ပျားစွဲသောမုတ်ဆိတ်၊ ဘုရားပေးသောလက်ပိုင်ရှင် သာဂဒိုး

မြန်မာစာပါမောက္ခ ဆရာဦးခင်အေး(မောင်ခင်မင်-ဓနုဖြူ) က ကျွန်တော်တက္ကသိုလ်တက်တဲ့ ၁၉၆၅ ခုနှစ်ကတည်းက ကျွန်တော့်ရဲ့ မြန်မာစာ ဆရာပါ။ ဆရာက အမြဲရယ်နေတတ်ပြီး သဘောကောင်းလွန်းတာကြောင့် ဆရာ့ကိုချစ်တဲ့တပည့်တွေ ထောင်သောင်းကျော်ရှိပါတယ်။ ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ပေါ့။ အသင်းအဖွဲ့မျိုးစုံမှာ ဆရာနဲ့တွဲလုပ်ရတော့ ခုထိ အဆက်ပြတ်တယ် မရှိပါဘူး။ တစ်ခါက ဆရာနဲ့စကားစပ်မိတုန်း ‘စာရေးဆရာသာဂဒိုးရဲ့ စာတွေကိုသူ ခုနစ်နှစ်သားကတည်းက ဖတ်ဖူး၊ ကြိုက်ဖူးတဲ့အကြောင်း’ ဆရာက ပြောတယ်။ အဲဒီမှာတင် သာဂဒိုးကြိုက်တဲ့ ကျွန်တော်နဲ့ စကားတွေမဆုံးနိုင်အောင် ပြောမိကြရဲ့။

ကလောင်နာမည် ထူးထူးဆန်းဆန်း ‘သာဂဒိုး’ ဘယ်လိုဖြစ်လာတာလဲလို့ ကျွန်တော် ဆရာသာဂဒိုးကို မေးကြည့်တော့-

‘၁၉၄၆ ခုနှစ်လောက်ကပေါ့ဗျာ။ ဖဆပလဥက္ကဋ္ဌ ဘိလပ်သွားဖို့စရိတ်မရှိတော့ ရန်ပုံငွေကောက်ကြတယ်။ ကျွန်တော်က အသက် (၁၇) နှစ်လောက်ပဲ ရှိသေးတယ်။ ရန်ပုံငွေကောက်ခံရေးအဖွဲ့ဝင်ပေါ့။ သူဌေးအိမ်ရာ ဆင်းရဲသားအိမ်ပါ လိုက်ကောက်ကြရတယ်။ အဲဒီမှာ အတွေ့အကြုံတွေ အများကြီးရတယ်။ မုန့်ဟင်းခါးရောင်းတဲ့အိမ်ကလှမ်းခေါ်တယ်။ သူ့ကိုဘာဖြစ်လို့ ကျော်သွားတာလဲ။ ရန်ပုံငွေထည့်ပါရစေတဲ့။

‘အိန္ဒိယလူမျိုးတစ်ယောက်ဆိုလည်း လာမေးတယ်။ ဘာအတွက် အလှူခံတာလဲတဲ့။ ဖဆပလဥက္ကဋ္ဌ ဘိလပ်သွားဖို့ လမ်းစရိတ်လို့ပြောတာနဲ့ သူ့အိတ်ထဲပါတဲ့ပိုက်ဆံ အကုန်ထည့်သွားတယ်။ ဒါပေမဲ့ သူဌေးအိမ်တွေကျတော့ မောင်းထုတ်တယ်။ ခွေးနဲ့ ရှူးတိုက်တယ်။ တရားရေးဝန်ကြီးဟောင်း အိမ်ကျတော့ မထည့်နိုင်ဘူးလို့ ပြောင်ငြင်းလွှတ်တယ်။ ဒါတွေမကျေနပ်လို့ ဆောင်းပါးရေးတယ်။ နာမည်ကိုက ‘သာဂဒိုး(ဆိုက်ကားသမား)’ လို့ ပေးတာ။

