အထက်အညာဒေသမှ အမည်ဆန်းသည့် ရှိမ္မကား(ရှိန်းမကား)မြို့သို့ ရောက်ခဲ့စဉ်

ကျောင်းကြီးမျက်နှာစာမှ အင်္ဂတေဒေါင်းရုပ်။

ယခုနှစ်ကုန်ပိုင်းခရီးစဉ်တွင် မြစ်ကြီးနားမြစ်ဆုံခရီးစဉ် အဖြစ်သွားခဲ့ကြရာ ရွှေဘိုမြို့ဘုရားစုံ၊ ဟန်လင်းမြို့လေ့လာရေး၊ မဲဇာဘေးမဲ့တောနှင့် ဗန်းမောက်ဇလုံတောင်ဘုရားဖူးခရီးစဉ်ကို နိုဝင်ဘာ (၂၀၁၉) ခရီးအဖြစ် ညီအစ်ကိုမောင်နှမများစု၍သွားခဲ့ရာ မိုးညှင်းဘုန်းတော်ကြီးကျောင်းတွင် နှစ်ညအိပ်ခရီးသတ်မှတ်ကာ လူငယ်များက ‘ဇလုံတောင်’ဘုရားဖူးသွားပြီး စာရေးသူက ဒူးနာနေ၍ ကျောင်းမှာပင်နေခဲ့သည်။

နေ့လယ်ထမင်းစားအပြီး ဥပါသကာကြီးတစ်ဦးနှင့် ဒေသအကြောင်း စကားလက်ဆုံကျစဉ် အပြန်ခရီးစဉ်ကိုမေးရာ စစ်ကိုင်းမြို့တွင် ညအိပ်၍ ထူးခြားသော နေရာဒေသများသို့သွားပါမည်ဟု ပြောမိသောအခါ စစ်ကိုင်းမြို့နှင့်မဝေးလှသော ဝက်လက်မြို့နယ်တွင် လေ့လာစရာ ရှေးဟောင်းနယ်မြေတစ်ခုရှိသည်။ ထိုနယ်မြေမှာ ‘ရှိမ္မကား’ဟုခေါ်ပြီး ရှေးဟောင်းအုတ်ကျောင်းကြီး၊ ရှေးဟောင်းကျောင်း၊ ဇရပ်၊ ရေကန်များနှင့် ရွှေသမင်ဘေးမဲ့တောကြီးရှိကြောင်း ပြောသည်။

ဥပါသကာကြီးပြောစကားနှင့် အပြန်ခရီးတွင်ဝင်ရန် နေရာတစ်နေရာထပ်တိုးခဲ့သည်က ‘ရှိမ္မကား’ဆိုသော ဒေသသို့ ဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့ညတွင် ဆရာတော်ကြီးနှင့် ဥပါသကာကြီးကိုနှုတ်ဆက်ရင်း ‘ရှိမ္မကား’ဒေသအကြောင်း မေးလိုက်မိသည်။ ဒီစကားဝိုင်းထဲ ထပ်တိုးပါလာသော ဥပါသကာကြီးတစ်ဦးက ဝက်လက်မြို့သားဖြစ်ပြီး ‘ရှိမ္မကား’ဒေသနှင့် ရင်းနှီးသူဟု ဆိုသောကြောင့် အဆင်ပြေသွားခဲ့သည်။

‘ရှိမ္မကား’ဆိုသော စာရေးဟန်သည် ရှေးအခါကဖြစ်ပြီး ယခုအခါစကားသံနှင့် ‘ရှိန်း’ကို နငယ်နှင့်သတ်၍ ‘ရှိန်းမကား’ဟု ခေါ်ကြကြောင်းမှစ၍ စကားပြောဖြစ်ခဲ့ရာ ယခုအခါ မြို့နယ် ကလေးအဖြစ် လမ်းညွှန်တပ်စာလုံးမှာ ‘ရှိမ္မကား’ဟု မနှစ်လုံးဆင့် ရေးထားသည်ဟုဆိုသည်။

ခရီးစဉ်ကို နံနက် ၈ နာရီမှာ စခဲ့သည်။ အထက်ပိုင်း အညာဒေသ ရွှေဘိုနယ်သည် ရှေးကအညာနှင့်မတူသော မြင်ကွင်းများ၊ စိမ်းစိုနေသော စိုက်ပျိုးသီးနှံယာမြေများနှင့် ပင်ကြီးပင်ငယ်မျိုးစုံကလည်း ကားလမ်းကို အရိပ်မိုးထားသည်နှယ် အေးစိမ့်စိမ့်နှင့်။ အညာမိုးရိပ်ကလေးကလည်း တစ်ခါတစ်ရံ အုံ့မှိုင်းနေပြန်သဖြင့် သာယာလှသည့် ခရီးစဉ်အဖြစ် သွားခဲ့ရသည်။

