ကူးစက်ရောဂါရဲ့ နိုင်ငံရေး

အစိုးရတွေအားလုံး ရုန်းကန်နေကြရတယ်။ တချို့ကပိုရုန်းကန်ကြရမယ်။

ဘာတွေဖြစ်ကြမလဲဆိုတာသိရအောင် အီတလီက ချမ်းသာတဲ့ Lombardy ဆိုတဲ့ ဒေသလေးကို ကြည့်ရအောင်။ အဲဒီဒေသကဆေးရုံတွေဟာ ကမ္ဘာ့အဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်နိုင်ကြတယ်။ အရင်တစ်ပတ်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို နိုင်နင်းမယ်လို့ ထင်ထားတယ်။ ဒီလိုနေတုန်း အဆုတ်ရောင်ရောဂါဆိုပြီး လူနာတွေလှိမ့် ဝင်လာကြတယ်။ အောက်ဆီဂျင်တွေ၊ အသက်ရှူစက်တွေ ပြတ်ကုန်တယ်။ အချို့ဆေးရုံတွေမှာ ဝန်ထမ်းတွေက မနိုင်တော့လို့ ကုသမပေးနိုင်ဘဲ အသက်ဆုံးရှုံးရတဲ့သူတွေ ရှိလာတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးအရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ အခုလည်း ကူးစက်မှုမြန်လာလိုက်တာ တရုတ်ပြည်ပြင်ပ ၁၁၂ နိုင်ငံမှာ ကူးစက်ခံရသူ ၄၅၀၀၀၊ သေဆုံးသူ ၁၅၀၀ လောက်ရှိနေပါပြီ။ ပညာရှင်တွေက အီတလီမှာဖြစ်တာဟာ စပိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ ဗြိတိန်တို့ထက် တစ်ပတ်၊ နှစ်ပတ်လောက်စောသတဲ့။ အီဂျစ်တို့၊ အိန္ဒိယတို့လို အဆက်အသွယ်နည်းတဲ့ နိုင်ငံတွေမှာ နောက်ကျတယ်ဆိုပေမယ့် တအားကြီး နောက်ကျတာမျိုး မဟုတ်ဘူး။

အခုလို အကျပ်အတည်းဖြစ်တာနဲ့ စီးပွားရေးအရ ဂယက်ရိုက်ခတ်မှုမျိုးကို ယနေ့ ကမ္ဘာ့ခေါင်းဆောင်တချို့သာ ကြုံတွေ့ဖူးကြတာပါ။ တချို့ကတော့ ၂၀၀၇ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ဆုံတွေ့ဖူးကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းတွေဖြစ်၊ သေဆုံးတဲ့သူတွေ တိုးလာတော့ ခေါင်းဆောင်တွေအနေနဲ့ မုန်တိုင်းနဲ့တွေ့ကြတော့မယ်ဆိုတာ သိလာကြပြီ။

ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာက အချက်သုံးချက်အပေါ်မှာ မူတည်နေတယ်။ မရေရာမသေချာမှုနဲ့ပတ်သက်တဲ့ သူတို့ရဲ့သဘောထား၊ သူတို့ရဲ့ကျန်းမာရေးစနစ်၊ နောက်ဆုံးအရေးအကြီးဆုံးက သူတို့ကို ယုံကြည်စိတ်ချရမလား။

မသေချာမရေရာတာက အကြောင်းတရားအမျိုးမျိုးကြောင့်ဖြစ်တယ်။ ပထမတစ်ခုက – SARS- COV-2 နဲ့ သူ့ကြောင့်ဖြစ်ရတဲ့ ရောဂါ COVID-19 ကို ဘယ်သူမှသေသေချာချာ နားမလည်ကြဘူး။ ပြီးတော့ လူအများအပြားကို ဘယ်လောက်ကူးစက်ပြန့်ပွားနိုင်သလဲဆိုတာကိုလည်း သိပ်မသိကြဘူး။ ဒေသတိုင်း နိုင်ငံတိုင်းမှာ သတိမထားမိသေးဘဲ ကူးစက်ပျံ့နှံ့ကုန်တာကို တွေ့ရတယ်။ စမ်းသပ်စစ်ဆေးလို့တွေ့တဲ့အချိန်ကျတော့ အီတလီတို့၊ အီရန်နဲ့ တောင်ကိုရီးယားတို့မှာဖြစ်သလို အခြားနေရာတွေကို ကူးစက်သွားပြီး အစိုးရကကျောင်းတွေပိတ်၊ လူစုလူဝေးမလုပ်ကြဖို့ တားဆီးတာတွေလုပ်တဲ့အချိန်ရောက်တော့ အတော်လေးနောက်ကျသွားပြီ။

