တရုတ်နိုင်ငံ၏ အတုယူဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ် ခုခံတိုက်ဖျက်ရေးနည်းလမ်းများ

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မတ် ၁၇ ရက် မွန်းလွဲပိုင်းအထိ ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံ ၁၆၀ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် နေသူ ၁၈၂၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၇၁၀၀ ကျော်ရှိနေပါပြီ။ ရောဂါကူးစက်ခံရသူ၇၉၀၀၀ကျော်ကတော့ ပြန်လည်ကျန်းမာလာနေပါပြီ။ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကို နိုင်ငံအလိုက်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ လူ ၈၀၀၀၀ ကျော်၊ အီတလီမှာ လူ ၂၇၀၀၀ ကျော်၊ အီရန်မှာ လူ ၁၄၀၀၀ ကျော်၊ စပိန်မှာ လူ ၉၉၀၀ကျော်၊ တောင်ကိုရီးယားမှာ လူ ၈၃၀၀ ကျော်၊ ဂျာမနီမှာ လူ ၇၂၀၀ ကျော်နဲ့ အမေရိကန်မှာတော့ လူ ၄၇၀၀ ကျော် ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပါတယ်။

ဒီကူးစက်ရောဂါပိုးဟာ ကူးစက်ခံရသူတွေကို ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းထိခိုက်မှုနဲ့ အချိန်တိုအတွင်း သေဆုံးနိုင်ပြီး မထင်မှတ်ထားလောက်အောင် ကူးစက်မှု ပျံ့နှံ့မြန်ဆန်ခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ထားတဲ့ ရောဂါပါ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ယောက်မျှမတွေ့ရှိရသေးပေမယ့်လည်း ဘယ်အချိန်မှာများ ဒီရောဂါကြီး ထဖြစ်လာမလဲ၊ ဗိုင်းရပ်စ်တွေ့ရှိသူ ပေါ်ထွက်လာမလဲဆိုပြီး စိုးရိမ်မှုတွေတော့ မြန်မာပြည်သူ လူထုတွေမှာ ရှိနေကြပါတယ်။ ဒါကြောင့်လည်း အစိုးရက ဒီကူးစက်ရောဂါကြီး နိုင်ငံအတွင်း မဖြစ်ပွားအောင် လူစုလူဝေးများနဲ့ကျင်းပတဲ့ ပွဲအခမ်းအနားများ၊ အထူးသဖြင့် မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်ကြီးဖြစ်တဲ့ သင်္ကြန်လို ပွဲလမ်းသဘင် အခမ်းအနားတွေ မလုပ်ဖို့၊ မတ် ၁၃ ရက်မှ ဧပြီ ၃၀ရက်အထိ ပွဲလမ်းသဘင်များ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြီး ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပွားလာတဲ့အတွက် အခုလောလောဆယ်မှာ ဗိုင်းရပ်စ်ကို ကာကွယ်ရင်ဆိုင်နိုင်ဖို့၊ ခုခံထိန်းချုပ်နိုင်ဖို့က သော့ချက်ကျတဲ့ အရေးကြီးအချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မတ် ၁၂ ရက်က တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ထံ ဆက်သွယ် စကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ဆက်သွယ်စကားပြောရာမှာ သမ္မတရှီက ကိုရိုနာဗိုင်းရပ်စ် ခုခံတိုက်ဖျက်ရာမှာ ‘တရုတ်ပြည်အနေနဲ့ တရုတ်နည်းလမ်းများကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးလိုကြောင်း’ပြောကြားခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ တရုတ်လူမျိုးတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ခုခံတိုက်ဖျက်ရေး တရုတ်နည်းလမ်းများနဲ့ တရုတ်အတွေ့အကြုံများကိုလည်း ကမ္ဘာက လိုချင်နေကြပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ခုခံတိုက်ဖျက်ရာမှာ တရုတ်တို့ မည်သို့သော နည်းလမ်းများ အသုံးပြုခဲ့ပါသလဲ။

