သတိရှိပါ၊ အကြောက်မပိုပါနှင့်

ကျွန်တော် ကိုးနှစ်သားအရွယ်က တုပ်ကွေးရောဂါဆန်းကို ကြားဖူးခဲ့သည်။ စတုတ္ထတန်းသို့ ရောက်နေပြီဖြစ်၍ သတင်းစာ ကောင်းကောင်းဖတ်နေပါပြီ။ ဆေးရုံတွင် တုပ်ကွေးရောဂါဖြင့် တက်ရောက်ကုသနေသည့် လူနာများ၏ပုံများကို သတင်းစာများတွင် အထူးအဆန်းဖော်ပြနေသည့်သတင်းများကို ဖတ်ရသည်။ ထိုစဉ်က ၁၉၅၇ ခုနှစ်က ဖြစ်ပါသည်။

ထိုစဉ်က ဆေးပညာသည် ယခုလောက် ခေတ်မမီသေး။ ဆေးစွမ်းကောင်းများလည်း မပေါ်သေးပေ။ ကြောက်သူတွေလည်းရှိသည်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်က ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့သည့် တုပ်ကွေးရောဂါမျိုးကို ကြုံခဲ့ဖူးသည့် သက်ကြီးရွယ်အိုများကတော့ မကြောက်ကြ။ သို့သော် ကျန်းမာရေးကို ဂရုစိုက်ကြဖို့ သတိပေးကြသည်။ မြန်မာနိုင်ငံတွင် အဖိတ်အစဉ် သိပ်မရှိခဲ့သဖြင့် မြန်မာလူမျိုးတို့သည် သိပ်မကြောက်ဘဲ သွားလာမပျက်ရှိခဲ့ကြသည်။

ကျွန်တော် ၁၄ နှစ်သားအရွယ် ၁၉၆၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ထူးခြားဖြစ်စဉ်တစ်ခုကြုံခဲ့သည်။ ကပ်ရောဂါဆိုးမျိုးတော့မဟုတ်။ ဂြိုဟ်ကြီးရှစ်လုံးပူးမည်ဟူသော သတင်းကြောင့် လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ကြသည်။ လူကြီးသူမများ၊ ဗေဒင်နက္ခတ်ဆရာများကတော့ ဂြိုဟ်ကြီးရှစ်လုံးပူးလျှင် မကောင်းဟု ဆိုကြသည်။ ပြည်တွင်းစစ်များ လွန်လွန်ကဲကဲဖြစ်တတ်သည်။ မင်းပြောင်းမင်းလဲဖြစ်တတ်သည်။ လူတို့၏ ကျန်းမာရေးကို ထိခိုက်တတ်သည်ဟု ဆိုကြ၏။

ဤဆိုးကျိုးတို့မှ လွတ်မြောက်စေရန် ဘာသာပေါင်းစုံ ကိုယ်နည်းကိုယ်ဟန်ဖြင့် ဝတ်ပြုဆုတောင်းကြသည်ကိုမြင်ခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဓမ္မာရုံနှင့် လမ်းဆုံတို့တွင် သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်၍ နာယူခဲ့ကြသည်။ (ဤအကြောင်းကို ‘အတိတ်လေလား… နိမိတ်လေလား…’ခေါင်းစဉ်ဖြင့် ဆရာဆောင်းဝင်းလတ်က ၂၅-၁-၂၀၂၀ ရက်ထုတ် စံတော်ချိန်}တွင် ရေးသားခဲ့ပြီး ဖြစ်ပါသည်။

ကျွန်တော်နေထိုင်သော မြို့မှာ လွတ်လပ်ရေးနှင့်အတူ ဖွားတော်မူလာသော ရောင်စုံသောင်းကျန်းမှုဒဏ်ကို ထိုကာလအထိတိုင် ခါးစည်းခံလာရသဖြင့် ပြည်တွင်းစစ်ဒဏ်က ကျင့်သားရနေသဖြင့် ထိတ်လန့်ခြင်းမရှိတော့။ ကျန်းမာရေးအရလည်း ထူးထူးခြားခြား ဘာမျှမရှိ။ သွားသွားလာလာနှင့်ပင် အချိန်ကုန်ခဲ့ကြသည်။ ဘာမျှမဖြစ်တော့လည်း ဘာမျှမဖြစ်ခဲ့ပါ။