တရုတ်ရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချီးကျူးလောက်အောင် လုပ်ဆောင်တာကတော့ ပြတ်ပြတ်သားသား၊ အဝင်အထွက် အထိအတွေ့မရှိအောင်လုပ်တာ။ အကြီးအကျယ် စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ဆက်စပ်ထိတွေ့တဲ့သူတွေကို ခြေရာကောက်တာတွေပါ။ အဲသလိုလုပ်လို့ လူကိုထိခိုက်တာရော၊ စီးပွားရေးအရ ထိခိုက်တာပါရှိပေမယ့် ရောဂါကူးစက်တဲ့နှုန်းက ထိုးကျသွားတာပါ။ ဒါကြောင့် ရှီကျင့်ဖျင်က ရောဂါဖြစ်ပွားတဲ့ဒေသကိုတောင် သွားရောက်လည်ပတ်ပါသေးတယ်။ ဒါပေမဲ့ လူဝင် လူထွက်ထိန်းချုပ်တာတွေကို လျှော့ချလိုက်ရင် ဒုတိယလှိုင်းလုံးလို ကူးစက်မှုတွေပြန်ဖြစ်၊ မဖြစ်ဆိုတာ ဘယ်သူမှ မသိတော့ မသေချာမရေရာတာတွေ ရှိနေဆဲပါ။

ဒီကပ်ရောဂါဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အရေးအခင်းပါ။ ကုသတာ၊ စောင့်ရှောက်တာတွေအပြင် ကာကွယ်ဆေး၊ ကုသဆေးပေါ်ထွက်လာဖို့ နိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ စိုးရိမ်ပူပန်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ပါတီနိုင်ငံရေးအတွက် နပန်းလုံးနေတာမျိုးတွေကို အကြိုက်မတွေ့ကြပါဘူး။ အစိုးရတွေဟာ တကယ်ရင်ဆိုင်နေရတာတွေကို ဖြေရှင်းစေချင်တာပါ။ တကယ်တော့ ဒါဟာ တကယ့်နိုင်ငံရေးပဲဖြစ်သင့်တယ် မဟုတ်ပါလား။

ဒီမိုကရေစီနိုင်ငံတွေမှာတော့ တရုတ်မှာလို သီးခြားခွဲထားတာ၊ စောင့်ကြည့်တာတွေကို ပြည်သူလူထုက ဘယ်လောက် သည်းခံနိုင်မယ်ဆိုတာ ချင့်ချိန်ရပါတယ်။ အီတလီမှာက ကိုယ့်ဘာသာလုပ်ကြတာများပြီး သူတစ်ပါးရဲ့ အခွင့်အရေးကို ထိခိုက်ချိုးဖောက်တာမျိုး နည်းပါးပါတယ်။ ဒါပေမဲ့ တရုတ်လောက် မထိရောက်သလို စရိတ်အကုန်အကျလည်း များပါတယ်။

ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဘယ်လောက်ဖြစ်သလဲဆိုတာက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ ဖွဲ့စည်းပုံနဲ့ စွမ်းရည်အပေါ်မှာ မူတည်ပါတယ်။ ရောဂါစမ်းသပ်တာနဲ့ အိမ်မှာနေတာတွေနဲ့ပတ်သက်လို့ ရောထွေးနေတဲ့ သတင်းအချက်အလက်တွေ၊ ရှေ့နောက်မညီတဲ့ ညွှန်ကြားချက်တွေကို တွေ့နေရတယ်။ ဘယ်ကျန်းမာရေးစနစ်မှ နိုင်တော့မှာမဟုတ်ဘူး။ ဒုက္ခသည်စခန်းတွေ၊ ကျူးကျော်ရပ်ကွက်တွေလို ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံးရတဲ့နေရာတွေမှာ လူတွေက အထိခိုက်ဆုံး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချမ်းသာဆုံးနိုင်ငံတွေက အကောင်းဆုံးဆေးရုံတွေတောင်မှ မနည်းရုန်းကန်နေရတယ်။

