ကန္နားဈေးကြီးဟောင်း နှစ်ပြားတန်ဆောင်း

နှစ်ပြားတန်ဆောင်းအတွင်းရှိ ဆင်းတုတော်နှင့်ကမ္ပည်းမှတ်တမ်း။
နှစ်ပြားတန်ဆောင်းအတွင်းရှိ ဆင်းတုတော်နှင့်ကမ္ပည်းမှတ်တမ်း။

ကျွန်တော်၏ ‘တစ်မတ်၊ နှစ်ပြားတန်ဆောင်းနှင့်သိမ်ကြီးဈေး’ ဆောင်းပါး(၂-၃-၂၀ စံတော်ချိန်)ကို ဖတ်ပြီးနောက် မိတ်ဆွေကြီး ဦးမြင့်ဦးက ‘နှစ်ပြားတန်ဆောင်းဆိုတဲ့ အသုံးပါသည့် တန်ဆောင်းကြီးမှာ အနောက်မုခ်စောင်းတန်းက ၁၂၉၉ (၁၉၃၇)မှာ ဆောက်လုပ်တာပါ။ နန်းမတော်မမြလေး လှူခဲ့တဲ့တန်ဆောင်း မီးခပြီးတော့မှ ပြန်တည်ဆောက်ပေးတာပါ။ နှစ်ပြားတန်ဆောင်းဆိုတဲ့ ကမ္ပည်းတပ်ပြီး ပထမဆုံး ရွှေတိဂုံစေတီပေါ်မှာ တည်ဆောက်ခဲ့တဲ့တန်ဆောင်းက ရင်ပြင်တော် တနင်္ဂနွေထောင့်နှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ နောင်တော်ကြီးစေတီအနီးက ၁၂၇၅(၁၉၁၄)ခုနှစ်က တည်ဆောက်ခဲ့တဲ့ ကန္နားဈေးကြီးဟောင်း နှစ်ပြားတန်ဆောင်း (မူရင်းသတ်ပုံအတိုင်း)ပါ’ဟု ဆိုလာပါသည်။

ကမ်းနားဈေးကြီး(မြူနီစီပယ်ဈေး) မြစ်ဘက်မှ မြင်ကွင်း။

မှန်ပါသည်။ ရွှေတိဂုံစေတီရင်ပြင် တနင်္ဂနွေထောင့်တွင် ယခုအခါတွေ့ရမည့် (ဒေါ်ဒဂုန်ခင်ခင်လေး မဟာဗောဓိစေတီနှင့်ကပ်လျက်)လှပသောတန်ဆောင်းကြီး ဖြစ်ပါသည်။ ထိုတန်ဆောင်း၏ နံရံတွင် စကျင်ကျောက်ဖြင့် ရေးထွင်းထားသည့် ကမ္ပည်းစာမှာ- ‘၁၂၇၅-၁၉၁၄ ကန္နားဈေးကြီးဟောင်းနှစ်ပြားတန်ဆောင်း၊ ဗုဒ္ဓသာသနာ့ ဝေယျာဝစ္စအသင်း၊ ကန္နားဈေးကြီးဟောင်းနှင့် ဗိုလ်ချုပ်ဈေးအများကောင်းမှု’ဟူ၍ ဖြစ်သည်။

တနင်္ဂနွေထောင့်ရှိ ၁၉၁၄ ခုနှစ်ကတည်ခဲ့သော နှစ်ပြားတန်ဆောင်း။

တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မြတ်များ၏ ရှေ့တွင်ရှိသည့် သံပန်း၌လည်း ‘၁၂၇၅ ခု(၁၉၁၄) ဗုဒ္ဓသာသနာ့ဝေယျာဝစ္စအသင်း၊ ကန္နားဈေးကြီးဟောင်း နှစ်ပြားတန်ဆောင်း ၁၃၁၃ ခုနှစ် မီးခ၍ တစ်နှစ်တည်းတွင် ပြန်လည်ပြုပြင်သည်’ဟူသော ကြေးကမ္ပည်းစာကိုပါ တွေ့နိုင်ပေသည်။(ပုံ-ရှု)