ကျွန်တော်တို့ မမွေးခင်က မြန်မာတို့၏ လူနေမှုဘ၀အကြောင်းကို အဘိုးအဘွားတို့ ပြောပြ၍သိခဲ့ရသည်။ မြန်မာလူမျိုးတို့က ပျော်ပျော်နေတတ်ကြသည်။ စစ်အတွင်းက ဗုံးကြဲလေယာဉ်များ တရစပ်ကြဲချနေသည့်အကြားမှ အငြိမ့်ပွဲများကို လုပ်ဖြစ်အောင်လုပ်ကြသည်။ ဗုံးကြဲလေယာဉ်များ မလာခင် အောက်လင်းဓာတ်မီးများထွန်း၍ အငြိမ့်ပွဲကသည်။ ရန်သူအချက်ပေးဥဩသံကြားလျှင် ပွဲရပ်ကာ အောက်လင်းဓာတ်မီးများ အုပ်ဆိုင်း၍ ပုန်းကြသည်။ ရန်ကင်းကြောင်း အချက်ပေးဥဩသံကြားသည်နှင့် အငြိမ့်ပွဲပြန်ကသည်။ ဤမျှ ပျော်ပျော်နေတတ်ကြောင်း အဘိုးအဘွားတို့က တသသပြောကြသည်။

ဤသို့ နေနိုင်ကြသည်မှာလည်း စည်းကမ်းကြောင့်ဟု ပြောရမလိုပင်။ ထိုခေတ်က အရပ်လူကြီးနှင့် ဘုန်းတော်ကြီးတို့၏ စကားကို တစ်သဝေမတိမ်းလိုက်နာကြသည်။ ကဖျက်ယဖျက်လုပ်သူ သိပ်မရှိ။ ဤအကျိုးဆက်ကြောင့် ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်ခဲ့ကြသည်ဟု ထင်ပါသည်။

ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကပ်ရောဂါအမျိုးမျိုးကြုံတွေ့ခဲ့ကြဖူးသည်။ လူတိုင်းက မျှော်လင့်မထားကြ၊ မထင်မှတ်သောအချိန်၊ မထင်မှတ်သောကာလ၊ မထင်မှတ်သော အခြေအနေတွင် ပေါ်ပေါက်ကြခြင်းသာဖြစ်သည်။ ရှောင်လွှဲ၍မရ။ တစ်ဦးကိုတစ်ဦး အပြစ်ဖို့၍မပြီး။ ဝိုင်းဝန်းလုပ်ဆောင်ကြခြင်းဖြင့်သာ ထိန်းချုပ်နိုင်သည့် သာဓကများရှိခဲ့သည်။

ကပ်ရောဂါများအကြောင်း အကျဉ်းအားဖြင့် လေ့လာနိုင်ပါသည်။ အေဒီ ၁၆၅ ခုနှစ်က ရောဂန္တရကပ်ကြီး ကမ္ဘာတွင်ကျရောက်ခဲ့သည်။ အာရှမိုင်းနား၊ အီဂျစ်၊ ဂရိနှင့် အီတလီနိုင်ငံတို့တွင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သည်။ မည်သည့်အကြောင်းကြောင့်ဟူ၍ မသိရဘဲ ကျောက်ကြီးရောဂါနှင့် ဝက်သက်ရောဂါများ ပျံ့နှံ့ခဲ့သည်။ မက်ဆိုပိုတေးမီးယား စစ်ပွဲပြန်များကြောင့် ကူးစက်ခဲ့ရခြင်းဖြစ်ပြီး လူငါးသန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်သာမက ရောမစစ်တပ်ကြီးပါ ပျက်စီးခဲ့ရသည်။

ခရစ်နှစ် ၅၄၁-၅၄၂ နှစ်အတွင်း ပလိပ်ရောဂါ ကပ်ဆိုးကြီး ဥရောပတွင် ဆိုက်ရောက်ခဲ့သည်။ ဥရောပ၏ လူဦးရေထက်ဝက်ကျော် ပျက်စီးခဲ့သည်။ လူဦးရေ ၂၅ သန်းကျော်အထိ တိမ်းပါးခဲ့ကြသည်။ ဤရောဂါဆိုးကြီးက တစ်နေ့လျှင် လူပေါင်း ၅၀၀၀ ခန့်၏ အသက်ကိုနုတ်ယူခဲ့ကြောင်း သိရသည်။