‘အဲဒီဆောင်းပါးကို ၁၉၄၆ ခုနှစ် ဂျာနယ်ကျော်မှာ ထည့်လိုက်တာ ပါလာတယ်။ ဘိလပ်သွားရန်ပုံငွေနှင့် ကျွန်ုပ်၏ကိုယ်တွေ့ဆိုတဲ့ ဆောင်းပါးပဲ။ နောက်ပိုင်း ဆိုက်ကားသမားဖြုတ်လိုက်ပြီး သာဂဒိုးနာမည်နဲ့ စာတွေဆက်တိုက်ရေးခဲ့တာ}လို့ ဆရာသာဂဒိုးက သူ့ကလောင်နာမည်ကိစ္စကို ရှင်းပြဖူးတယ်။

ဆရာသာဂဒိုးက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာလည်း အယ်ဒီတာချုပ်တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီးလည်းဖြစ်တယ်။ ဆရာသာဂဒိုးရဲ့ သတင်းစာသမားသစ္စာ၊ စာရေးဆရာသစ္စာကြီးခဲ့ပုံကလည်း နှောင်းခေတ် စာနယ်ဇင်းသမားတွေ အတုယူစရာကောင်းလှပါတယ်။

ဖဆပလဥက္ကဋ္ဌ ဘိလပ်သွားဖို့ ရန်ပုံငွေလိုက်ကောက်တုန်းက ရန်ပုံငွေတစ်ပြားမှမထည့်ဘဲ ငါတို့က အင်္ဂလိပ်အပေါ်ပဲ သစ္စာရှိမယ်လို့ ပြောခဲ့တဲ့လူဟာ လွတ်လပ်ရေးရပြီးတဲ့အခါ အစိုးရပိုင်းမှာ ရာထူးကြီးကြီးရခဲ့တယ်။ သူ့ကို ဆရာသာဂဒိုးက ကောင်းကောင်းကြီးသိတယ်။ ဆရာသာဂဒိုး ဗမာ့ခေတ်သတင်းစာမှာ သတင်းထောက်လုပ်နေတုန်း ဗမာ့ခေတ် ဦးအုန်းခင်ဆီကို အဲဒီလူလာပါတယ်။ ဗမာ့ခေတ် ဦးအုန်းခင်နဲ့ ဝန်ကြီးချုပ်က ရင်းနှီးလို့ သူက ရာထူးတက်ချင်လို့ လာကပ်တာ။ ဦးအုန်းခင်က ဝန်ကြီးချုပ်ကို ပြောလိုက်ရင်တစ်ခွန်းပဲ။ အဲဒါကို ဆရာသာဂဒိုးက ဒီလူကြီးက ဖဆပလအဖွဲ့ကို ရန်ပုံငွေ မထည့်ဘူး၊ အင်္ဂလိပ်အပေါ်ပဲ သစ္စာရှိတယ်လို့ပြောခဲ့တာကို ရေးချလိုက်ရင် ဒါဟာ မုန်းတီးစိတ်ပါလာမယ်။

မုန်းတီးစိတ်နဲ့ရေးတာဟာ စာနယ်ဇင်းသစ္စာမဟုတ်ဘူး။ ဒါကြောင့် ဒါမျိုးတွေ ဘယ်တော့မှမရေးဘူး။ ဒါ သူရဲ့စာနယ်ဇင်းသစ္စာပဲလို့ ပြောခဲ့ဖူးတာ မှတ်သားလိုက်နာစရာပဲပေါ့။ မြန်မာ့အလင်းရော ဗမာ့ခေတ်မှာပါ ကော်လံစားအနေနဲ့ရေးခဲ့တယ်။ ကလောင်သစ္စာနဲ့ ရေးတယ်။ ရှောင်စရာရှိတာရှောင်တယ်။ ပုဂ္ဂိုလ်ရေးတွေ၊ အာဃာတစိတ်တွေနဲ့ ဘယ်တော့မှ မရေးခဲ့ဘူး။

ဆရာဇ၀န၊ ဆရာဦးထင်ကြီး၊ ဆရာ ဦးညိုမြတို့က ဆရာသာဂဒိုးရဲ့ ဆရာတွေပဲ။ သတင်းဆောင်းပါးတွေ ပုဒ်ရေ မရေမတွက်နိုင်အောင် အများကြီးရေးခဲ့သူပဲ။ ရှုမ၀မှာ ‘ဒုက္ခသစ္စာ’ဆိုတဲ့ ဝတ္ထုတိုကို ၁၉၅၈ ခုနှစ်လောက်က ရေးခဲ့တာ။ နောက်ပိုင်းဝတ္ထုတွေ အများကြီးရေးဖြစ်ခဲ့တယ်။ ဝတ္ထုအများစုက သရော်စာကဲတဲ့ ဟာသဝတ္ထုတွေပဲ။