သုံးခဲ့သောနည်းလမ်းများ။

၁။ အစိုးရက ကျန်းမာရေးသတိပေးချက် ညွှန်ကြားစာ ချက်ချင်းထုတ်ပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကို တိုင်းနဲ့ပြည်နယ်အနှံ့ ဒေသမြို့ရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်ကြေညာပေးသလို စာတွေလိုက်ကပ်တာတွေ၊ Online ပေါ်မှာ ဖြန့်တာတွေလုပ်ပါတယ်။ အဲဒီ ကျန်းမာရေးသတိပေးချက် ညွှန်ကြားစာထဲမှာ (၁)တတ်နိုင်သမျှ အပြင်ထွက်ခြင်းကိုရှောင်ရန်၊ (၂) ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်၊ (၃) ကျန်းမာရေးသတိအမြဲရှိရန်နှင့် (၄) မိမိကိုယ်တိုင် ဆောင်ရွက်ရန်အချက်များ ပါဝင်ပါတယ်။

၂။ ကျန်းမာရေးသတိပေးချက်ပါ ညွှန်ကြားချက်များအတိုင်း လူစုလူဝေးတွေမလုပ်ဖို့ ပွဲတွေ ချက်ချင်းဖျက်ပါတယ်။ အဲဒီကာလက နှစ်သစ်ကူးပွဲတော်ကာလဖြစ်တဲ့အတွက် ပွဲမှန်သမျှအကုန်ဖျက်၊ လူစည်ကားတဲ့နေရာတွေ အကုန်ပိတ်၊ ကျောင်းတွေ အကုန်ပိတ်၊ အလုပ်တွေကို တတ်နိုင်သမျှ အိမ်မှာလုပ်ခိုင်းပါတယ်။ စားသောက်ဆိုင်တွေ အကုန်ပိတ်ရပါတယ်။ အမိန့်အရ ဘယ်သူမှ အမိန့်ကိုဖီဆန်ပြီးမလုပ်ကြရပါဘူး။ အမိန့် အာဏာဖီဆန်သူများကို ပြင်းထန်စွာ အရေးယူပါတယ်။

၃။ သားရဲတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားရာ ဈေးများပိတ်ထားရပြီး တခြားဈေးတွေ၊ စူပါမားကက်တွေ လုံးဝမပိတ်ပါဘူး။ အမြဲဖွင့်ပေးထားပါတယ်။ ပစ္စည်းတွေ အဆင်သင့် ဖြည့်ပေးထားပါတယ်။

၎။ လူတိုင်းကိုယ်စီ အပြင်ထွက်ရင် Mask တပ်ရပါတယ်။ Mask မတပ်ရင် ပထမအစက Mask တပ်ဖို့ သတိပေးပါတယ်။ နောက် Mask မတပ်ရင် ဝင်ခွင့်မပေးတာမျိုးထိ လုပ်ပါတယ်။