ခရစ်နှစ် ၁၃၄၆-၁၃၅၃ နှစ်ကာလအတွင်း Black Death ဟု ခေါ်ရလောက်သည့် ပလိပ်ရောဂါကပ်ဆိုးကြီး ဥရောပ၊ အာဖရိကနှင့် အာရှတိုက်ကြီးများတွင် ကျရောက်ခဲ့သည်။ နှစ်များစွာ ကြာမြင့်ခဲ့သဖြင့် လူပေါင်း ၇၅ သန်းမှ သန်း၂၀၀ ခန့် ဆုံးရှုံးခဲ့သည်။ ဤကပ်ဆိုးကြီးတွင် ရောဂါပြန့်ပွားရပုံကို သတိပြုမိခဲ့သည်။ အာရှတိုက်တွင် စတင်ခဲ့သည်ဟု ဆိုပါသည်။ ကုန်သည်သင်္ဘောကြီးများတွင် ပါလာတတ်သည့်ကြွက်များ၏ သန်းများမှတစ်ဆင့် အခြားတိုက်ကြီးများသို့ ပြန့်ပွားခဲ့ကြသည်ဟုလည်း ယူဆခဲ့ကြသည်။

ခရစ်နှစ် ၁၈၅၂-၁၈၆၀ ပြည့်နှစ်အတွင်း ကြောက်မက်ဖွယ်ရာ ကာလဝမ်းရောဂါဆိုးကြီး ကျရောက်ခဲ့သည်။ အိန္ဒိယမှစတင်ခဲ့ပြီး အာရှ၊ ဥရောပ၊ မြောက်အမေရိကနှင့် အာဖရိကတိုက်များသို့ ပျံ့နှံ့ခဲ့ပြီး လူပေါင်းတစ်သန်းကျော် အသက်ဆုံးရှုံးခဲ့သည်။ ၁၈၅၄ ခုနှစ် တစ်နှစ်အတွင်းမှာပင် ဗြိတိန်နိုင်ငံတစ်နိုင်ငံတည်းတွင် လူပေါင်း ၂၃၀၀၀ ပျက်စီးခဲ့သည်။

ခရစ်နှစ် ၁၈၈၉-၁၈၉၀ ပြည့်နှစ်အတွင်း တုပ်ကွေးရောဂါဆိုးကပ်ရောဂါသဖွယ် ကျရောက်ခဲ့ပြန်သည်။ Asiatic Flu ဟုလည်း ခေါ်သည်။ Russian Flu ဟုလည်း လူသိများသည်။ ၁၉ ရာစုနှစ်တွင် မြို့ပြဒေသများ၌ လူဦးရေအလျင်အမြန်တိုးပွားလာမှုကြောင့် တုပ်ကွေးပျံ့နှံ့ခဲ့သည်ဟုဆိုသည်။ ထူးဆန်းသည်မှာ ဤရောဂါသည် အင်မတန်ဝေးကွာလှမ်းသည့်ဒေသသုံးခုဖြစ်သော အာရှတိုက်အလယ်ပိုင်း၊ ကနေဒါနိုင်ငံအနောက်မြောက်ပိုင်း၊ ဂရင်းလန်နိုင်ငံတို့တွင် စတင်ဖြစ်ပွားခဲ့သည်။ လူတစ်သန်းကျော်ဖိတ်စဉ်ခဲ့ပြန်သည်။ ခရစ်နှစ် ၁၉၁၀-၁၉၁၁ ခုနှစ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားခဲ့ပြန်သည်။ အိန္ဒိယနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ရာ လူပေါင်းရှစ်သိန်းကျော် သေဆုံးခဲ့ပြီးမှ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့ဥရောပဒေသများနှင့် ရုရှားနိုင်ငံတို့သို့ ပြန့်ခဲ့သည်။

ခရစ်နှစ် ၁၉၁၈-၁၉၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် တုပ်ကွေးရောဂါဆိုးကြီးမှာ အသေအပျောက်များခဲ့သည်။ တစ်ကမ္ဘာလုံးတွင် ကျရောက်ခဲ့ပြီး ကမ္ဘာ့လူဦးရေ၏သန်းပေါင်း ၅၀ ခန့် ပျက်စီးခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ကူးစက်ခံရသူပေါင်း သန်း ၅၀၀ အနက် သီတင်းပတ် ၂၅ ပတ်အတွင်းမှာပင် လူပေါင်း ၂၅ သန်းခန့် ဆုံးရှုံးခဲ့သည်။

