ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ရောဂါတိုက်ဖျက်ရေးအတွက် အဆိုတော် ပင့်ခ် ဒေါ်လာတစ်သန်းလှူ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အမေရိကန်အဆိုတော် ပင့်ခ်ဟာ ဒီကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့ အလှူငွေဒေါ်လာတစ်သန်း ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာပါရှိပါတယ်။

ပေါ့ပ်သီချင်းတွေနဲ့ ကျော်ကြားခဲ့ ပင့်ခ်ဟာ လွန်ခဲ့တဲ့နှစ်ပတ်လောက်က သုံးနှစ်အရွယ် သူ့သားလေးနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။

ဒါပေမယ့် အခု ပြန်လည်သက်သာလာပြီး နောက်ဆုံးအကြိမ်ဆေးစစ်ရာမှာ သူတို့သားအမိနှစ်ယောက်စလုံး ကိုရိုနာဗိုင်းရပ်စ် Negative ဖြစ်ခဲ့ကြောင်းလည်း ပင့်ခ်ကပြောပါတယ်။

သူ့ရဲ့အင်စတာဂရမ်ကတဆင့် သူ့ပရိသတ်တွေကို သတင်းပါးခဲ့ရာမှာ ”လွန်ခဲ့တဲ့နှစ်ပတ်လောက်က သုံးနှစ်ပဲရှိသေးတဲ့ ကျွန်မသား ဂျိမ်းစ်ဆန်နဲ့ ကျွန်မတို့သားအမိနှစ်ယောက်စလုံး ကိုဗစ်-၁၉ ရောဂါလက္ခဏာတချို့ပြလာလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးစစ်လိုက်ရာမှာ ရောဂါပိုးတွေ့ခဲ့ရပါတယ်။

ဆရာဝန်ညွှန်ကြားချက်တွေအတိုင်းလိုက်နာပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဆေးပြန်စစ်လိုက်ရာမှာတော့ နဂ္ဂတစ်ဖြစ်သွားပါတယ်”လို့ ပင့်ခ်ကပြောပါတယ်။

ပင့်ခ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့ရာမှာ ဖီလာဒဲဖီးယားကဆေးရုံရန်ပုံငွေတစ်ခုနဲ့ လော့စ်အိန်ဂျလိစ်ကဆေးရုံရန်ပုံငွေအဖွဲ့အစည်းတစ်ခုတို့ကို ဒေါ်လာ ၅ သိန်းစီ ခွဲဝေလှူဒါန်းခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြသွားပါတယ်။