ထို့ကြောင့် ထိုနှစ်ပြားတန်ဆောင်းကြီးကား သိမ်ကြီးဈေးထက် ရှေးကျသော ကန္နား(ကမ်းနားဈေးကြီး)မှ ဈေးသူ၊ ဈေးသားများ ဦးဆောင်သည့် ဗုဒ္ဓသာသနာ့ဝေယျာဝစ္စအသင်းသား(ပြည်သူအများ)ကောင်းမှု ဖြစ်လေသည်။ ဤတွင် ကမ္ပည်းစာအလာ ‘ကမ်းနားဈေးကြီး’အကြောင်းနှင့် ‘ဗိုလ်ချုပ်ဈေး-စကော့ဈေးကြီး’အကြောင်း ပြန်၍ပြောပြရန် လေ့လာရှာမှီးရပါတော့၏။

နှစ်ပြားတန်ဆောင်းအတွင်းရှိ ဆင်းတုတော်နှင့်ကမ္ပည်းမှတ်တမ်း။

ဤတွင် ဈေးကြီးနှစ်ဈေးအကြောင်း မဆိုမီ ကျွန်တော့်မိတ်ဆွေ ဦးမြင့်ဦးအကြောင်း အနည်းငယ် ဆိုခွင့်ပြုပါ။ သူသည် ကျွန်တော့်အောက် နှစ်နှစ်၊ သုံးနှစ်သာ ငယ်သူဖြစ်ပါသည်။ ၇၀ ကျော်ပြီး ဖြစ်ပါသည်။ တပ်မတော်မှ အငြိမ်းစားအရာရှိ တစ်ဦးဖြစ်၏။ DSA အမှတ်စဉ်(၁၂) မှ ဖြစ်သည်။ စာပေနှင့် သမိုင်းဝါသနာထုံသူ ဖြစ်သည်။ အလေ့အလာ အစုအဆောင်းကောင်းသူဖြစ်၍ သူ့ထံမှ စုဆောင်းရှာဖွေထားသော စာအုပ်မှတ်တမ်းမြေပုံများဖြင့် ကျွန်တော့်အတွက် ကူညီပေးတတ်သူလည်း ဖြစ်၏။ ကျွန်တော်နှင့် ၁၉၈၈ လွန်နှစ်များကတည်းက ခင်မင်ခဲ့၍ သူ့အကြောင်း ကောင်းစွာသိသူဖြစ်ရာ သူ့အားမကြာခဏ ‘ခင်ဗျားက စင်မှားကတဲ့ မင်းသားဆိုတော့ ခင်ဗျာသိတာ၊ ဝါသနာပါတာနဲ့ လုပ်ခဲ့ရတာက တခြားစီမို့ အရာမထင်ဘဲ ဖြစ်ခဲ့ရတာပဲ’ဟု ဆိုမိပါသည်။ လောကတွင် ဝါသနာနှင့်အလုပ် အံမကျဘဲ လွဲချော်ကာ အချည်းနှီးဖြစ်ကြသူများလှစွာ၏။

သိမ်ကြီးဈေးထက်နှစ်များစွာ စောသော ကမ်းနား(ကန္နား)ဈေးကြီးသည် ရန်ကုန်မြို့တွင် ရှေးဦးဆုံး စတင်တည်ဆောက်ခဲ့သော အင်္ဂလိပ်ကိုလိုနီခေတ်၏ ပထမမြူနီစီပယ်ဈေးကြီးဖြစ်ပါသည်။