ရှိမ္မကားအုတ်ကျောင်းတော်ကြီးအဝင်လမ်းတွင်တွေ့ရသည့် ရှေးခြင်္သေ့ရုပ်များနှင့် နတ်လမ်း။

မေးမြန်းသိရှိခဲ့ရသည်က ရှိမ္မကားက ရွာကြီးပါ ဆိုသော်လည်း ‘မြို့’အဖြစ်လည်း သတ်မှတ်နိုင်ပါသည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိသောရွာပါဟု ဆိုစကားနှင့်ညီသည်။ ရွာအဝင်ဟုဆိုရမည့် လမ်းကကျဉ်းပြီး အုတ်ခဲလမ်းကလေးပါ။ ဒီလိုနှင့် ရွာအဝင်မှာ ဒေသခံထံ အကူအညီစကားဆိုလိုက်ရာ ကျွန်မတို့နှင့်အတူ လိုက်ပါခဲ့သည်။ ဒီရွာမှာ တောရကျောင်းကြီးက အထင်ကရမို့ လိုက်လံရှင်းလင်း ခရီးကြိုလုပ်ပါမည်ဟုဆိုသည်။ လမ်းဘေး လယ်ကွင်းများက ပင်ခြေစိမ်း၍ စပါးနှံများဝင်းဝါနေပါပြီ။ စိုက်ပျိုးရေးအဓိကဟု သိရသည်။

တစ်နေ့ခရီးလည်းဖြစ် ဘုရားဖူးခရီးလည်းဖြစ်မို့ ဘေးမဲ့တောသို့သွားရန် အချိန်မရ၍ တောရကျောင်းတွင်း၌သာ စုံစုံ လင်လင်သွားလာကြဖို့ ဖြစ်သည်။ ရှေးတစ်ချိန်က ‘ပျူ’နယ်မြေဖြစ်ခဲ့သောကြောင့် ‘ပျူ’ အငွေ့အသက်မကင်းသော လက်ကျန်မြင် ကွင်းဓလေ့များလည်း ရှိနေသည်ဟုဆိုသည်။ တောရကျောင်းကြီးသို့ အဝင် အုတ်လမ်းကလေးက ခပ်ကျဉ်းကျဉ်းလမ်းကြမ်း ကလေးပါပဲ။ ဧရာဝတီမြစ်ကြီးနှင့် အလွန်နီးသောနေရာဟုဆိုသဖြင့် လှမ်းမျှော်၍ကြည့်မိရာ သဘာဝတောတောင်ရှုခင်းများက နေရာယူထားသည်။

တောရကျောင်းကြီးနယ်မြေသို့အဝင်လမ်းကို ရှေးယခင်က ဦးရိုးတို့ဇနီးမောင်နှံက ကျောက်ခဲတစ်လုံးစီကို အင်္ဂတေမပါ ခင်းခဲ့ပြီး တစ်နေ့တစ်နိုင်သယ်၍ ခင်းခဲ့သောလမ်းကလေးဖြစ်ကာ ဘေးတွင်ရှိနေသော ကျောက်တုံးကြီးများက သူတို့ဇနီးမောင်နှံ လမ်းခင်းခြင်းကုသိုလ် ပြီးမြောက်မှုအမှတ်အသားဟု သိရသည်။ လမ်းကလေးအဆုံး ကျောင်းနယ်မြေသို့အဝင်၌ ခြင်္သေ့ကြီး နှစ်ကောင် ခြံရံထားသော အုတ်လမ်းကျဉ်းကို စတင်တွေ့နေရ ပါပြီ။ အနုသုခုမလက်ရာများဖြင့် မြွေလိမ်မြွေကောက်အုတ်လမ်း ကလေးက ကြည်နူးသလိုလို၊ လွမ်းဆွတ်စရာလိုလိုနှင့် ဗိသုကာ လက်ရာတွေကို ရေညှိများ ကပ်နေသည်မှာ မြင်ရခြင်းတစ်မျိုး ဖြစ်နေသည်။ ပန်းတော့လက်ရာတွေမို့ ပျက်စီးမှာ စိုးသွားမိသည်။ ရေကန်ကြီးတစ်ကန်ကလည်း ငြိမ်သက်နေသယောင်နှင့် ဟိုယခင်ကဆို ထို့ထက်ပိုသော လှပခြင်းများနှင့်ဟုလည်း တွေးလိုက်မိသည်။

