မိုင္းျဖတ္ၿမိဳ႕၌ မိသားစုဝင္ေျခာက္ဦး အဆိပ္ေသာက္ေသေၾကာင္းႀကံ၊ ေလးဦးေသဆုံး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕၌ စက္တင္ဘာ ၁၂ ရက္ ည ၉ နာရီခန္႔က မိသားစုဝင္ေျခာက္ဦး အဆိပ္ေသာက္ကာ ေသေၾကာင္းႀကံစည္မႈတြင္ မိဘႏွစ္ပါးႏွင့္ သားႏွစ္ဦး ေသဆုံးခဲ့ၿပီး ေမာင္ႏွမႏွစ္ဦး အသက္ရွင္က်န္ရစ္ခဲ့ေၾကာင္း တာခ်ီလိတ္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

အသက္ရွင္က်န္ရစ္သူ သမီးျဖစ္သူကို စစ္ေဆးခ်က္အရ ေသဆုံးသူမိဘမ်ားမွာ စားဝတ္ေနေရးအဆင္မေျပသည့္ကိစၥႏွင့္ပတ္သက္၍ မၾကာခဏ ညည္းတြားသည္ကို ၾကားသိရေၾကာင္းသိရသည္။

ေသေၾကာင္းႀကံစည္သူမ်ားႏွင့္ေသဆုံးသူမ်ားမွာ မိုင္းျဖတ္ၿမိဳ႕ ေဈးတန္း (ကြက္သစ္) ရပ္ကြက္ေန ဦးအားျမႇာ (၄၆) ႏွစ္၊ေဒၚအီနား (၄၈) ႏွစ္၊ ေမာင္ေထာေမ (၁၅) ႏွစ္ႏွင့္ ေမာင္ေနလင္းထြန္း အသက္ရွစ္ႏွစ္တို႔ျဖစ္ၿပီး ႏွာေခါင္းႏွင့္ ပါးစပ္မ်ားတြင္ အျမႇဳပ္ႏွင့္ ေသြးမ်ားထြက္ ေသဆုံးခဲ့ျခင္းျဖစ္သည္။

-Ads-
-Ads-

အထက္ပါသတင္းအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္တာဝန္ရွိသူမ်ား သြားေရာက္ၾကည့္႐ႈစစ္ေဆးခ်က္အရ မိဘႏွစ္ဦးျဖစ္သူ ဦးအားျမႇာႏွင့္ ေဒၚအီနားတို႔သည္ လားဟူအေခၚ နံငိုပင္အမည္ရွိ အဆိပ္ပင္၏ အျမစ္ႏွင့္အ႐ြက္တို႔ကို ေရေႏြးကရားျဖင့္ က်ိဳခ်က္ၿပီး သားသမီးေလးဦးကို ဦးစြာတိုက္ေကၽြးၿပီးေနာက္ ၎တို႔လင္မယားမွာ ေနာက္ဆုံးမွ ေသာက္ကာ အိပ္ရာဝင္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ သားသမီးေလးဦးတြင္ မေနာမိ (၁၃) ႏွစ္(ဆဌမတန္းေက်ာင္းသူ)ႏွင့္ ေမာင္ဆီလွ ကိုးႏွစ္(တတိယတန္းေက်ာင္းသား)တို႔မွာ ခဏအၾကာတြင္ ေအာ့အန္ၿပီး ျပန္အိပ္ခဲ့ေၾကာင္းႏွင့္ နံနက္ ၇ နာရီဝန္းက်င္တြင္ အိပ္ရာမွႏိုး၍ ေဘးသို႔ၾကည့္လိုက္ရာ မိဘမ်ားအပါအဝင္ ေလးဦးမွာ ေသဆုံးေနသည္ကို ေတြ႕ရၿပီး ေဘးအိမ္သို႔ သြားေရာက္အသိေပးေျပာၾကားခဲ့ေၾကာင္းသိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္ ၄/၂၀၁၉ ျဖင့္ အမႈဖြင့္ထားသည္။

သတင္း – တင့္ေဇာ္ထြန္း

(Unicode ဖြင့်ဖတ်ရန်)

မိုင်းဖြတ်မြို့၌ မိသားစုဝင်ခြောက်ဦး အဆိပ်သောက်သေကြောင်းကြံ၊ လေးဦးသေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့၌ စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က မိသားစုဝင်ခြောက်ဦး အဆိပ်သောက်ကာ သေကြောင်းကြံစည်မှုတွင် မိဘနှစ်ပါးနှင့် သားနှစ်ဦး သေဆုံးခဲ့ပြီး မောင်နှမနှစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အသက်ရှင်ကျန်ရစ်သူ သမီးဖြစ်သူကို စစ်ဆေးချက်အရ သေဆုံးသူမိဘများမှာ စားဝတ်နေရေးအဆင်မပြေသည့်ကိစ္စနှင့်ပတ်သက်၍ မကြာခဏ ညည်းတွားသည်ကို ကြားသိရကြောင်းသိရသည်။

သေကြောင်းကြံစည်သူများနှင့်သေဆုံးသူများမှာ မိုင်းဖြတ်မြို့ ဈေးတန်း (ကွက်သစ်) ရပ်ကွက်နေ ဦးအားမြှာ (၄၆) နှစ်၊ဒေါ်အီနား (၄၈) နှစ်၊ မောင်ထောမေ (၁၅) နှစ်နှင့် မောင်နေလင်းထွန်း အသက်ရှစ်နှစ်တို့ဖြစ်ပြီး နှာခေါင်းနှင့် ပါးစပ်များတွင် အမြှုပ်နှင့် သွေးများထွက် သေဆုံးခဲ့ခြင်းဖြစ်သည်။

အထက်ပါသတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးချက်အရ မိဘနှစ်ဦးဖြစ်သူ ဦးအားမြှာနှင့် ဒေါ်အီနားတို့သည် လားဟူအခေါ် နံငိုပင်အမည်ရှိ အဆိပ်ပင်၏ အမြစ်နှင့်အရွက်တို့ကို ရေနွေးကရားဖြင့် ကျိုချက်ပြီး သားသမီးလေးဦးကို ဦးစွာတိုက်ကျွေးပြီးနောက် ၎င်းတို့လင်မယားမှာ နောက်ဆုံးမှ သောက်ကာ အိပ်ရာဝင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် သားသမီးလေးဦးတွင် မနောမိ (၁၃) နှစ်(ဆဌမတန်းကျောင်းသူ)နှင့် မောင်ဆီလှ ကိုးနှစ်(တတိယတန်းကျောင်းသား)တို့မှာ ခဏအကြာတွင် အော့အန်ပြီး ပြန်အိပ်ခဲ့ကြောင်းနှင့် နံနက် ၇ နာရီဝန်းကျင်တွင် အိပ်ရာမှနိုး၍ ဘေးသို့ကြည့်လိုက်ရာ မိဘများအပါအဝင် လေးဦးမှာ သေဆုံးနေသည်ကို တွေ့ရပြီး ဘေးအိမ်သို့ သွားရောက်အသိပေးပြောကြားခဲ့ကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် ၄/၂၀၁၉ ဖြင့် အမှုဖွင့်ထားသည်။

သတင်း – တင့်ဇော်ထွန်း

-Ads-
-Ads-