တပ်မတော်အစိုးရခေတ်မှာ ဆရာသာဂဒိုးရဲ့ ရေးဟန်လေသံမျိုးတွေနဲ့ ဆောင်းပါးအတုတွေ သတင်းစာမှာပါလာတယ်။ ပရိသတ်အချို့က ဒါ ဆရာသာဂဒိုးက စစ်အစိုးရကို ဖော်လံဖားရေးတာပဲဆိုပြီး ဆရာသာဂဒိုးအိမ်ကို ဆဲစာတွေ ရေးပို့ကြတယ်။ အိမ်ကို အမှိုက်ထုပ်၊ မစင်ထုပ်တွေပို့တဲ့အထိ ကန့်ကွက်ကြတယ်။ တကယ်တော့ အဲဒီစာတွေကို ဆရာသာဂဒိုး ရေးတာမဟုတ်ဘူး

၁၉၅၇ ခုနှစ်မှာ ဆရာသာဂဒိုးရေးတဲ့ ဆောင်းပါးနှစ်ပုဒ်နဲ့ ပတ်သက်ပြီး အဖမ်းခံရတယ်။ ၁၂၄(က) နဲ့ ထောင်ခုနစ်နှစ်ချတယ်။ အာမခံမရဘူး။ ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရခေတ်လေ။ အစိုးရဘက်က နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စာရေးတယ်ဆိုပြီး ထောင်ချချင်ကြတယ်။ ဆရာသာဂဒိုးကတော့ နိုင်ငံတော်ကို ပိုကြည်ညိုစေချင်လို့ ရေးတာဆိုပြီး ရေးချတယ်။ နှစ်ဖက်ရှေ့နေတွေ အပြိုင်လျှောက်လဲကြရင်း နောက်ဆုံး ထောင်လေးလပဲ ကျသွားတယ်။ တပ်မတော်အစိုးရခေတ်မှာ ဆရာသာဂဒိုးရဲ့ ရေးဟန်လေသံမျိုးတွေနဲ့ ဆောင်းပါးအတုတွေ သတင်းစာမှာ ပါလာတယ်။

ပရိသတ်အချို့က ဒါ ဆရာသာဂဒိုးက စစ်အစိုးရကို ဖော်လံဖားရေးတာပဲဆိုပြီး ဆရာသာဂဒိုးအိမ်ကို ဆဲစာတွေရေးပို့ကြတယ်။ အိမ်ကို အမှိုက်ထုပ်၊ မစင်ထုပ်တွေပို့တဲ့အထိ ကန့်ကွက်ကြတယ်။ တကယ်တော့ အဲဒီစာတွေကို ဆရာသာဂဒိုးရေးတာမဟုတ်ဘူး။ ဆရာသာဂဒိုးကို မနာလိုတဲ့ အာဏာပိုင်တွေထဲက တစ်ဦးကရေးပြီး ဆရာသာဂဒိုးကို သိက္ခာချတာပဲ။ ဒါကြောင့် ဆရာသာဂဒိုးက စာနယ်ဇင်းလောကကို စိတ်နာပြီး ‘သာဂဒိုး’ ကလောင်အမည်နဲ့ ဘာစာမှမရေးတော့ဘူး။ ကျွန်တော်က (၅၁) လမ်းက ဆရာ့အိမ် မကြာခဏသွားပြီး စာတွေရေးဖို့ တောင်းပန်တယ်။ တိုက်တွန်းတယ်။