တောရအုတ်ကျောင်းကြီးက နှစ်ထပ်ကျောင်းကြီးဖြစ်ပြီး အိုအိုကြီးအသွင်နှင့် ပြုပြင်ထိန်းသိမ်းသင့်သော အနေအထားပါပဲ။ ကျောင်းကြီးမျက်နှာစာမှာ ရှေးခေတ် ပန်းတော့လက်ရာစုံစွာနှင့် ကျောင်းထဲ လှည့်လည်ကြည့်မိသောအခါ ထွက်တစ်ပေါက်မှ ခေါင်းပြူမိလိုက်ရာ ခပ်ဝေးဝေးမှာ ဧရာဝတီမြစ်ကြီး၏ ကမ်းခြေ မြေနုသောင်စပ်၌ စိုက်ကွင်းစိုက်ကွက်တွေနှင့် စိမ်းစိုလို့ပါပဲ။ ကျောင်းဝင်းထဲမှာလည်း စံကားဖြူပင်ကြီးများက ထီးထီးမားမား ဖြင့် အရိမ်မိုးထားသည်။

အတူလိုက်ပါခဲ့သော ဒေသခံဦးခင်မောင်က နေရာတစ်နေရာကို ညွှန်လိုက်ရာ ကျောင်းရှေ့အုတ်လမ်းကလေးမှအဆင်းလမ်း လမ်းဆုံးလျှင် ဧရာဝတီမြစ်ကြီးကမ်းခြေသို့ ရောက်သွားပြီ ဖြစ်သည်။ တောရကျောင်းကြီးကလည်း သစ်ပင်ကြီး၊ ငယ် ဝိုင်းရံသောကုန်းပြင်မြင့်မှာ ဖြစ်ပုံရသည်။ ရှိမ္မကား(ရှိန်းမကား)သည် အမည်ဆန်းပြီး ပဟေဠိဆန်သောဒေသပင် ဖြစ်သည်။ ဤသို့ဖြင့် ဤဒေသမှာရှိနေသော တောရကျောင်းကြီး၏ ဒါယကာဖြစ်ခဲ့သူမှာ မည်သူဖြစ်သည်ကို သိရန်လိုပြီဖြစ်သည်။ ကျောင်းကြီး ဒါယကာမှာ ဘ၀ရှင်မင်းတုန်းမင်းကြီးဟု သိရသည်။ နယ်မြေအတွင်း တောရအုတ်ကျောင်းကြီး၊ ဘုန်းတော်ကြီးကျောင်း၊ ဇရပ်
ကြီး၊ ရေကန်ကြီးတို့ကိုပါ မင်းတုန်းမင်းကြီးက စာချွန်တော်ထုတ်၍ သတ်မှတ်ပေးခဲ့သော ဘေးမဲ့တောသည် ထိုစဉ်က ၃၃၄ ဧက အကျယ်ရှိသည်ဟုပါ မှတ်သားခဲ့ရသည်။

ဒေသအမည် ‘ရှိန်း’ဟူသောခေါ်ဆိုမှုသည် ပဟေဠိဆန်သလို ‘ရှိန်းဆာယာကိုယ်ပျောက်’ဆိုသော ဆိုစကားနှင့် ကိုယ်ပျောက်နိုင်သော လူတစ်ဦး၏ ပဟေဠိဆန်မှုကို စံထား၍ ‘ရှိန်း’ဆိုသော စာလုံးကိုယူကာ ‘ရှိမ္မကား'(ရှိန်းမကား)ဖြစ်ခဲ့သည်ဟု ရှေးရွာခံများက ယုံမှတ်စကားဖြင့် ပြောခဲ့သည်ကို မှတ်သားခဲ့ရသည်ဟု ဆိုသည်

မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် လှူဒါန်းသောကြောင့် ယခုအခါတွင် နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိခဲ့ပြီဖြစ်၍ အိုအိုမင်းမင်းဖြစ်ခဲ့ပြီမို့ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသည်။ ရှိမ္မကား ရောက်ဧည့်သည်များအနေဖြင့်လည်း သမိုင်းကြောင်း ထင်ရှားခဲ့ သောဒေသ၏ ရှေးဟောင်းအဆောက်အအုံများကို လေ့လာ မှတ်တမ်းတင်ကြမှာဖြစ်သဖြင့် မြန်မာဆန်သော မြန်မာကျေး လက် ရှိမ္မကား၏ ရှေးဇာတိကိုလည်း ဖော်ထုတ်မှတ်တမ်းပြုထား ဖို့လိုသည်။ ကျွန်မလည်း သိချင်၊ မှတ်ချင်နေ၍ ဦးခင်မောင်ကို မေးမြန်းမိသောအခါ ဦးခင်မောင်က သူ့မိတ်ဆွေကို ဖုန်းဆက်ခေါ်လိုက်သည်။

