ကန်တော်နဒီမှ ဓာတ်ခွဲအတည်ပြု လူနာအမှတ်(၄)တွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့၊ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါမှ ပထမဆုံး ပြန်လည်ကောင်းမွန်သူ ဖြစ်လာ

မန္တလေး ကန်တော်နဒီဆေးရုံကြီးတွင် ကုသမှုခံယူနေသော ကိုဗစ် – ၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၄)၏ ဓာတ်ခွဲစစ်ဆေးမှုအရ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့သည့်အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ပြန်လည်ကောင်းမွန်လာသူဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းက ဆိုသည်။

” ဟုတ်ပါတယ်။ နှစ်ကြိမ်ဆက်တိုက် negative ပြပါတယ်။ ပိုးမတွေ့တော့ပါဘူး” ဟု ဒေါက်တာ သာထွန်းကျော်က ပြောသည်။

အဆိုပါ လူနာတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိပါက မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူဖြစ်မည် ဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်မှ ဧပြီလ ၅ ရက်က စံတော်ချိန်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

” နှစ်ကြိမ်ဆက်တိုက် negative ပြမှသာ ဆေးရုံက ဆင်းခွင့်ပြုဖို့ သတ်မှတ်ထားတာ ရှိပါတယ်။ သူ့ရဲ့ နောက်ထပ်တစ်ကြိမ် စစ်ဆေးမှု က negative ပြမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာတဲ့ ပထမဆုံး လူနာဖြစ်လာမှာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

လူနာ အမှတ်စဉ်(၄)နှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ Clinical Management Committee ၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့ ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ လူနာမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားဖြစ်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ် ၁၉ ရက်တွင် ပြန်လည် ရောက်ရှိခဲ့ ခြင်းဖြစ်သည်။

မတ် ၂၂ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၂၅ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပြီး မတ်လ ၂၆ ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ ၂၁ ဦးရှိသည်။

သတင်း-သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – YE Lwin (FB)
ပုံစာ – မန္တလေးရှိ ကန်တော်နဒီဆေးရုံအား ပြင်ပမှ တွေ့ရစဉ်