ဒါနဲ့ ဆရာက ကျွန်တော်ကိုင်တဲ့ ‘ပေါ်ပြူလာဂျာနယ်’မှာ ဆောင်းပါးတစ်ပုဒ်ပြန်ရေးတယ်။ ‘စူလာနဖာ’၊ ‘ပိစပ်’ တို့နဲ့ ပတ်သက်တဲ့ ဆေးနည်းတစ်ခုကိုပေးတဲ့ ဆောင်းပါးပဲ။လူကြိုက်များလွန်းလို့ ‘စူလာနဖာ’၊ ‘ပိစပ်’တစ်ခေတ်ဖြစ်သွားတဲ့အထိပဲ။ ဆရာရေးတဲ့ ခြေထောက်ဆားပွတ်နည်းတို့၊ မျက်စိ ကွမ်းရွက်ကပ်နည်းတို့၊ ရင်ဘတ်ကွမ်းရွက်ကပ်နည်းတို့ စတဲ့ဆောင်းပါးတွေလည်း လူကြိုက်သိပ်များတယ်။ အပတ်စဉ် ဆရာသာဂဒိုးဆောင်းပါးတွေ စောင့်ဖတ်တဲ့ပရိသတ်က မနည်းဘူး။ ပေါ်ပြူလာစောင်ရေ သိသိသာသာတက်သွားတာ ဆရာသာဂဒိုး ဆောင်းပါးတွေရဲ့ ကျေးဇူးလည်းပါတယ်။ ဆရာကြီးရဲ့ ဆေးနည်းဆောင်းပါးတွေကို စာအုပ်စုထုတ်တော့လည်း အုပ်ရေက သိန်းဂဏန်းအထိ ရောင်းရတယ်။ မြန်မာပြည်အနှံ့ ‘စူလာနဖာ’၊ ‘ပိစပ်’ တွင်ကျယ်တော့တာပဲ။

နောက်တစ်ခါ ဂယက်ရိုက်သွားတာက ဆရာသာဂဒိုးရေးပြီး ပေါ်ပြူလာမှာပါတဲ့ ‘သမိန်ဗရမ်း’ ကိစ္စ။ ဆရာကြီး ဦးဖိုးကျားက သမိန်ဗရမ်းဟာ တစ္ဆေကိုက်ခံရပြီး သေသွားတယ်လို့ရေးခဲ့တယ်။ သူသတ်ခဲ့တဲ့ ခေါင်းပြတ်ကြီးက ပြန်ကိုက်လို့ သေတယ်ပေါ့။ ဒါက ဒုတိယသမိန်ဗရမ်းလို့ ပြောတယ်။ ဆရာနိုင်ပန်းလှက သဘောမတူဘူး။ ဦးသန်းဆွေ(ထားဝယ်) ကတော့ ဒုတိယသမိန်ဗရမ်းဖြစ်ဖို့ နီးစပ်တယ်ပြောတယ်။

ဆရာသာဂဒိုးက ၁၉၅၇ ခုနှစ်လောက်ကတည်းက တရားထိုင် ဝိပဿနာလုပ်တယ်။ ထိုင်လာတာကြာတော့ ပုဂ္ဂိုလ်တွေနဲ့ တွေ့လာတယ်။ စကားပြောတာက သုံးဦး။ အဘယက္ကန်းစင်တောင်ဆရာတော်ရယ်၊ လေးကျွန်းကိုယ်တော်ရယ်၊ သမိန်ဗရမ်းရယ်။ အဲဒီမှာ သမိန်ဗရမ်းက ပြောတယ်။ သူသတ်လိုက်လို့ သေသွားသူရဲ့ အမေက စုန်းမကြီး။ အဲဒီစုန်းမကြီးက အသေကောင်ကိုစီးပြီး ကျွန်တော့်ကို သတ်တာလို့ ပြောတယ်။ ဒါကို ပေါ်ပြူလာမှာရေးတယ်။ ဆရာက ဘုရားရှေ့မှာ သစ္စာဆိုပြီး အမှန်တွေရေးတာပါလို့ ပြောတယ်။

ဆရာကြီး ရွှေဥဒေါင်းက ဗိုလ်တထောင်သတင်းစာမှာ သူရဿတီနဲ့ သူနဲ့တွေ့တဲ့အကြောင်း ရေးဖူးတာကိုလည်း ဆရာသာဂဒိုးက ‘ပေါ်ပြူလာဂျာနယ်’ မှာ ရေးဖူးတယ်။ ဆရာဇ၀နနဲ့ ဆရာသိန်းဖေမြင့်တို့က မယုံကြဘူး။ အရေးကြီးတဲ့ ဧည့်ခံပွဲတစ်ခုမှာ တော်လှန်ရေးကောင်စီဝင်တွေ တက်ကြတယ်။ ဆရာဇ၀နနဲ့ ဆရာသိန်းဖေမြင့်တို့က ဆရာကြီး ရွှေဥဒေါင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး ထိကပါး ရိကပါးပြောကြတယ်။ ကြေးမုံသတင်းစာတိုက်မှာ ကုလားမဆာရီဝတ်သရဲမတစ်ယောက်ရှိကြောင်း၊ ဒီသရဲမက လျှောက်လည်တတ်တဲ့အကြောင်း၊ သရဲမလျှောက်လည်ရင်း တစ်နေ့ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်အရောက်မှာ ဆရာကြီး ရွှေဥဒေါင်းနဲ့တွေ့ကြောင်း၊ ဒီသရဲမကို ဆရာကြီးရွှေဥဒေါင်းက သူရဿတီလို့ထင်တာဖြစ်နိုင်ကြောင်း ဟာသနှောပြီး ပြောခဲ့တယ်။