ဗြိတိန်လို တစ်နိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ နေရာမျိုးမှာ စွမ်းရည်ရှိသလို လိုက်လျောညီထွေရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေလည်း ရှိတယ်။ ပုဂ္ဂလိကမှာဆိုရင်တော့ တစ်မျိုးတစ်ဖုံတွေဖြစ်နေပြီး ဘယ်သူက စရိတ်ပေးမှာလဲ။ ဘယ်သူ့ဆီကတောင်းရမှာလဲဆိုတာကိုက ပြဿနာပါ။ အမေရိကန်နိုင်ငံဟာ ချမ်းသာပြီး ဆေးသိပ္ပံပညာရပ်မှာ ထူးချွန်ပေမယ့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်။ ပုဂ္ဂလိကကျန်းမာရေးစနစ်က ငွေကြေးတတ်နိုင်တဲ့သူတွေအတွက်ပါ။ အမေရိကန်မှာ ကျန်းမာရေးအာမခံမရှိတဲ့သူ ၂၈သန်း၊ တရားမဝင်ဝင်ရောက်လာသူတစ်သန်း၊ လစာမဲ့ခွင့်ရသူတွေ တစ်ပုံတစ်ခေါင်းရှိလေတော့ စမ်းသပ်စစ်ဆေးမှု၊ ထိန်းချုပ်တားဆီးမှုတွေကနေ ရှောင်ရှားနိုင်တဲ့သူအများကြီးပါ။ ကြိုးနီစနစ်ကြောင့်လည်း စေ့အောင်မစစ်ဆေးနိုင်တာ၊ ကြန့်ကြာနေတာတွေ ဖြစ်နေပါသေးတယ်။

မသေချာမရေရာတာတွေကြောင့် တတိယအချက်ဖြစ်တဲ့ ယုံကြည်စိတ်ချရမှုအပေါ်မှာ အကျိုးသက်ရောက်စေပါတယ်။ ယုံကြည်စိတ်ချရမှုရှိရင် ခေါင်းဆောင်တွေ ဆုံးဖြတ်ရခက်တာမျိုးကို လုပ်ခွင့်ရစေပါတယ်။ ဆေးစစ်တာတွေ၊ အဝင်အထွက် ကန့်သတ်တာမျိုးတွေကို လုပ်နိုင်ပါတယ်။ ကျောင်းတွေပိတ်ချင်ရင်လည်း ပိတ်လို့ရတယ်။

အီရန်မှာ အစိုးရက လူကြိုက်နည်းနေတာကြာလေတော့ သေတာတွေ၊ ကူးတာတွေကို ဖုံးဖိထားတယ်လို့ လူတွေကထင်ကြတယ်။ ဒါကြောင့် ဆန့်ကျင်တဲ့ ဘာသာရေးခေါင်းဆောင်တွေက ရောဂါကူးစက်နေတဲ့အချိန်မှာ ဘာသာရေးစုဝေးမှုတွေကို ရပ်တန့်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

နိုင်ငံရေးသမားတွေဟာ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ သံသယဖြစ်တော့ ကောလာဟလတွေ၊ အကြောက်တရားတွေ ပေါ်ထွက်လာစေပါတယ်။ သူတို့က ခြိမ်းခြောက်ခံနေရတဲ့ အန္တရာယ်ကို လျှော့တွက်ကြ၊ လုပ်ပုံကိုင်ပုံတွေ လွဲကြတဲ့အခါ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေပြီး လူတွေလည်း အသက်ဆုံးရှုံးကြရပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ကူးစက်ရောဂါကို ဘယ်လိုရင်ဆိုင်မလဲ၊ ကူးစက်ရောဂါအကြောင်း ဘယ်လိုပြောဆိုကြမလဲဆိုတာကို သေသေချာချာ ပြင်ဆင်ဖို့လိုပါတယ်။ အထူးသဖြင့် သမ္မတဒေါ်နယ်ထရန့်တောင်မှ အခြေအမြစ်မရှိ အကောင်းမြင်နေရာကနေ ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့အဆင့်ဘက် ကူးပြောင်းလာခဲ့တာ တွေ့ရပါတယ်။ အမေရိကန်မှာ ရောဂါပျံ့နှံ့နေပြီးတဲ့အချိန်ရောက်မှ ဥရောပကလာတဲ့ ခရီးစဉ်တွေကိုရပ်၊ ပြည်ဝင်ခွင့်ကန့်သတ်မယ်လို့ ပြောတာဟာ မထိရောက်တော့ပါဘူး။

လူတွေက သူတို့ရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေ မျက်စိရှေ့မှာတင် သေဆုံးတာတွေ့လာတဲ့အခါ ကူးစက်ရောဂါက နိုင်ငံခြားသားတွေ၊ ဒီမိုကရက်တွေနဲ့ စီအင်န်အင်န် (CNN) သတင်းဌာနတို့က လုပ်ကြံတာလို့ ပြောတာမျိုးကို လက်မခံနိုင်ကြတော့ပါဘူး။