၅။ လူများတဲ့နေရာတိုင်းမှာ အပူချိန်တိုင်းတဲ့ စက်တွေနဲ့ ရောဂါရှိ ၊ မရှိ သေချာတိုင်းတာ စစ်ဆေးပါတယ်။ ကင်မရာနဲ့ချိန်လိုက်တာနဲ့ အပူချိန်ပြတဲ့စက်တွေ၊ လူဖြတ်လိုက်တာနဲ့ အပူချိန်တန်းပြတဲ့ အော်တိုကိရိယာတွေနဲ့ အပူချိန်တိုင်းပါတယ်။ အပူချိန်တိုင်းတဲ့ ဝန်ထမ်းတွေလည်း တချို့ ကာကွယ်ရေးဝတ်စုံပြည့်ဝတ်ထားတာ တွေ့ရပါတယ်။ ဆေးရုံတွေမှာလည်း ဆေးရုံထဲဝင်တာနဲ့ အပူချိန်စစ်ပါတယ်။ ဆေးရုံဝန်ထမ်းတချို့လည်း မျက်နှာကိုကာတဲ့ Face Cover ပြားတွေ တပ်ထားကြပါတယ်။ ဘူတာရုံ၊ ကားဂိတ် စသည့်နေရာတွေမှာလည်း အပူချိန်တွေ စစ်ပါတယ်။ အပူချိန်များပြီဆိုတာနဲ့ လုံးဝ အလွတ်မပေးတော့ပါဘူး။ အဲဒီလူကို ဆေးရုံတန်းပို့ပါပြီ။ ဘာ အကြောင်းပြချက်မှ ပေးလို့မရတော့ပါဘူး။ ဒီလိုနဲ့ ရောဂါကူးစက်တဲ့သူကို တင်းတင်းကျပ်ကျပ် ရှာဖွေပါတယ်။ (စာရေးသူတောင် အဲဒီကာလမှာ တိုက်ဖွိုက်ကြောင့်ဖျားနေတာ အပူများတယ်ဆိုပြီး ဆေးရုံတန်းရောက် သွားဖူးပါတယ်။ အဖျားအခါခါတိုင်းပြီး CT Scan နှစ်ခါရိုက်၊ သွေးစစ်ပြီး တိုက်ဖွိုက်ဖြစ်တယ်ဆိုတဲ့ ရောဂါပိုးတွေ့မှ ဆေးရုံက ဆင်းခွင့်ပေးတာပါ။ နို့မို့ အပူချိန်များတယ်ဆိုပြီး ဆေးရုံမှာ စောင့်ကြည့် ၁၄ ရက်လောက် နေရမှာပါ။ ကံကောင်းလို့ပါ။)

ရပ်ကွက်အတွင်း ဆံညှပ်ဆရာများက အခမဲ့ ဆံပင်ညှပ်ပေးစဉ်။

၆။ ရပ်ကွက်တွေရဲ့အဝင်ဝတွေကို အားလုံး အကာအရံတွေနဲ့ ပိတ်လိုက်ပြီး လူစိမ်းဝင်ခွင့်မပေးတော့ပါဘူး။ အဲဒီရပ်ကွက်လုံခြုံရေးက လူဝင်လူထွက် သေချာစစ်ပါ တယ်။ ရပ်ကွက်ထဲဝင်တိုင်း ဝင်ထွက်ခွင့်ကတ်ပြား ပြရပါတယ်။ အပူချိန်တိုင်းတာခံရပါတယ်။ လူတိုင်းရဲ့အပူချိန်ကို မှတ်ပါတယ်။ Delivery သမားတွေကို ရပ်ကွက်ထဲ လုံးဝအဝင်မခံပါဘူး။ ပစ္စည်းမှာသူကိုယ်တိုင် သတ်မှတ်ဂိတ်ဝအထိ ပစ္စည်းသွားယူရပါတယ်။ ရပ်ကွက်ထဲ သူစိမ်းမဝင်အောင် ဖျားနာသူရှိ၊ မရှိ သေချာစစ်ကြပါတယ်။

ရပ်ကွက်များအတွင်း ဝင်ထွက်ခွင့်ကတ်ပြား။ (သူစိမ်း ဝင်ထွက်ခွင့် မပြုပါဘူး။)

၇။ အစားအစာများ ကျွေးတဲ့ကင်တင်းများ လုံးဝမပိတ်ပါဘူး။ အရင်လို လူစုလူဝေးမဖြစ်အောင် အစားအစာတွေကို တစ်ခါသုံးဘူးတွေနဲ့ ထည့်ပေးပါတယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ တခြားသူတွေ ထမင်းဘူးယူဖို့နေရာကို အတူမထားပါဘူး။ အရှေ့၊ အနောက် ခွဲလိုက်ပါတယ်။ ထမင်းဘူးယူတဲ့နေရာမှာလည်း အဝင်တစ်လမ်း၊ အထွက်တစ်လမ်း လုပ်ပေးထားသလို လူတစ်ယောက်နဲ့တစ်ယောက် တစ်ပေအကွာလောက်မှာနေဖို့ အမှတ်နေရာလေးတွေ စနစ်တကျလုပ်ပေးထားပါတယ်။