ကမ်းနားလမ်း(ကြက်လျှာစွန်း)ပန်းခြံ ယနေ့မြင်ကွင်း။

ထိုစဉ်က (၁၉၀၀)ရန်ကုန်အကြောင်းကို မပြောမီအလောင်းမင်းတရားကြီး၏ ရန်ကုန်အကြောင်း ဦးစွာမြင်သာအောင် ဖော်ပြပါမည်။ အလောင်းဘုရားသည် အဝန်း-၁၁၁၉ တာရှိသောမြို့ကို တည်ထောင်ကာ မူလအမည် ‘ဒဂုံ’မှ ‘ရန်ကုန်’ဟု အမည်သစ်ပေးတော်မူ၏။ (ခုနစ်တောင်-တစ်တာရှိ၍ ခေတ်သစ်အင်္ဂလိပ်မိုင်ဖြင့် တွက်ပါက ၂ ဒသမ ၂ သာသာ ရှိသည်။) မြေပုံ-ရှု။ ထိုစဉ်က အကျယ်အဝန်းမှာ- ‘မြောက်ဘက်တွင် ဆူးလေစေတီတော်၊ တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ကုန်သည်လမ်းဝန်းကျင်ရောက် ဂျူဒါအီစကယ် (ယခု သိမ်ဖြူလမ်း)၊ အနောက်ဘက်တွင် လမ်း-၃၀ သို့ မဟုတ် မောင်ထော်လေးလမ်း နယ်နိမိတ်’မျှသာ ဖြစ်လေသည်။ မြန်မာသက္ကရာဇ် ၁၁၁၇-(ခရစ်- ၁၇၅၅)တွင် တည်ခဲ့ခြင်းဖြစ်ရာ ဘကြီးတော်ဘုရားလက်ထက် ပထမ-အင်္ဂလိပ်၊ မြန်မာစစ်ပွဲ(၁၈၄၂) ရခိုင်-တနင်္သာရီနှင့် ပုဂံမင်းလက်ထက် ဒုတိယ-အင်္ဂလိပ်၊ မြန်မာစစ်ပွဲ(၁၈၅၆)တွင် အင်္ဂလိပ်လက်အောက်သို့ အောက်မြန်မာနိုင်ငံ (အောင်လံ)မြေထဲမြို့ထိ ကျရောက်ခဲ့လေသည်။

ရန်ကုန်မြို့ကို အင်္ဂလိပ်တို့သိမ်းပြီးနောက် ၁၈၇၄ တွင် မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းသည်။ မြို့အုပ်ချုပ်ရေးသည် မြူနီစီပယ်၏ တာဝန်ဖြစ်လာသည်။ (Municipal = relating to the government of a city or town.)

“သိမ်ကြီးဈေးထက် နှစ်များစွာစောသော ကမ်းနား(ကန္နား)ဈေးကြီးသည် ရန်ကုန်မြို့တွင် ရှေးဦးဆုံး စတင်တည်ဆောက်ခဲ့သော အင်္ဂလိပ်ကိုလိုနီခေတ်၏ ပထမမြူနီစီပယ်ဈေးကြီး ဖြစ်ပါသည်”

‘More successful was the establishment of a municipal bazaar by the Strand Road, opposite the Southern end of Mogul Strut and China street. The bazaar was brought into use in March 1876. xxx The market was graced with an ornamental fountain, fed from a well in Eward Street. xxx A History of Rangoon by B.R.Pearm
PP.227

စကော့ဈေးကြီး တည်ဆောက်နေစဉ် (၁၉၂၃ မြင်ကွင်း)။

မြူနီစီပယ် ကမ်းနား(ကန္နား)ဈေးကြီးကို ကမ်းနားလမ်းပေါ် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)နှင့် တရုတ်တန်းလမ်း (နောင်အခါ -ရွှေတိဂုံဘုရားလမ်းဟု အမည်ပြောင်းလဲခေါ်ခဲ့သည်)၏ တောင်ဘက်၌ တည်ဆောက်ခဲ့သည်။ ထိုဈေးမှာ ၁၈၇၆ မတ်လတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ _ ဈေးကြီးတွင် ရေပန်းဖြင့် အလှဆင်ထားရာ (၎င်းနှင့်အနီးဆုံးဖြစ်သော) အက်ဒွပ်လမ်း (ယခု ကုန်ဈေးတန်းလမ်း-အောက်ပိုင်း)ရှိ ရေတွင်းတစ်တွင်းမှ ရေကိုသွယ်ယူထားခြင်းဖြစ်သည်။