ခရစ်နှစ် ၁၉၅၆-၁၉၅၈ ခုနှစ်အတွင်း Asian Flu ခေါ် အာရှတုပ်ကွေး ကျရောက်ခဲ့ပြန်သည်။ တရုတ်ပြည်မှ စတင်ဖြစ်ပွားခဲ့သည်။ တရုတ်ပြည်မှ ဟောင်ကောင်၊ စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုကိုပါ ကူးစက်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာပင် လူပေါင်း ၆၉၈၀၀ ကွယ်လွန်ခဲ့သည်။ စုစုပေါင်း လူနှစ်သန်းကျော် အသက်ဆုံးရှုံးခဲ့သည်။

ခရစ်နှစ် ၁၉၆၈ ခုနှစ်တွင် Hong Kong Flu ခေါ် တုပ်ကွေးရောဂါဆိုးကြီး ကျရောက်ခဲ့ပြန်သည်။ ဟောင်ကောင်မှတစ်ဆင့် ရက်အနည်းငယ်အတွင်းမှာပင် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံများသို့ ကူးစက်ခဲ့ပြီး သုံးလအတွင်းမှာ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသို့ပါ ကူးစက်ခဲ့သည်။ ဤကပ်ရောဂါကြောင့် လူအသေအပျောက်နည်းသည်ဟု ဆိုရသည့်တိုင် ဟောင်ကောင်တစ်ခုတည်းမှာပင် လူပေါင်း ငါးသိန်းကျော် အသက်ဆုံးရှုံးခဲ့သည်။ စုစုပေါင်းတစ်သန်းကျော် ဖိတ်စဉ်ခဲ့သည်။

ခရစ်နှစ် ၁၉၇၆ ခုနှစ်တွင်မူ ယခုအထိ လူသိများရောဂါဆိုးဖြစ်သည့် အေအိုင်ဒီအက်စ်ခေါ် ကိုယ်ခံစွမ်းအား ကျဆင်းမှုကူးစက်ရောဂါကြီး ကွန်ဂိုသမ္မတနိုင်ငံမှ စတင်ခဲ့သည်။ ဤရောဂါကြောင့် ၁၉၈၁ ခုနှစ်မှစ၍ လူသန်းပေါင်း ၃၆ သန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ဆေးပညာတစ်စတစ်စတိုးတက်လာမှုကြောင့် တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့ရာ ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း နှစ်စဉ်လူပေါင်း ၂ ဒသမ ၂ သန်း သေဆုံးနေရာမှ ၁ ဒသမ ၆ သန်းအထိ လျော့ကျလာခဲ့သည်။

ကပ်ရောဂါဆိုသည်ကို မည်သူက၊ မည်သည့်နိုင်ငံကမျှ ဖိတ်ခေါ်ခြင်းမရှိပါ။ ရောက်လာတတ်သည်မှာ သဘာဝဖြစ်ပါသည်။ ဖြစ်လာပါက အတိတ်တွင် ကြုံခဲ့ရသည်တို့ကို သင်ခန်းစာယူကာ ရင်ဆိုင်ဖြေရှင်းသွားရန်သာ ဖြစ်သည်။ ၁၉၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကာလဝမ်းရောဂါဆိုးကြီး ဖြစ်ပွားခဲ့သည်။ သို့သော် အမေရိကန် ကျန်းမာရေးအာဏာပိုင်များက အတိတ်ဖြစ်ရပ်မှ သင်ခန်းစာများယူကာ ရောဂါကူးစက်သူများကို အလျင်အမြန်ရှာဖွေခြင်း၊ ခွဲခြားထားခြင်း၊ စောင့်ကြည့်ခြင်း လုပ်ဆောင်နိုင်မှုတို့ကြောင့် အိန္ဒိယနိုင်ငံတွင် လူရှစ်သိန်းကျော် သေဆုံးခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုတွင် ၁၁ ဦးသာ အသက်ဆုံးရှုံးခဲ့သည့် သာဓကများရှိခဲ့သည်။

