



-Ads-
-Ads-




ဓာတ်ပုံ – MOI

………………………………………………………..

(Unicode Version)

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံသည့် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးကျော်တင်နှင့် ၎င်းတို့၏ဇနီးများက ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများကို ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ည ၇ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့် နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာ မြက်ခင်းပြင်သို့ ရောက်ရှိကြပြီး ညစာစားပွဲသို့ တက်ရောက်လာကြသည့် သံအမတ်ကြီးများ၊ နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် ၎င်းတို့၏ဇနီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီးဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးမျာ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံအမတ်ကြီးများ၊ နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် ၎င်းတို့၏ဇနီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူနှင့် ၎င်း၏မိသားစုများ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြပြီး (ဝဲပုံ) ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြသည်။

ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ဓာတ်ပုံ – MOI

-Ads-
-Ads-