ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲကျန်တွေ ဖျက်သိမ်းရနိုင်တယ်လို့ ယူအီးအက်ဖ်အေသတိပေး

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖရင်က လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာကပ်ရောဂါဘေးကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကို ဆက်ကစားနိုင်ဖွယ်မရှိတော့ဘူးလို့ သတိပေးလိုက်ကြောင်း ဒေးလီးမေးလ်သတင်းမှာပါရှိပါတယ်။

အစောပိုင်းကတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့အပါအဝင် ဥရောပလိဂ်တွေအားလုံးကို အတတ်နိုင်ဆုံး နောက်ဆုံးပွဲတွေအထိ ကစားဖို့ ဆီဖရင်က တိုက်တွန်းခဲ့တာပါ။

ဒါပေမယ့် ဧပြီလဆန်းပိုင်းအထိ ဥရောပနိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့မှုနှုန်း မထိန်းချုပ်နိုင်သေးတဲ့အတွက် ဥရောပလိဂ်ပြိုင်ပွဲကြီး(၂)ခုကိုတော့ ဖျက်ရနိုင်ခြေရှိလာတယ်လို့ ဝန်ခံသွားပါတယ်။

”ကမ္ဘာ့ကပ်ရောဂါဘေးရဲ့အခြေအနေကို ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် ဥရောပနိုင်ငံတွေရဲ့အခြေအနေကိုပေါ့။

ဇူလိုင်နဲ့ သြဂုတ်လအထိစောင့်လို့ရပါသေးတယ်။ ဒါပေမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလအထိတော့ အချိန်ဆွဲကန်လို့မရတော့ပါဘူး။

တစ်ဖက်မှာ အစိုးရ အာဏာပိုင်တွေက ကစားခွင့်မပြုရင်လည်း ကစားလို့မရပါဘူး”လို့ ဆီဖရင်က ပြောပါတယ်။