၈။ နေရာတိုင်းမှာ ကျန်းမာရေးနှိုးဆော်စာတွေ ကပ်ထားပေးပြီး အခန်းထဲမှာ အပူပေးစက်(Heater)တွေ ဖွင့်ထားဖို့ သတိပေးပါတယ်။ ပြင်ပလေအခန်းထဲဝင်အောင် ပြတင်းပေါက်တံခါးတွေဖွင့်ထားဖို့လည်း ပါပါတယ်။

၉။ ဓာတ်လှေကားများမှာလည်း နံပါတ်တွေ နှိပ်ရမယ့်နေရာမှာ ရောဂါပိုးကပ်ကျန်မနေနိုင်အောင်၊ လက်ကနေ ဗိုင်းရပ်စ်ပိုးမကူးအောင် ပလတ်စတစ်အပါးပျော့စကို နံပါတ်တွေနေရာမှာ ကပ်ပေးထားသလို ဓာတ်လှေကားအတွင်းမှာ တစ်ရှူးဘူးနဲ့ အမှိုက်ပုံးပါ ထားပေးထားပါတယ်။ ဓာတ်လှေကား နံပါတ်တွေကိုနှိပ်တဲ့အခါ တစ်ရှူးနဲ့ကိုင်ပြီး နှိပ်နိုင်အောင်နဲ့ အဲဒီတစ်ရှူးလွှင့်ပစ်ဖို့ အမှိုက်ပုံးချထားပေးတာပါ။ ဓာတ်လှေကားထဲမှာလည်း ပိုးသတ်ဆေး အမြဲဖျန်းပေးပါတယ်။ သန့်ရှင်းရေးက အချိန်ပြည့်ကို တစ်ရှူးထည့်ခြင်း၊ အမှိုက်ပုံးသွန်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို အချိန်ပြည့်လုပ်ရပါတယ်။ လုပ်ပြီးကြောင်းလည်း ဓာတ်လှေကားထဲမှာ ကပ်ထားတဲ့စာရွက်မှာ ရေးရပါတယ်။

ဓာတ်လှေကားနံပါတ်များမှတစ်ဆင့် ဗိုင်းရပ်စ်မကူးစေရန် နံပါတ်များကို ပလတ်စတစ်အပျော့စားများဖြင့် ဖုံးအုပ်ပေးထားသည်။
လက်ကနေတစ်ဆင့် ဗိုင်းရပ်စ်ပိုးမကူးစေရန် နံပါတ်များနှိပ်ရန် တစ်ရှူးနှင့် အသုံးပြုပြီး တစ်ရှူးများထည့်ရန် အမှိုက်ပုံး။

၁၀။ အမှိုက်များကိုလည်း ပိုးသတ်ဆေးဖျန်းပြီးမှ သိမ်းတာ တွေ့ပါတယ်။ အိတ်နဲ့သေချာ ထုပ်ပိုးပြီးမှ စွန့်ပစ်ပါတယ်။ ဝူဟန်က ဆေးရုံတွေမှာတော့ စွန့်ပစ်အမှိုက်တွေကို သေချာပိုးသတ်ပြီးတော့ အပူပေးတဲ့ စက်ထဲထည့်ပြီးမှ အမှိုက်စွန့်ပစ်မှုတွေလုပ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် အမှိုက်များကို ပိုးသတ်ပြီးမှ အိတ်များနှင့် စနစ်တကျ စွန့်ပစ်နေစဉ်။

၁၁။ ဒီကာလမှာ သန့်ရှင်းရေးလုပ်သားတွေနဲ့ လုံခြုံရေးဝန်ထမ်း၊ အထွေထွေလုပ်သားတွေဟာ တာဝန်ကို အင်တိုက်အားတိုက် မခိုမကပ်လုပ်ကြတာ တွေ့ရပါတယ်။

