စပိန်နှင့် ဆွီဒင် နှစ်နိုင်ငံသို့ ဗိုင်းရပ်စ် ကူးစက်

စပိန်နှင့် ဆွီဒင်နိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်ဦးစီ ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း ချန်နယ်နယူးအေးရှားသတင်းဌာနက ယနေ့ ညနေပိုင်းတွင် အတည်ပြုဖော်ပြသည်။

ဆွီဒင်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူအမျိုးသမီးတစ်ဦးဖြစ်ပြီး ဆွီဒင်နိုင်ငံ တောင်ပိုင်းမှဖြစ်ပြီး မကြာသေး မီက တရုတ်နိုင်ငံ ၀ူဟန်မြို့သို့သွားရောက်လည်ပတ်ခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် ဇန်န၀ါရီ ၂၄ ရက်က ၀ူဟန်မြို့မှ ဆွီဒင်နိုင်ငံသို့ ပြန်လာသူဖြစ်ကြောင်း ဆွီဒင်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသော အမျိုးသမီးကို အနီးကပ်စောင့်ကြည်ကာ ပြုစုကုသပေးနေကြောင်း ဆွီဒင်ကျန်းမာ ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာရင်တက်မက် ၀ီဆဲလ်က ပြောသည်။

ကာနာရီအက်စ်ဒေသရှိ လာဂိုမီရာကျွန်းတွင်နေထိုင်သော လူတစ်ဦးထံမှ ဗိုင်းရပ်စ်ကူးစက်ခံထားသည်ကို ပထမ ဆုံးအကြိမ်တွေ့ ရှိခဲ့ကြောင်း စပိန် အမျိုးသားအဏုဇီဝဗေဒဌာနကလည်း သတင်းထုတ်ပြန်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူသည် ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့်အဆက်အသွယ်ရှိသူဖြစ်ပြီး လာဂိုမီရာကျွန်းတွင် လေ့လာရေးပြုလုပ်ရန်လာရောက်သည့်အဖွဲ့ဝင်ငါးဦးထဲပါဝင်သူဖြစ်ကြောင်း စပိန်ကျန်းမာ ရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်သည်။

ဝူဟန်ဒေသတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့ ညနေ ၅ နာရီအထိရရှိသည့် သတင်းအချက်အလက်များအရ တရုတ်နိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၅၉ ဦးသေဆုံးခဲ့ပြီး ၁၁၈၂၁ ဦး ကူးစက်ခံထားရကြောင်း CGTN သတင်းဌာနက ဖော်ပြသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသော နေရာဒေသအရေအတွက်လည်း များလာခဲ့ပြီး တရုတ်နိုင်ငံအပါအ၀င် နေရာ ဒေသစုစုပေါင်း ၂၇ နေရာသို့ကူးစက်ပျံ့နှံလာခဲ့ကြောင်း ယနေ့ညပိုင်းတွင် ဖော်ပြသော သတင်းများအရသိရ သည်။

တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဗီယက်နမ် ၊အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနှင့် ဂျာမနီနိုင်ငံတို့တွင် ယနေ့ညနေပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တိုးခဲ့သည်။

တရုတ်နိုင်ငံပြင်ပ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော နေရာပေါင်း ၂၆ နေရာတွင် ကူးစက်ခံထားရသူဦးရေ ၁၆၄ ဦးရှိနေသည်။
တရုတ်နိုင်ငံအပါအ၀င် နေရာဒေသပေါင်း ၂၇ ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်စုစုပေါင်းသည် ယနေ့ ညနေ ၅ နာရီအထိ ၁၁၉၈၅ ဦးရှိနေသည်။

သတင်း – ဇက်အမ်အို
Ref ; CGTN,Wikipedia