၂၂-၃-၂၀၂၀ ရက်အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ဒေသ ၁၇၂ ခုသို့ ကူးစက်နေသည့် ကိုဗစ်(၁၉) (COVID-19)သည် အထက်တွင် ဖော်ပြခဲ့သည့် ကပ်ရောဂါ ၁၀ မျိုးလောက်တော့ မပြင်းထန်သေးဟု ယူဆနိုင်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းမှစ၍ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မတ်လလယ်တွင် ထိန်းချုပ်နိုင်စပြုပြီဟု သိရသည်။ ကမ္ဘာတွင် (မတ် ၂၈ ရက်အထိ) ကူးစက်သူ စုစုပေါင်း ခြောက်သိန်းကျော် (၆၀၀၈၅၉)ရှိခဲ့ပြီး သေဆုံးသူပေါင်းမှာ နှစ်သောင်းကျော် (၂၇၄၁၇)ရှိခဲ့သည်။ ရက်သတ္တတစ်ပတ်အတွင်း သေဆုံးသူပေါင်း တစ်သောင်းကျော်မှ နှစ်သောင်းကျော်အထိ မြင့်တက်ခဲ့သည်ကို သတိပြုရပါမည်။

(ဧပြီ ၃ ရက်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၄ နိုင်ငံတွင် ကူးစက်သူ တစ်သန်းကျော်၊ သေဆုံးသူ ၅၄၀၀၀ ကျော်ရှိလာပြီဖြစ်သည်။)

စာရေးသူသည် များသောရသမျှ စာစုံဖတ်လေ့ရှိသည်။ ၂၆-၁၂-၂၀၁၉ ရက်က နေကြတ်ခြင်းနှင့် နက္ခတ်ဗေဒပညာရပ်အမြင်တို့ကိုလည်း ဖတ်ရှုခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် နေကြတ်ခြင်းနှစ်ကြိမ်၊ လကြတ်ခြင်း လေးကြိမ်ဖြစ်ပေါ်မည့် ကြိုတင်ဟောကိန်းများကိုလည်း ဖတ်ခဲ့ဖူးသည်။ နိုင်ငံတွင် ကပ်ရောဂါကျရောက်မည်ဟု မတွေ့ရသော်လည်း ၃၁-၁၂-၂၀၁၉ ရက်ထုတ် ‘စံတော်ချိန်’တွင်ဖော်ပြပါရှိသည့် ဆရာဦးကောင်းစံလင်း(ဆူးလေ)၏ ‘ခရစ်နှစ် ၂၀၂၀ တစ်နှစ်တာအတွက် ကံကြမ္မာအမြင်’ တွင်ကား ‘၂၀၂၀ ပြည့်နှစ် ပထမလေးလ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ) လများတွင် ကုန်ဈေးနှုန်းများ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးများ ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်သော၊ ထိခိုက်လွယ်သော၊ အတက်အကျမြန်ဆန်သော ဖြစ်စဉ်များနှင့် လူတို့၏ စိတ်ဓာတ်ပူပန်၊ ရှုပ်ထွေးမှုများရှိလာနိုင်သည်’ ဟူ၍ ပါရှိသည်။ ဧပြီလကုန်အထိတော့ ပူပန်မှုများရှိမည်ဟု ထင်မိသည်။ ဤမျှလောက်သာရှိပါစေဟု ဆုတောင်းမိသည်။

၂၃-၃-၂၀၂၀ ရက်ထုတ် ‘စံတော်ချိန်’ တွင် ဆရာသွန်းခက ‘ကမ္ဘာ့ကပ်ရောဂါနော်… သတိထား’ ဟု သတိပေးခဲ့သည်။ သတိဟူသည် ပိုသည်မရှိ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များကို သတိပြု ဖတ်ရှု၊ နားစွင့်ဖို့တော့ လိုပါမည်။ ကပ်ရောဂါဟူသည် ကြောက်စရာကောင်းသည်ကို လူတိုင်းက လက်ခံပါသည်။ သို့သော် အကြောက်ပို၍ကား မဖြစ်။ ယခု စာရေးသူကဲ့သို့ နှလုံးရောဂါရှိသူများ ကပ်ရောဂါကြောင့် အသက် မဆုံးရှုံးရဘဲ အကြောက်ပိုခြင်းကြောင့် အိပ်မပျော် စားမဝင်မဖြစ်စေလိုပါ။ သတိပြုရပါမည်။