အဲဒါကို တော်လှန်ရေးကောင်စီဝင် ခပ်ကြီးကြီးပုဂ္ဂိုလ်ကြီးတစ်ယောက်ကကြားတော့ ‘ဆရာတို့ရေ ဒီကိစ္စက နည်းနည်းနက်တယ်နော်။ သတိထားရမယ်။ ဒီကိစ္စမျိုးပြောရင် ကိုယ်တိုင်လည်း လေးနက်မှုထားပြီး ကျင့်ကြံအားထုတ်မှုလည်းရှိမှ၊ လက်တွေ့လည်း အသိရှိပြီး ပြောဆိုသုံးသပ်တာ ပိုကောင်းတယ်’ လို့ အသံနှေးနှေးလေးနဲ့ ခပ်အေးအေးဝင်ပြောမှ စကားဝိုင်း ငြိမ်သွားတဲ့အကြောင်း ဆရာသာဂဒိုးက ရေးခဲ့ဖူးတယ်။

ဆရာသာဂဒိုးက တော်တော်စုံတဲ့သူပါ။ သူငယ်စဉ်ကတည်းက မိဘမဲ့ဘ၀နဲ့ လောကကြီးကို ရင်ဆိုင်လာခဲ့ပုံ။ ကျောင်းပညာ ဟုတ်တိပတ်တိ သိပ်မသင်ဖူးပဲ သိပ်ကိုကြိုးစားလွန်းတဲ့အတွက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ရောက်ခဲ့ပုံကို ကျွန်တော်တို့ကို အမြဲပြောပြတယ်။ သတင်းစာဆရာ၊ စာရေးဆရာအပြင် ဆရာက ရုပ်ရှင်ဒါရိုက်တာလည်း လုပ်ဖူးသူပဲ။

ဆရာသော်တာဆွေနဲ့ သူနဲ့ပေါင်းရေးတဲ့ ‘ပျားစွဲသော မုတ်ဆိတ်’ ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ရိုက်ခဲ့တာ သိပ်ကို အောင်မြင်တာပဲ။ ‘မေတ္တာစိမ်းစိမ်း’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း ထူးခြားတယ်။ ‘ပျိုကညာတစ်ရာပါတယ်’ လို့ ကြော်ငြာတဲ့ ဒီဇာတ်ကားမှာ အမျိုးသားတစ်ယောက်မှ မပါဘူး။ အကုန်အမျိုးသမီးချည်းပဲ။ ဇာတ်ဆောင်အမျိုးသမီး ၅၀ ကျော်အပြင် ဒေါ်ဉာဏစာဂီ သီလရှင်ကျောင်းက သီလရှင်တွေ ပရိတ်ရွတ်ခန်းပါ ထည့်ရိုက်လိုက်တော့ ပျိုကညာတစ်ရာဖြစ်သွားတာပဲလို့ ဆရာက နောက်ပြောင်ပြောဆိုပါတယ်။ ‘ဘုရားပေးသောလက်’ ဆိုတဲ့ ဇာတ်ကားကလည်း နာမည်ဆန်းသလို ဇာတ်အိမ်က သမားရိုးကျ မဲပြာပုဆိုးဇာတ်လမ်းတွေထဲက လမ်းခွဲထွက်တဲ့ဇာတ်ကားပါ။

