ကိုဗစ်-၁၉ ရယ်၊ ကုန်ဈေးနှုန်းရယ်၊ ကျန်းမာရေးအသိရယ်

COVID-19 နှင့်ပတ်သက်၍ WHO က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာလိုက်သည်။ နိုင်ငံလည်းလှုပ်ရှားသွားသည်။ ပြည်သူများလည်း လှုပ်သွားသည်။ နိုင်ငံကတော့ တာဝန်ရှိသူများ လှုပ်ကိုလှုပ်ရမည့်အချိန်ဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ရောဂါကူးစက်မှု ကင်းလွတ်နေသည်မှာ မြန်မာနှင့် လာအို။ အချိန်မရွေးကူးစက်လာနိုင်သည့် အခြေအနေ။ ဤအခြေအနေမျိုးတွင် နိုင်ငံတော်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် အမှုအလုပ်ကို အရေးပေါ်တိုင်ပင်ဆွေးနွေးပြီး လုပ်ကြရမည်သာဖြစ်သည်။ သို့ဖြစ်၍လည်း သမ္မတရုံးက အချိန်မီထုတ်ပြန်၊ အချိန်မီ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ခြင်း ဖြစ်ပေမည်။ထိုအချိန်ထိ မြန်မာနိုင်ငံတွင် ရောဂါပိုးမတွေ့သေး။ သံသယလူနာများအဖြစ်သာ ရှိနေသေးသည်။

နိုင်ငံအနေဖြင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် သိရှိလာပြီးနောက် ပြင်ဆင်ချိန်တွင် ပြည်သူများ၏ စိုးရိမ်စိတ် မြင့်တက်လာသည်။ သို့လော သို့လော ကောလာဟလသတင်းများက ပြည်သူအများကို ကုန်တိုက်များ၊ စီးတီးမတ်များသို့ တွန်းပို့လိုက်ကြသည်။ အလုအယက်ဝယ်ယူမှုများ ဖြစ်ကုန်သည်။ အချို့ကောင်တာများ ပစ္စည်းပြတ်သွားသည်။

စာရေးသူအနေဖြင့် စားကုန်သောက်ကုန်များအတွက် စိတ်မပူပါ။ အကြောင်းမှာ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်၊ သားငါးတို့မှာ နိုင်ငံခြားက မှာယူရသည်မဟုတ်။ ပြည်တွင်းထုတ်များသာ ဖြစ်သည်။ ပြည်တွင်းက ဆန်ကုန်သည်တစ်ဦး၏ ထုတ်ပြန်ချက်ကိုလည်း သဘောကျမိသည်။ ‘ကျွန်တော့် ဂိုဒေါင်ထဲမှာ ဆန်အိတ် ငါးသိန်းကျော်ရှိသည်။ ဈေးကြီးပေးမဝယ်ကြပါနဲ့။ လိုအပ်ရင် ရောင်းပေးပါမည်တဲ့။ တခြားကုန်သည်တစ်ဦးကမူ ဆန်သစ်များပင်ပေါ်နေ၍ ဆန်ဈေးကျနေကြောင်း။ ထို့အတူ သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်လည်း တာဝန်ရှိသူ ဦးဇော်ဌေးက အရန်ဆန်အလုံအလောက်ရှိကြောင်း၊ ဆန်ကုန်သည်များနှင့်တွေ့ဆုံကာ လိုအပ်လျှင် ထပ်မံဝယ်ယူထားမည်ဖြစ်ကြောင်း ပြောလေသည်။ သို့ဆိုလျှင် ဆန်အတွက် ပူစရာပင် မလိုတော့ပေ။

စင်စစ် ပြည်သူအချို့ပြောဆိုနေကြသကဲ့သို့ပင် ငွေကြေးပြည့်စုံသူများက အလျင်စလိုဝယ်နေကြ။ များများစားစား ဝယ်နေကြလျှင် ကုန်ဈေးနှုန်းတက်နိုင်သည်။ ထိုသို့ တက်လာလျှင် အခြေခံလူတန်းစားများ၊ လက်လုပ်လက်စားများအတွက် အခက်အခဲတွေ့နိုင်ကြောင်း၊ သို့သော်လည်း အလုအယက်ဝယ်ယူနေကြသောကြောင့် အနည်းနှင့်အများတော့ ကုန်ဈေးနှုန်း တက်နေခဲ့သည်။

“ယခုပင် ဆေးဆိုင်များတွင် အုံတိုးနေကြပြန်သည်။ အကြောင်းမှာ ထိုးဆေး၊ စားဆေးများ ပြတ်သွားမည်ကို စိုးရိမ်ကြသည်။ ဝယ်သင့်သည်ထက် ပို၍ဝယ်ထားကြသည်။ ဆေးဈေးများက တစ်မုဟုတ်ချင်း ထိုးတက်လာနေသည်။ မူလရောင်းနေကျဈေးဖြင့်မရောင်းချတော့။ ယခုကဲ့သို့ ဝယ်လိုအားများနေလျှင် ပြောဖွယ်ရာ မရှိတော့ပေ”