ရောက်လာသူမှာ ဦးဘတင်ဟုအမည်ရသော ရှိမ္မကား နယ်သားဖြစ်ပြီး တစ်ချိန်က ရဟန်းပုဂ္ဂိုလ်ဖြစ်ခဲ့သည့်အတွက် ‘ရှိမ္မကား’၏ သမိုင်းရှည်ခရီးကို သိတန်သရွေ့ သိနေသူဖြစ်၍ အဆင်ပြေခဲ့သည်။ မွေးသည်မှ ယနေ့ အသက်(၇၇)နှစ်အထိ နေထိုင်ဆဲ အဘဦးဘတင်ဆိုစကားအရ မှတ်သားခဲ့ရမှုများကို ပြန်လည်ရေးသားဖော်ပြအပ်ပါသည်။

လွန်ခဲ့သောရှေးအခါက ရှိမ္မကားသည် စည်ပင်သော ရွာကြီးဖြစ်ခဲ့ပြီး ရှေးဆန်သည့် မြန်မာရွာကြီးဖြစ်သည်။ ဒေသအမည် ‘ရှိန်း’ဟူသောခေါ်ဆိုမှုသည် ပဟေဠိဆန်သလို ‘ရှိန်းဆာယာကိုယ်ပျောက်’ဆိုသောဆိုစကားနှင့် ကိုယ်ပျောက်နိုင် သောလူတစ်ဦး၏ ပဟေဠိဆန်မှုကို စံထား၍ ‘ရှိန်း’ဆိုသောစာလုံးကိုယူကာ ‘ရှိမ္မကား'(ရှိန်းမကား)ဖြစ်ခဲ့သည်ဟု ရှေးရွာခံများက ယုံမှတ်စကားဖြင့် ပြောခဲ့သည်ကို မှတ်သားခဲ့ရသည်ဟု ဆိုသည်။

ထပ်မံ၍ ရှေးအယူအဆတစ်ခုမှာ ပုဂံကျန်စစ်မင်း လက်ထက်အခါက မုဆိုးကြီး ‘ငစဥ့်’ကိုရှာရာ ‘ငစဥ့်ကိုင်’ဆိုသော အရပ်တွင် တွေ့ဆုံမှုကိုအကြောင်းပြု၍ ငစဥ့်ကို ‘ကိုင်’တွယ်နိုင်ခဲ့သဖြင့် ‘ငစဥ့်ကိုင်’အရပ်ဟု ခေါ်ခဲ့သည်။ လမ်းခရီးတစ်လျှောက်၌လည်း ‘ငစဥ့်’သည် ‘ရှိမူကား’တွေ့ရမည်ဆိုသောစိတ်ဖြင့် ရှာဖွေခဲ့ပြီး ကျန်စစ်မင်း၏နှုတ်ထွက်စကား ‘ရှိမူကား’မှ ‘ရှိန်းမကား’ ဖြစ်လာသည်ဟု ဆရာကြီးဦးအေးမောင်၏ သမိုင်းမှတ်တမ်းအချက် အလက်အရ မှတ်သားခဲ့ရဟုလည်းဆိုသည်။

ရှိမ္မကားအုတ်ကျောင်းတော်ကြီး လိုဏ်ဘုရားသို့အဝင် အသက်ဝင်လှသော ရုပ်တုကြီးများ။

အင်္ဂလိပ်အုပ်စိုးစဉ်အခါက ရှိမ္မကားတွင် ‘ဗိုလ်ရိုင်’ဆိုသော ပုဂ္ဂိုလ်ကျော်တစ်ဦးရှိခဲ့ဖူး၏။ ရှိမ္မကားနှင့်ဝန်းကျင်ဒေသများသည် ‘ဆား’ထွက်ရာ ဧရာဝတီမြစ်ဆိပ်မှ အနယ်နယ်သို့ တင်ပို့ရောင်းချ သောလုပ်ငန်းသည် အလွန်ဖွံ့ဖြိုးနေသောအချိန်လည်း ဖြစ်၏။ ဗိုလ်ရိုင်သည် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ရှိမ္မကားနယ်တွင် တော်လှန်ရေးခေါင်းဆောင်အဖြစ် နာမည်ကြီးခဲ့သူအဖြစ် ထင်ရှားခဲ့၏။