၁၂။ တာဝန်ပေးခံရတဲ့ ဝန်ထမ်းတိုင်းဟာ စည်းကမ်းနဲ့ ပတ်သက်လာရင် အသိအကျွမ်းမို့၊ မိတ်ဆွေမို့ စသဖြင့် လုံးဝအလျှော့ပေးတာ မတွေ့ရပါဘူး။

၁၃။ ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြပြီး Mask များကို ဈေးနှုန်းတင်ရောင်းချခွင့် မပြုပါဘူး။ အစိုးရက တင်းကျပ်စွာအရေးယူမှုများ ပြုလုပ်ခဲ့သလို လမ်းဘေးဆေးဆိုင်များလည်း ပိတ်ထားရပါတယ်။ လမ်းတစ်လျှောက် နဂိုက ကော်ဖီနဲ့အစားအစာတွေ ရောင်းချတဲ့နေရာတွေမှာ Mask များ အလွယ်တကူ ဝယ်လို့ရအောင် အရောင်းစက်တွေ ချထားပေးပါတယ်။

လမ်းဘေးမှာတင် Mask များကို ဝယ်ယူလို့ရအောင် စီစဉ်ပေးထားသည်။
ယခင်က အစားအစာနှင့် ဖျော်ရည်များရောင်းသောနေရာတွင် Mask များ အလွယ်တကူဝယ်ယူနိုင်သည်။

၁၄။ ရုံးဌာနတွေမှာလည်း မဖြစ်မနေ ရုံးလာရသူများအတွက် Mask တွေ အခမဲ့ပေးပါတယ်။ ရုံးဌာန၊ ရုံးခန်းတိုင်းမှာလည်း ပိုးသတ်ဆေးတွေ ဖျန်းပေးပါတယ်။ လက်သန့်စင်ဆေးရည်တွေလည်း လုံလုံလောက်လောက် ပေးထားပါတယ်။ ရပ်ကွက်တိုင်းမှာလည်း ပိုးသတ်ဆေးတွေ လိုက်ဖျန်းပေးပါတယ်။

Mask များ ရောင်းချသည့်ဆိုင် ပိုးသတ်ဆေးဖျန်းနေစဉ်။

၁၅။ သတင်းမှား ဖြန့်သူများနဲ့ အမိန့်အာဏာဖီဆန်သူများကို အရေးယူဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

၁၆။ ကူးစက်ရောဂါ ဖြစ်ပွားမှုများပြားတဲ့ ဝူဟန်မြို့အပါအဝင် ဟူပေပြည်နယ်ကို Lock Down လုပ်လိုက်ပြီးနောက်ပိုင်း အဲဒီပြည်နယ်မှာရှိတဲ့သူတွေရဲ့ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှု မရှိရအောင် တခြားပြည်နယ်များမှ စားနပ်ရိက္ခာနဲ့ ဆေးဝါးများကို နေ့စဉ် ထောက်ပံ့မှု ပြုလုပ်ကြပါတယ်။ သမ္မတရှီက ‘တခြား ပြည်နယ်များသည် ဟူပေပြည်နယ်နဲ့ ဝူဟန်မြို့သက်ဆိုင် ရာ ကုန်ပစ္စည်းများရဲ့ ဖြန့်ဖြူးမှုကို အာမခံပေးရမယ်။ ပြည်သူလူထုများရဲ့ ပုံမှန်အခြေခံနေထိုင်မှုဘ၀ကို အာမခံ ပေးရမယ်’လို့ ညွှန်ကြားပါတယ်။