‘ကျွန်တော် ရုပ်ရှင်ရိုက်တာက နောက်ပိုင်းရုပ်ရှင်သမားတွေနဲ့ ကွဲပြားတာရှိပါတယ်။ ကျွန်တော်တို့က စိတ်ကိုကိုင်တာ၊ ခုလူတွေက ရုပ်ကိုကစားတာ၊ ဒီနှစ်ခုခြားနားပါတယ်။ ကျွန်တော်က ရိုက်တော့မယ်ဆိုရင် သရုပ်ဆောင်ကို ဇာတ်လမ်းကြိုဖတ်ခိုင်းထားတယ်။ ရိုက်မယ့်နေ့မှာ သရုပ်ဆောင်ကို ဇာတ်ကောင်စရိုက်နဲ့ စိတ်ကိုသွင်းပေးတယ်။ စိတ်ကို လိုချင်တာကိုး’ လို့ ပြောဖူးတယ်။

ဆရာသာဂဒိုးက သူ့ဆေးနည်းတွေနဲ့ သူနုပျိုကျန်းမာနေတာတွေ့ရတယ်။ အသက် (၈၀) ကျော်လို့ မထင်ရအောင် အသားအရေက တင်းမာပြည့်ဖောင်းနေတယ်။ အသားကဝါဝင်းနေတယ်။ မျက်မှန်လုံးဝမတပ်ဘဲ စာရေး၊ စာဖတ်နိုင်တယ်။ ဆရာက လက်နှိပ်စက်နဲ့ စာရေးတာများတယ်။ ကျွန်တော် ဆောင်းပါးသွားတောင်းရင် ‘ကိုဟိန်းလတ် ခဏနေဦး’ ဆိုပြီး လက်နှိပ်စက်နဲ့ တချောက်ချောက်ရိုက်၊ နာရီဝက်လောက်ဆို ဆောင်းပါးတစ်ပုဒ် ရလာတာပဲ။

‘ကျွန်တော် ဘာစာမှမရေးတော့ဘူးဆိုပြီး စိတ်ပိုင်းဖြတ်ထားတာ၊ ကိုဟိန်းလတ်က ဆောင်းပါးအတင်းရေးခိုင်းလို့ အားနာပြီး တစ်ပုဒ်ရေးမိတာ၊ ခုတော့ ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်းပဲလား မသိပါဘူး။ ရေးလိုက်ရတာ လက်နှိပ်စက်ရိုက်လို့ကို မနည်းတော့ဘူး’ လို့ သူကပြောပြီး ကျေးဇူးတင်နေတယ်။ ထွက်သမျှ ဂျာနယ်၊ မဂ္ဂဇင်းတိုင်း ‘သာဂဒိုး’ မပါရင်မပြီး ဖြစ်ခဲ့တယ်။ တိုင်းရင်းဆေးမှတ်ပုံတင်ကိစ္စနဲ့ နေပြည်တော်ကို နှစ်ခေါက် ဆက်တိုက်သွားပြီး အပြန်မှာ အပူလျှပ်ပြီး ဆေးရုံတင်ရ။ နောက်တစ်ရက်အကြာမှာပဲ ကွယ်လွန်ခဲ့ရှာတယ်။

ဆရာသာဂဒိုးရဲ့ ဘယ်သူနဲ့မှ မတူတဲ့ တစ်မူထူးခြားတဲ့ရွှင်တယ်၊ ဘယ်လောက်လေးနက်တဲ့ အကြောင်းအရာကိုမဆို ဟာသဖောက်ပြီး နောက်မှာအတည်ပေါက်ရေးချပြတတ်တာ။ သူ့ရဲ့ကလောင်စွမ်းပဲ။ ဆောင်းပါးအတော်များများမှာ ‘ဒိုးကလေ’ ၊ ‘ဒိုးကလေ’ နဲ့ ရေးတတ်တယ်။ ရသဝတ္ထုမျိုးတွေကအစ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျန်းမာရေး စသဖြင့် ဘယ်အကြောင်းအရာကိုမဆို ဖတ်သူတိုင်းကို ဆွဲဆောင်မှုအရှိဆုံးနဲ့ သူ့အာဘော်နောက်ကို ကောက်ကောက်ပါအောင် ဆွဲခေါ်သွားနိုင်တာ ဆရာသာဂဒိုးရဲ့ အရည်အချင်းပဲ။ ဆရာသာဂဒိုးရဲ့ ဘယ်သူနဲ့မှ မတူတဲ့ တစ်မူထူးခြားတဲ့ရေးဟန်ကို မြန်မာဘာသာစကား သုတေသီတွေအနေနဲ့ သေသေချာချာ လေ့လာသုတေသနပြုသင့်တယ်။

ရေးသူ – ဟိန်းလတ်