ဤမှတ်သားစရာများသည် ‘ရှိမ္မကား’မြို့အတွက် ဂုဏ်တက်စရာ သမိုင်းဝင်များဖြစ်ခဲ့ပြီး အမွေကောင်းများ ပိုင်ဆိုင်မှုအတွက် ကျောင်း၊ ကန်၊ ဇရပ်များလည်းရှိနေသောဒေသ ဖြစ်သည်မှာ သေချာနေသည်။

တောရကျောင်းတိုက်ကြီးရှိရာ နယ်မြေအတွင်း၌ ပထမ ရွှေကျင်သာသနာပိုင်ဆရာတော် အရှင်ဇာဂရမထေရ် သီတင်းသုံးခဲ့၏။ ထိုအချိန်က သက္ကရာဇ် ၁၂၂၄ ခုနှစ်အချိန် မင်းတုန်းမင်းကြီးက တိုင်းခန်းလှည့်လည်ရင်း ရှိမ္မကားဒေသသို့ရောက်ခဲ့ရာ မူလ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ဖြစ်လာမည့် ဆရာတော် ဦးဇာဂရကိုဖူးတွေ့ရပြီး ဆရာတော်ကို ကြည်ညိုလွန်းသဖြင့် တောရကျောင်းနယ်မြေတွင် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့၏။ ထိုစဉ်က ကျောင်းအမည်ကို ‘အောင်မြေလွှတ်စံ’ကျောင်းဟု သမုတ်တော်မူကာ ကျောက်စာရေးထိုး ကမ္ပည်းတိုင်စိုက်ခဲ့၏။ ယနေ့တိုင်လည်း ထိုကျောက်စာတိုင် ရှိနေဆဲဖြစ်သော်လည်း ကျောင်းကြီးကား ပျက်စီးခဲ့၏။ ကျောင်းဆောင်အသစ်နှင့် ပုံဟန်တူ ပြန်လည်တည်ရှိနေသည်ကိုသာတွေ့ရပြီး မူလကျောင်းကြီးပုံကို ပန်းချီဆရာမင်းဟန်(ဦး)နှင့် ဇနီးဒေါ်ခင်ရီတို့က ရေးဆွဲလှူဒါန်းထားသော ပန်းချီပုံကိုလည်း တွေ့ခဲ့ရသည်။

ရှိမ္မကားရွာမှ မင်းတုန်းမင်းကြီးကောင်းမှု အုတ်တိုက်ကျောင်းတော်ကြီး။ (လွန်ခဲ့သော၁၀ နှစ်ခန့်အချိန်က)။

ထို့ပြင် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး တရားအား ထုတ်ခဲ့သော ကျောက်ဂူများနှင့် မင်းတုန်းမင်းကြီးကောင်းမှု အုတ်ကျောင်းတော်ကြီးအတွင်း၌ ရှေးဟောင်းရုပ်ပွားဆင်းတု တော်တစ်ဆူကိုလည်း ဖူးခဲ့ရသည်။

အစားထိုးဆောက်လုပ်ထားသော သစ်သားကျောင်းကြီး တွင် မူလကျောင်း၏ အုတ်တိုင်များ၊ ပွတ်လုံးလက်ကိုင်များကို တွေ့ရသည်။ ပို၍ထူးခြားသည်မှာ မင်းတုန်းမင်းကြီး၏စာချွန်တော်များ၊ သီပေါမင်း၏ စာချွန်တော်များ၊ ရှေးရှိမ္မကားမျိုးနွယ်စုများအသုံးပြုခဲ့သော စာချွန်တော်များ၊ ရတနာပုံခေတ် ရှေးဟောင်းပစ္စည်းများ၊ အနုသုခုမလက်ရာစုံပစ္စည်းများကိုလည်း ဆရာတော် အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရှိခဲ့ရသည်။