၁၇။ ဗဟိုအစိုးရက အကြိမ်ကြိမ် အစည်းအဝေးများ ခေါ်ယူပြီး အရေးပေါ်ဆုံးဖြတ်ချက်များကို ချမှတ်ပေးသလို ပြည်သူများရဲ့ အသက်လုံခြုံရေးနဲ့ ကျန်းမာရေး ပထမနေရာမှာထားဖို့ အမြဲမှာကြားပါတယ်။ မြို့ပြနဲ့ကျေးလက် လူနေရပ်ကွက် ထိန်းချုပ်ကာကွယ်ရေးနဲ့ ရောဂါသည်များအား ကုသပေးရေးဖြစ်တဲ့ သော့ချက်ကျရာနှစ်ခုကို ကိုင်တွယ်ထားရမယ်။ ရောဂါ တခြားနယ်သို့ ကူးစက်ပျံ့နှံ့မှုကို ပြတ်ပြတ်သားသား တားမြစ်ရမယ်။ အားနည်းတဲ့ဒေသများမှာ ထိန်းချုပ်ကာကွယ်ရေးကို အားဖြည့်ရမယ်။ ရောဂါသည်အား လက်ခံကုသမှုနှုန်းနဲ့ ရောဂါသက်သာမှုနှုန်းကို တိုးမြှင့်ရမယ်။ ကူးစက်ခံရမှုနှုန်းနဲ့ သေဆုံးမှုနှုန်းကို လျှော့ချရမယ်လို့ ညွှန်ကြားချက် ထုတ်ပါတယ်။

ဆေးဝန်ထမ်းအမြောက်အမြားဟာ အန္တရာယ်အရှိဆုံးနေရာကိုသွားပြီး ကိုယ်ကျိုးမဖက် စွမ်းဆောင်ကာ ကူးစက်နိုင်ခြေ အများဆုံးဖြစ်တဲ့ အန္တရာယ်အရှိဆုံး ရှေ့တန်းနေရာမှာ ကြိုးပမ်းဆောင်ရွက်ကြပါတယ်

၁၈။ အဓိကအားဖြင့် ကူးစက်ရောဂါဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း ဆေးဝန်ထမ်းအမြောက်အမြားဟာ အန္တရာယ်အရှိဆုံးနေရာကိုသွားပြီး ကိုယ်ကျိုးမဖက်စွမ်းဆောင်ကာ ကူးစက်နိုင်ခြေအများဆုံးဖြစ်တဲ့ အန္တရာယ်အရှိဆုံး ရှေ့တန်းနေရာမှာ ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ ဆေးဝန်ထမ်းများရဲ့ ဆောင်ပုဒ်က ‘တိုက်ပွဲရှိရင် ဆင်နွှဲပါမယ်။ ဆင်နွှဲရင် အောင်မြင်တဲ့အထိ ဆင်နွှဲပါမယ်’ ဖြစ်ပါတယ်။

၁၉။ တရုတ်တို့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ခုခံတိုက်ထုတ်ရေးဆောင်ရွက်ချက်မှာ သမ္မတရှီကျင့်ဖျင်ရဲ့ စိတ်ဓာတ်ခွန်အားဖြစ်စရာ မှာကြားချက်ကတော့ ‘ရောဂါဖြစ်လေလေ၊ ခေါင်းအေးအေး ထားသင့်လေလေ။ တစ်သမတ်တည်း စွဲကိုင်ရလေလေ၊ ဆတက်ထမ်းပိုး ကြိုးပမ်းအား ထုတ်ရလေလေ ဖြစ်တယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးကို အရေးအကြီးဆုံးလုပ်ငန်းအဖြစ်ထားပြီး ဆက်လက် ဆောင်ရွက်ရမယ်။ ထိုင်းမှိုင်းထုံပေခြင်း၊ ဇွဲလျှော့ခြင်း၊ ရောဂါကို တိုက်ခိုက်လိုစိတ် လျော့လာခြင်းကို ရှောင်ရှားပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ထိထိမိမိ ထိထိရောက်ရောက် ဇွဲရှိရှိနဲ့ လုပ်ဆောင်ရမယ်။ ဟူပေ ကာကွယ်ရေးတိုက်ပွဲ၊ ဝူဟန်ကာကွယ်ရေး တိုက်ပွဲအောင်သည့်တိုင်အောင် ဆင်နွှဲရမယ်’ပဲဖြစ်ပါတယ်။

ခြုံပြီးရေးသားရမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ခုခံတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့အတူ တရုတ်နိုင်ငံသားတိုင်း တစ်ယောက်မကျန် အားမာန်မလျှော့ ကိုရိုနာဗိုင်းရပ်စ် ခုခံတိုက်ဖျက်ရေး တိုက်ပွဲသစ်ကြီးတစ်ခုကို အတူလက်တွဲပြီး တိုက်ထုတ်နေတာ တကယ့်ကို အတုယူစရာလည်း ကောင်းလှပါတယ်။ စာရေးသူက အခု တရုတ်နိုင်ငံ ပေကျင်းမှာမို့ ဒီလိုအတုယူဖွယ်ရာ စည်းလုံးမှုမြင်ကွင်းတွေကို မြင်တွေ့ရတာ ကြက်သီးထမိတဲ့အထိ ခံစားရမိပါတယ်။

အခု တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားသူ အတော်လျော့သွားပါပြီ။ အခုဆိုရင် တရုတ်နိုင်ငံရဲ့လမ်းမတွေထက်မှာ Mask များတပ်ဆင်ပြီး သွားလာနေကြသူများနဲ့ ပြန်လည်စည်ကားစပြုလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ဒီလိုအချိန်မှာ ရောဂါခုခံတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ‘အခုအချိန်ဟာ သော့ချက်ကျတဲ့အချိန် ရောက်လာပါပြီ။ ခဲလေသမျှ သဲရေကျ မဖြစ်စေရအောင် ဇွဲမလျှော့ဘဲ အားတင်းပြီး နောက်ဆုံးအထိ စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်သွားဖို့ လိုပါတယ်။ နောက်ဆုံးအချိန် မရောက်သေးပါဘူး။ လုံးဝအောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ဒီအကြိမ် တားမြစ်ပွဲကို ဘက်စုံအောင်မြင်တဲ့အထိ ဆင်နွှဲသွားရမယ်’လို့ သူကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဟူပေပြည်နယ်ခရီးစဉ်မှာ တရုတ်ပြည်သူများကို မှာကြားထားတာ ရှိပါတယ်။

တရုတ်နိုင်ငံကတော့ ဒီဗိုင်းရပ်စ်ဆိုးကြီးကို ကူးစက်ခံရပြီးမှ ခုခံတိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်ခဲ့ရတာပါ။ အဲဒီအတွက် သူတို့တစ်တွေအတော့်ကို ကျားကုတ်ကျားခဲ ခက်ခက်ခဲခဲ တိုက်ထုတ်ခဲ့ရတာ မြင်ရပါတယ်။ ဒါကြောင့်လည်း ဒီရောဂါဆိုးကြီးကို တိုက်ထုတ်ခဲ့တဲ့ တရုတ်တို့ရဲ့အတုယူစရာ နည်းလမ်းများကို ရေးသားလိုက်ရခြင်းပါ။ မြန်မာနိုင်ငံမှာလည်း အခု ဒီရောဂါဆိုးကြီး ကူးစက်ခံရသူ မရှိသေးပါဘူး။ ဒါအတော့်ကို ကံကောင်းလှပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ဒီရောဂါဆိုးကြီးမဖြစ်သေးလို့ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ဖြစ်လာရင် ဘယ်လိုမှ တားဆီးမရနိုင်အောင် ဆုံးရှုံးမှုများနိုင်ပါတယ်။ ဒီရောဂါဆိုးကြီးဟာ နယ်စည်းမခြားပါဘူး။ အကောင်းဆုံးကုသ ခြင်းက ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အထိရောက်ဆုံးသော နည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာပြီး ပွဲလမ်းသဘင်များကို မလုပ်ဖို့၊ ပွဲလမ်းသဘင်များကို ရှောင်ရှားဖို့၊ လူထူထပ်တဲ့နေရာများကို မသွားလာဖို့၊ ကျန်းမာရေးသတိ အမြဲရှိဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ရေးသူ – စုသက်မှူး(မရမ်းကုန်း)