ရန်ကုန်သည် နှစ်အနည်းငယ်အတွင်း တိုးတက်လာသည်။ ‘မြောက်သို့လားသော် ကမာရွတ်၊ တောင်သို့လားသော် ဒလ၊ ခနောင်တို့၊ အရှေ့လားသော် ပုဇွန်တောင်ချောင်းမှ တစ်ဖာလုံခန့်ဝေးသော သန်လျင်နှင့်မျက်နှာချင်းဆိုင် ပဲခူးမြစ်၊ အနောက်သို့လားသော် ခနောင်တိုချောင်း’အထိ ကျယ်ဝန်းလာသည်။

သိမ်ကြီးဈေးအစ စူရတီဗရားသားဗဇား (နာရီစင်နှင့်)။

ဤမြေပုံတွင် ရွှေတိဂုံဘုရားလမ်းနှင့် ကုန်သည်လမ်း၊ ကမ်းနားလမ်းဆုံရာ (ယခု-၃ နံပါတ်ဂိတ်- No-3 Shed နေရာ)တွင် municipal bazaar ဟု ပြထားသည်ကို တွေ့ရပေမည်။ ထို့အတူ ကုန်သည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းဆုံရာ ကမ်းနားလမ်း(ကြက်လျှာစွန်း ပန်းခြံပြုလုပ်ထားသောထောင့်ကလေး)တွင် ယာယီဈေးကလေး တည်ဆောက် ဖွင့်လှစ်ပေးခဲ့သေးသည်။ (ထို့နောက်မြူနီစီပယ် အင်ဂျင်နီယာဌာနအဖြစ် ပြောင်းလဲခဲ့၏။ ယခုလည်း ရုံးသစ်ဖြင့် တွေ့နိုင်သေးသည်။)

ထိုကမ်းနားဈေးကြီးသည် စတင်ဖွင့်လှစ်သော ၁၈၇၆ မှ ၁၉၂၃ စကော့ဈေး (ဗိုလ်ရန်နိုင်ဈေး-ဗိုလ်ချုပ်အောင်ဆန်းဈေး) မတည်ဆောက်မီကာလအတွင်း နှစ် ၅၀ ခန့် တည်ရှိဖွံ့ဖြိုးခဲ့သည်။ ထို့ကြောင့်လည်း ယခုဆောင်းပါးစာတမ်း၏အစတွင် ဖော်ပြခဲ့သော ကန္နားဈေး (ကမ်းနားဈေး) နှစ်ပြားတန်ဆောင်းကြီးကို ရွှေတိဂုံရင်ပြင်ပေါ်၌ ဈေးသူဈေးသား (ပြည်သူများ)နှင့် ဗုဒ္ဓသာသနာ့ ဝေယျာဝစ္စအသင်းက ကြီးမှူးတည်ဆောက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၀၀ ပြည့်နောက်ပိုင်း ရန်ကုန်မြေပုံ။

ထို တန်ဆောင်းကြီးသည် ၁၃၁၃ (၁၉၅၁)တွင် ရွှေတိဂုံရင်ပြင် မီးခ၍ အတန်ငယ်ပျက်စီးခဲ့သည်။ ထိုအခါတွင် ကမ်းနားဈေးဖျက်ပြီး စကော့ဈေး (၁၉၂၆ တွင် ဖွင့်လှစ်သည်) ဖွံ့ဖြိုးလာသော (ဖဆပလခေတ်)ကာလဖြစ်ရာ ကမ်းနားဈေးတစ်ဖြစ်လဲ စကော့ဈေး (ဗိုလ်ချုပ်ဈေး)က ဦးစီးပြုပြင်ခဲ့သည်။ ထို့ကြောင့် တန်ဆောင်း၏ နံရံကမ္ပည်းကျောက်ပြား၌ ‘ကမ်းနား (ကန္နားဈေးကြီး ဟောင်း)နှင့် ဗိုလ်ချုပ်ဈေးအများကောင်းမှု’ စာတန်း ရေးထိုးထားခြင်းဖြစ်၏။ (ပုံရှု)

