ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး စိတ်ဓာတ်မြှင့်တင်ပေးမှုဆိုင်ရာ Hot Line ဖုန်းများထားရှိမည်

ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး အသွားအလာကန့်သတ်ခြင်းခံရသူများသည် ၁၄ ရက်တာ ကာလတွင် ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း စသည့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် စိတ်ဖိစီးမှု၊ စိတ်ခံစားမှု တုံ့ပြန်ခြင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု ခံယူလိုသူများအတွက် ယုံကြည်စိတ်ချစွာ တိုက်ရိုက်ဆက်သွယ်နိုင်သည့် Hot Line နံပါတ်များကို မကြာမီအသိပေးသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယနေ့ (ဧပြီ ၆ ရက်) တွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် စိတ်ပိုင်းဆိုင်ရာအကြံပေး နှစ်သိမ့်ခြင်း Counselling Service ကို စီစဉ်မည်ဖြစ်ကြောင်း ဒေါက်တာအေးငြိမ်း၏ တင်ပြဆွေးနွေးချက်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့သေးသည်။

“Counselling Services တွေကို အင်တာနက်ကနေလုပ်ပေးရင် ကောင်းမလားလို့ ခေါင်းထဲမှာရောက်လာတယ်။ ဖြစ်နေတဲ့မိသားစုတွေအတွက်ကော ဖြစ်မှာကြောက်နေတဲ့ မိသားစုတွေအတွက်ကော၊ ဥပမာဆိုရင် သူတို့လမ်းထဲကတစ်ယောက်ဖြစ်သွားလို့ သူတို့အင်မတန်စိုးရိမ်ပူပန်မှုဖြစ်နေပါတယ် စသဖြင့် အဲဒီလိုဟာမျိုးတွေလုပ်ရင်ကောင်းမလားလို့ အခုခေါင်းထဲမှာ အတွေးဝင်လာတယ်။ အဲဒါကြတော့ ဆေးဝန်ထမ်းတွေလည်း ဖြစ်စရာမလိုဘူးလေ၊ ကျန်းမာရေးဝန်ကြီးဌာနလည်းဖြစ်စရာမလိုဘူး။ တခြားအဖွဲ့အစည်းတွေနဲ့ညှိရင်ရမယ်။ ညှိလို့ရပြီးတော့ ကိုယ်ဆက်သွယ်ချင်တဲ့လူကို ဖုန်းကနေ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုနဲ့ပက်သက်ပြီး ဆွေးနွေးတာလေးတွေ လုပ်ပေးလို့ရှိရင် အထောက်အကူ ဖြစ်နိုင်မယ်ထင်လား ဆရာ။ ဆရာပြောတဲ့ ဒီ Counselling Service နှစ်သိမ့်ခြင်း၊ စိုးရိမ်ကြောင့်ကျမှုတွေ လျော့သွားအောင်လို့ စီစဉ်ကြည့်ပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာအေးငြိမ်းနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

HIV/AIDS ရောဂါဖြစ်ပွားခဲ့စဉ်က သင်ခန်းစာများအရ Counselling Service သည် အောင်မြင်မှုရှိခဲ့ကာ ယခု ကိုဗစ်-၁၉ ရောဂါသည် အသစ်အဆန်းဖြစ်ပြီး ကုသနိုင်သည့် ဆေး မပေါ်သေးသည့်အတွက် ပြည်သူများကြား ကြောက်စိတ်ရှိဦးမည်ဖြစ်ကြောင်း၊ ကာကွယ်နိုင်သည့် ထိုးဆေးပေါ်လျှင် လူအများ၏ အကြောက်တရားသည် လျှော့ကျလာမည်ဖြစ်ကြောင်း၊ ယင်းမတိုင်ခင်အထိ စိတ်ပိုင်းဆိုင်ရာ ကုသမှုရရှိမှာဖြစ်ကြောင်း၊ စိုးရိမ်ကြောင့်ကြမှုများကို လျှော့နည်းစေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ဆွေးနွေးခဲ့သည်။

သတင်း – စွမ်းရည်တိုး/စံတော်ချိန်
ဓာတ်ပုံ – ရဲမျိုးခန့် /MPA