နိုင်ငံတော်အနေဖြင့် ကုန်ဈေးနှုန်းအဆမတန်တက်၍ ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။ ပြည်သူများကမူ ဈေးတက်ရောင်းချသူများကို စာဖြင့်၊ နှုတ်ဖြင့် သတိပေးခြင်းထက် ထိထိရောက်ရောက်ဖြင့် စံပြအရေးယူစေလိုကြသည်။ အကြောင်းမှာ ယနေ့ထိ နှာခေါင်းစည်းများ ဈေးတင်ရောင်းချလျက်ပင် ရှိနေဆဲဖြစ်သည်။

ယခုအချိန်တွင် အထူးသတိထားရမည်မှာ COVID-19 ဖြစ်သော်လည်း အလွန်အမင်းစိုးရိမ်ရန် မဟုတ်ပါ။ အကြောင်းမှာ မြန်မာနိုင်ငံတွင် ရောဂါပိုး မတွေ့သေးပါ။ သို့သော်လည်း ‘မိုးမပြိုဘူး ပြိုခဲ့လျှင်’ဆိုသည့် အတွေးမျိုးရှိနေဖို့ လိုပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အထူးဂရုပြုလိုက်နာရန် လိုပါသည်။ ထို့ပြင် အထူးဂရုပြုရန်မှာ ကောလာဟလသတင်းမှားများပင်ဖြစ်သည်။ ထိုသတင်းအမှားကြောင့် စိုးရိမ်သောကလွန်ကျူးသွားနိုင်ပါသည်။ ယင်းသို့သော စိုးရိမ်စိတ်များကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

ယခုပင် ဆေးဆိုင်များတွင် အုံတိုးနေကြပြန်သည်။ အကြောင်းမှာ ထိုးဆေး၊ စားဆေးများ ပြတ်သွားမည်ကို စိုးရိမ်ကြသည်။ ဝယ်သင့်သည်ထက် ပို၍ဝယ်ထားကြသည်။ ဆေးဈေးများက တစ်မုဟုတ်ချင်း ထိုးတက်လာနေသည်။ မူလရောင်းနေကျဈေးဖြင့် မရောင်းချတော့။ ယခုကဲ့သို့ ဝယ်လိုအားများနေလျှင် ပြောဖွယ်ရာ မရှိတော့ပေ။

ယခုအခါ ဓာတ်ဆီဈေးများ ကျ၏။ ဘဏ်အတိုးနှုန်းများလည်း လျှော့ချပေး၏။ စီးပွားရေးထိခိုက်နိုင်သူများအတွက် အတိုးနှုန်းလျှော့၍ ငွေချေးပေးရန် စီစဉ်လာကြ၏။ တစ်ဖက်က အထောက်အပံ့ဖြစ်စေသည့် ဆောင်ရွက်မှုများရှိလာသကဲ့သို့ ကုန်သည်ကြီးများ အသင်းအနေဖြင့်လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ လက်လီလက်ကားဈေး ကွာဟမှုမမြင့်မားဘဲ ပြည်သူ့လက်သို့ အရောက်ဖြန့်ချိနိုင်စေလိုပါသည်။ ထို့ပြင် နိုင်ငံတော်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာရန်ဖြစ်သည်။ထိုနည်းတူ လိုသလို ပုံကြီးချဲ့သတင်းများကိုလည်း ပယ်ရှားနိုင်ဖို့ လိုသည်။ ဥပမာ-အတာသင်္ကြန်ကာလတွင် လူစုလူဝေးပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်းများ မပြုလုပ်ရန် ပိတ်ပင်ထားသော်လည်း မြန်မာ့ရိုးရာအစဉ်အလာအရ ဘုရားကျောင်းကန်သွားခြင်း၊ ရပ်ရွာများအတွင်း ရေပက်ကစားခြင်းမျာကိုမူ မကန့်သတ်ထားပေ။

ထို့အတူ မည်သည့်ဈေးများ မည်သို့ပင် ကျနေစေကာမူ ကုန်ဈေးနှုန်းမကျ။ ထပ်၍သာတက်နေလျှင် အခြေခံပြည်သူများ ပို၍ဆင်းရဲဒုက္ခ တွေ့မည်သာဖြစ်သည်။ ကုန်ဈေးနှုန်းကတက်ပြီးလျှင် ကျရိုးမရှိတော့ပေ။ ဆန်ရေစပါး စားသောက်ကုန်ပေါများလှသည့်နိုင်ငံတွင် ပြတ်လပ်သွားဖွယ် လုံးဝမရှိနိုင်ပါ။ ဝယ်ယူသည့် ပြည်သူများကလည်း ချင့်ချိန်ဝယ်ယူစေလိုပါသည်။ တစ်ဖက်ကလည်း ကျန်းမာရေးအသိဖြင့် ရောဂါကူးစက်ခံရခြင်းမျိုးမရှိအောင်၊ မပျံ့နှံ့အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ကလည်း အရေးကြီးလှပါကြောင်း။

ရေးသူ – ခင်မောင်ဌေး(ပညာရေး)