စကော့ဈေး တည်ဆောက်ခဲ့ပုံကို-
xxx In 1920 the (bazaar) site should be sold for 27 lakh of rupees, the money to be expended in erecting a new market, xxx known as the Scott Market, after Mr.Gavin Scott, the Municipal Commissioner, was complered in 1926. The new Strand Wharf was completed in 1930 and formally opened in February 1931.
(B.R.Pearn- P 284)

၁၉၂၀ ပြည့်နှစ်တွင် ကမ်းနားဈေးကို ရူပီးငွေ ၂၇ သိန်းဖြင့် ရောင်းချပြီး ဈေးသစ်ကိုဆောက်ခဲ့ရာ မြူနီစီပယ်မင်းကြီး ဂါဗင်စကော့က ကြီးမှူးဆောက်လုပ်သောကြောင့် ‘စကော့ဈေး’ဟု ထင်ရှားခဲ့၏။ (၁၉၂၃ တွင် စဆောက်၏။) ၁၉၂၆ တွင် ပြီးစီးခဲ့၏။ ကမ်းနားဈေး နေရာဟောင်းမှာ (ပျက်စီးယိုယွင်းလာသဖြင့် ရောင်းချခဲ့ပြီး) လိုအပ်နေသော ဆိပ်ခံတံတားတည်ဆောက်ခဲ့သည်။

အလောင်းဘုရားတည်စ ရန်ကုန်မြေပုံ။

၁၉၃၀ တွင် ဆောက်လုပ်မှု ပြီးစီး၍ ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အသုံးပြုသည်။ (ယခု ၃ နံပါတ်ဂိတ်နေရာ)

စကော့ဈေး ၁၉၂၆ ဖွင့်လှစ်ခဲ့၏။ ထိုမတိုင်မီက ဤနေရာသည် ‘အင်ပိုင်ယာအော့ဖ်သီယေတာ (Empire of Theater)နှင့် အယ်ဖင်စတုန်း (Elfin Store)ရုပ်ရှင်ရုံနှင့် ရွိုင်ရယ်စီနီမာဒီပဲရစ် (Royal Cinema de Paris) များရှိခဲ့ဖူးသည်။ “စကော့ဈေး-ရန်နိုင်ဈေး(ဂျပန်ခေတ်)-ဗိုလ်ချုပ်အောင်ဆန်းဈေး (လွတ်လပ်ရေးခေတ်)”

ကမ်းနားဈေးနေရာ၌ ယနေ့မြင်ရသောအမှတ်(၃)ဂိုဒေါင်ဂိတ်အဝင်။

ဤကား ယနေ့ ရွှေတိဂုံရင်ပြင်တော်၌ ပထမဆုံး ‘နှစ်ပြားတန်ဆောင်း’အမည်ဖြင့် တည်ဆောက်ခဲ့သော ကမ်းနားဈေးကြီးသမိုင်းဖြစ်သည်။ သိမ်ကြီးဈေး နှစ်ပြားစောင်းတန်းမှာ ရေးခဲ့ပြီးဖြစ်၍ (စံတော်ချိန် ၂-၃-၂၀) ဖြည့်စွက်ဖတ်ရှုလျှင် နှစ်ပြားခေတ်ကို မြင်သာလာပါလိမ့်မည်။ ထို့ကြောင့် အလှူငွေနှစ်ပြားကား ‘စဉ်ဆက်ကျများ မိုးပေါက်လားသို့’ အိုးပြည့်၊ အိုင်ပြည့်၊ ကန်ပြည့်သော အသွင်ဖြင့် ကုသိုလ်အတိရှိခဲ့သော သက်သေများပင်တည်း။

ရေးသူ – ဦးစန်းမြင့်(မဟာဝိဇ္ဇာ)