ခရီးလမ်းသင့်သော ရှိမ္မကားဒေသသည် စစ်ကိုင်းမြို့နယ် နှင့် ၂၆ မိုင်ကွာသော ဝက်လက်မြို့နယ်၌ တည်ရှိနေပြီး ရေလမ်းခရီးဖြင့်လည်း ဧရာဝတီမြစ် ရေလမ်းဖြင့် သွားရောက်နိုင်သည်။လမ်းဒါယကာဦးရိုး၏ ‘ဘိုးရိုးကျောက်လမ်း’လေးနှင့် ခြင်္သေ့ကြီး နှစ်ကောင်ကိုကျော်၍ရှည်လျားလှသော လမ်းကလေးမှ ကျောင်း တော်ကြီးအထိ ပေ ၃၀၀ ကျော်ရှည်သော အုတ်လမ်းကလေးတွင် လျှောက်ရင်း နားလိုက်၊ လျှောက်လိုက်နှင့် နောက်ပြန်ကြည့်သော် ဧရာဝတီမြစ်တွင်း မြင်ကွင်းများ၊ လျှောက်နေဆဲ တော၊ တောင်၊ သစ်ပင်ကြီးများအလှ၊ ရှေ့တစ်မျှော်တွင် ဘ၀ရှင်မင်းတုန်းမင်းကြီး ကောင်းမှု အုတ်ကျောင်းတော်အိုကြီးဆိုသော မြင်ကွင်းများသည် ‘ရှိမ္မကား’၏ သမိုင်းဝင်မှတ်တမ်းများဖြင့် မြန်မာပြည်အတွက် ဂုဏ်တက်စရာများပင်ဟု ညည်းတွားလိုက်မိသည်။

ရှိမ္မကား(ရှိန်းမကား)ဒေသသို့ သွားရောက်ကြမည့် ခရီးသွားဧည့်သည်များအတွက် စကားလက်ဆောင်ပေးလိုသည်မှာ ‘ရှိမ္မကား’သည် ဣနြေ္ဒကြီးသောမိန်းကလေးနှင့်တူ၏။ အေးချမ်းသောနယ်၊ ယဉ်ကျေးသောနယ်၊ တိတ်ဆိတ်သောနယ်၊ အမှိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်သောနယ်ဖြစ်သဖြင့် သာယာပါသည်။ အိမ်တန်းရှည်သော မြို့ငယ်ကဲ့သို့ ရွာတန်းရှည်ဖြစ်၏။ ရှေးဟောင်းအမွေအနှစ်များကို တွေ့ရမှာဖြစ်သော ‘ရှိမ္မကား’ သည် တန်ဖိုးရှိသောနယ်ဖြစ်သည်။ ဝိုင်းဝန်းစောင့်ရှောက်ခြင်း ဖြင့် မြန်မာလူမျိုးများဂုဏ်ကို ထိန်းသိမ်းရန်လိုသည်။

ယခုအခါ ရှိမ္မကား(ရှိန်းမကား)သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ရောက်သင့်သလောက် ရောက်လာပြီဖြစ်သည်။ အညာဒေသ စစ်ကိုင်းတိုင်းဒေသကြီးသည် ခြောက်သွေ့သည့် သဘောရှိ၏။ စိမ်းစိမ်းစိုစို သစ်တောပျိုများနှင့် စိမ်းလန်းနေသော်လည်း ‘မီး’သတိထားရန်လို၏။ ထို့ကြောင့် ‘မီး’ဖြစ်လာမည့် ဆေးလိပ်တိုမီးကို အထူးသတိပြုရပါမည်။

ယခု ရှိမ္မကားဒေသခရီးစဉ်တွင် လိုက်ပါရှင်းလင်းပေး သော ဒေသခံဦးခင်မောင်နှင့် သူ၏မိတ်ဆွေ ဦးဘတင်တို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။ ဆယ်ဖြာသောလက်ဖြင့် ဦးတင်၍လည်း ကျေးဇူးတင်ပါသည်။ စာရေးသူသွားလိုသည်ကို မညည်း မညူပို့ဆောင်ပေးသော ညီအစ်ကိုမောင်နှမများကိုလည်း ကျေးဇူးတင်သည်။ ခရီးစဉ်ကို အစဖော်ပေးခဲ့သော မိုးညှင်းမြို့ ဘုန်းတော်ကြီးကျောင်းမှ ဥပါသကာကြီးဦးကျင်နှင့် မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်ဟု ကျေးဇူးစကားဖြင့် ရှိမ္မကားဒေသရောက် လေ့လာမိခဲ့သမျှကို စာတစ်ပုဒ်ရေး၍ ရှိမ္မကား(ရှိန်းမကား)မြို့/ဒေသကို ကျေးဇူးဆပ်လိုက်ပါသည်။

ရေးသူ – မြမဉ္ဇူဝေ(ကျုံမငေး)