ဒီတော့ နိုင်ငံရေးသမားတွေ ဘာလုပ်သင့်သလဲ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ရောဂါကို ခြေရာကောက်တာကတစ်ဖက်၊ နောက်တစ်ဖက်က ပုဂ္ဂလိက လွတ်လပ်ခွင့် ချိုးဖောက်ထိပါးတာကို အချိန်အဆမျှတဖို့ လိုပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနဲ့ တရုတ်ရဲ့အတွေ့အကြုံကိုကြည့်ရင် သတင်းအချက်အလက် အများကြီးစုဆောင်းတာ၊ လူအများကြီးကို စမ်းသပ်စစ်ဆေးတာတွေဟာ ရောဂါထုတ်ဖော်မှုနဲ့ ပျံ့နှံ့တာကို ထိန်းချုပ်မှုတွေမှာ အကျိုးရှိတယ်ဆိုတာ တွေ့ရတယ်။ အစိုးရတွေအနေနဲ့ အစုလိုက်အပြုံလိုက် ကူးစက်ပျံ့နှံ့သွားနိုင်တယ်ဆိုတာကိုလည်း တွက်ထားရမယ်။ ဒါကြောင့် စောစောစီးစီးက လူစုလူဝေးမလုပ်ဖို့ တားဆီးရင် ထိရောက်နိုင်တာကို နောက်ကျနေမယ်ဆိုရင်တော့ ပိုဆိုးသွားနိုင်တယ်။

အကောင်းဆုံးသာဓကကတော့ ထင်တာထက် ကူးစက်သူနည်းတဲ့စင်ကာပူပါ။ နယ်နိမိတ်ကလည်း သေးငယ်တယ်။ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားကလည်း စွမ်းရည်မြင့်တယ်။ ကမ္ဘာ့အဆင့်အတန်းမီ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိတယ်။ ဆားစ်ရောဂါဖြစ်တဲ့အချိန်က သင်ခန်းစာတွေ ကောင်းကောင်းရထားခဲ့တယ်။ ၂၀၀၃ ခုနှစ်တုန်းကလည်း အလားတူ ကူးစက်ရောဂါဖြစ်ပွားခဲ့သေးလေတော့ စင်ကာပူက လက်မြန်ခြေမြန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူပြောတာတွေကလည်း ရှေ့နောက်ညီညွတ်တယ်။ သိပ္ပံပညာအပေါ် အခြေခံတယ်။ ယုံကြည်ထိုက်တယ်ဆိုတော့ ပြည်သူလူထု သဘောတူအောင် အထူးအထွေကြိုးစားနေစရာ မလိုပါဘူး။

အနောက်နိုင်ငံမှာတော့ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ခဲ့တဲ့အချိန် နောက်ပိုင်းမှာတက်လာတဲ့ နိုင်ငံရေးသမား မျိုးဆက်သစ်တွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ အတော်များများကတော့ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်နဲ့ ကျွမ်းကျင်သူတွေကို အပြစ်တင်ကြတယ်။ အချင်းချင်းကွဲကြ ပြဲကြ၊ ပဋိပက္ခတွေ ဖြစ်ကြတယ်။ တစ်ခါတလေ ရောဂါပိုးပျံ့နှံ့တာဟာ သူတို့ အသုံးချစရာတစ်ခု ဖြစ်လာကြတယ်။ နိုင်ငံတွေဟာ အမေရိကန်လိုပဲ ကိုယ်ကျိုးစီးပွားကိုကာကွယ်ချင်ကြ၊ နယ်စပ်တွေပိတ်ထားချင်ကြတယ်။ ကုန်ပစ္စည်းပြတ်တောက်မှုကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာတော့ ကုမ္ပဏီတွေဟာ ကမ္ဘာကြီးနဲ့ မပေါင်းစည်းချင်ကြတော့ဘူး။

တကယ်တော့ သူတို့ရဲ့လုပ်ငန်းတွေကို ကမ္ဘာအနှံ့ဖြန့်ကြက်ထားရင် ပိုပြီးကာကွယ်စောင့်ရှောက်ရာ ရောက်နိုင်ပါသေးတယ်။

ကူးစက်ရောဂါဖြစ်တော့ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ မူဝါဒရေးရာ ကျွမ်းကျင်သူတွေ တစ်ကျော့ပြန်အရေးပါလာကြပြန်တယ်။ ဒီကပ်ရောဂါဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အရေးအခင်းပါ။ ကုသတာ၊ စောင့်ရှောက်တာတွေအပြင် ကာကွယ်ဆေး၊ ကုသဆေး ပေါ်ထွက်လာဖို့ နိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

စိုးရိမ်ပူပန်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ပါတီနိုင်ငံရေးအတွက် နပန်းလုံးနေတာမျိုးတွေကို အကြိုက်မတွေ့ကြပါဘူး။ အစိုးရတွေဟာ တကယ်ရင်ဆိုင်နေရတာတွေကို ဖြေရှင်းစေချင်တာပါ။ တကယ်တော့ ဒါဟာ တကယ့်နိုင်ငံရေးပဲဖြစ်သင့်တယ် မဟုတ်ပါလား။

The Politics of Pandemics

ရေးသူ – ခင်မောင်ညို(ဘောဂဗေဒ)