင်၊ ကိုမင်းတို့နှစ်ဦးနှင့် ထွန်းလေးတို့ အဆိုပါကိစ္စဖြင့် ထပ်မံစကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ခဏအကြာ ထွန်းလေးတွင် ဓားဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ယင်းနေ့ ည ၁၁ နာရီတွင် ရဲစခန်းသို့ တိုင်တန်းမှု ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အုတ်ဖို မြို့နယ် အေးမြသာယာနယ်မြေရဲစခန်းက (ပ)၂၁၂/၂၀၁၉၊ ပြစ်မှုဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည်။ တရားခံဖမ်းဆီးရမိရေးအတွက် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်မြင့်သူအဖွဲ့နှင့် အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်သို့သွားရောက်၍ ပိတ်ဆို့ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

-Ads-
-Ads-

လူသတ်မှုကျူးလွန်သော အုတ်ဖိုမြို့နယ် ဗိုလ်ရုံစုရွာနေ မင်းနိုင် (၃၅)နှစ်၊ ကိုမင်း(ခ)ငမင်း (၃၇)နှစ်တို့မှာ ဂမုန်းသစ်တောကြိုးဝိုင်းအတွင်း ပြေးပေါက်မရှိ တစ်ညလုံးပိတ်မိနေခဲ့ရာ ဩဂုတ် ၁၅ ရက် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ၎င်းတို့အားသက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှစ်ဦး၏ အစစ်ခံချက်အရ သေဆုံးသူနှင့် ၎င်းတို့နှစ်ဦး စကားများရန်ဖြစ်ရာမှ ထွန်းလေးကိုင်ဆောင်သည့်ဓားကို မင်းနိုင်က လုယူပြီးထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထွက်ဆိုသည်။ သို့ဖြစ်၍ ခိုက်ရန်ဖြစ်ပွားပြီး ဓားဖြင့်ထိုးသတ်ခဲ့သူ မင်းနိုင်နှင့် ကိုမင်း(ခ)ငမင်းတို့အား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း- နိုင်ဝင်းစိုး

-Ads-
-Ads-