အပြင်မထွက်သင့်ဆိုမှ အပြင်မထွက်ဘဲ နေကြရဲ့လား၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးရဲ့လား၊ လက်ကို စက္ကန့် ၂၀ ကြာအောင် လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်၊ လက်ချောင်းလေးများကိုပါ စံချိန်မီဆပ်ပြာနှင့် ပွတ်သတ်ဆေးကြောရဲ့လား၊ မကြာခဏ လက်ဆေးရဲ့လား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီး မိမိတို့ယုံကြည်ရာ ဘာသာတရား အားထုတ်ရဲ့လားဟူသော ‘လား’ ပေါင်းများစွာ မေးခွန်းများကို သတိရတိုင်းမေးကြည့်ပါ။ ကိုယ်လက်လှုပ်ရှား လုပ်ဆောင်နိုင်က အကောင်းဆုံးဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က နာမည်ကျော်မင်းသားကြီး ဂျက်ပဲလင့်စ်တင်ဆက်သည့် ‘BELIEVE IT OR NOT’ ရုပ်မြင်သံကြားအစီအစဉ်ကို ကြည့်ခဲ့ဖူးသည်။ ‘ယုံချင်ယုံ၊ မယုံချင်နေ’ ဆိုသည့်အတိုင်း ဆန့်ကျင်ဘက်ဖြစ်ရပ်ကို တွဲပြသည့် တကယ့်ဖြစ်ရပ်များကို တင်ဆက်ခဲ့သည်။ ဥပမာ- အိန္ဒိယပြည်တွင် ပလိပ်ရောဂါကျရောက်လာသဖြင့် ရွာတစ်ရွာတွင် ကြွက်များကိုသုတ်သင်နေချိန် အခြားတစ်ရွာက ကြွက်များကို အစုလိုက်အပြုံလိုက် အစာကျွေး၍ ကုသိုလ်ယူနေကြပုံဖြစ်ပါသည်။ ထူးဆန်းသည်မှာ ဤရွာတွင် ပလိပ်ရောဂါဘေးကင်းဝေးခဲ့ကြသည်။ မယုံကြည်နိုင်စရာ ဖြစ်ပါသည်။ သို့သော် မေတ္တာ၏တန်ခိုးကြီးမားသည်ကို တွေ့မြင်ရသည်ကား အမှန်ပင်။

မြန်မာတစ်နိုင်ငံလုံးတွင် မေတ္တာဓာတ်လွှမ်းပတ်နေပါသည်။ ကပ်ရောဂါဘေးကား ဆိုးရွားလှပါသည်။ ကမ္ဘာ့နိုင်ငံကြီးများအပါအဝင် နိုင်ငံအတော်များများကို ဒုက္ခပေးနေပါသည်။ မြန်မာနိုင်ငံသည် ယနေ့အထိ ဆိုးဆိုးရွားရွားရလဒ်ကိုမတွေ့ရသေး။ ဤဆောင်းပါးရေးနေသည့် ၂၉-၃-၂၀၂၀ရက်အထိ ရောဂါပိုးကူးစက်ခံရသူ ရှစ်ဦးအတည်ပြုထားသည်။ သတိအမြဲရှိရပါမည်။ အကြောက်လွန်ရမည့် အချိန် မဟုတ်ပါ။ တည်ငြိမ်စွာ ရင်ဆိုင်ကျော်လွှားရမည့် ကာလဖြစ်ပါသည်။

စာရေးသူသည် အသက် (၇၀) ကျော်ပါပြီ။ ၂၂-၃-၂၀၂၀ ရက်ထုတ် ‘စံတော်ချိန်’၏ မျက်နှာဖုံးတွင်ပါရှိသည့်’အသက် (၆၀) နှင့် အထက် သက်ကြီးရွယ်အိုများ တတ်နိုင်သမျှ အိမ်တွင်သာ နေရန် မေတ္တာရပ်ခံ’ ဟူသော သတင်းခေါင်းစဉ်ကြောင့် စာရေးသူ၏ မဟေသီက စာရေးသူအား အပြင်ထွက်ခွင့်ပါမစ်ကို ပိတ်သိမ်းလိုက်ပါသည် ခင်ဗျား။

စာကိုး။ ‘No Need to be Panicky ‘ By Khin Maung Myint, the Global New Light of Myanmar, 22-3-2020)

ရေးသူ – မောင်ဆွေငယ်