အေအေနှင့်ပတ်သက်ဆက်နွှယ်သူများကို ဖမ်းမိကြောင်း တပ်မတော်ထုတ်ပြန်

အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် အေအေလက်နက်ကိုင် အဖွဲ့ဝင်လေးဦးနှင့် အေအေအဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူငါးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဧပြီ ၅ ရက် နံနက်ပိုင်းက ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ အမ်းမြို့နယ် အမ်းမြောက်ကျေးရွာ အုပ်စု ကမ်းဒိတ် ကျေးရွာနှင့် အမ်းမြို့ အကြား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးပြုလုပ်ခဲ့ရာ AA အဖွဲ့မှ AA- 8924 တပ်သားအဆင့်ရှိ လင်းနိုင်(၂၂)နှစ် ၊ AA-12777 တပ်သားအဆင့်ရှိ လှကျော်ဝင်း (၂၇)နှစ်၊ AA-12837 တပ်သားအဆင့်ရှိ ခိုင်လင်းနိုင်(၂၂)နှစ်၊ AA-12784 တပ်သားအဆင့်ရှိ ကျော်ဝင်းသန်း (၂၄)နှစ်တို့ လေးဦးကို လက်နက်မဲ့ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့လေးဦးသည် ၂၀၁၉ ခုနှစ်၌ AA အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ကရင်ပြည်နယ်KNU (၉၀၉) စစ်ဒေသ ဦးဒါစခန်းတွင် တပ်သားအဆင့်ရှိ လင်းနိုင်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ လည်းကောင်း၊ ကျန်သုံးဦးသည် ၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လအထိလည်းကောင်း အခြေခံတပ်သား သစ်သင်တန်းများတက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် အမ်းမြို့နယ် ဒါးလက်အလယ်ကျွန်းကျေးရွာအနောက်တောင်ဘက်ရှိ အိုးထိန်းတောင်တွင် နေထိုင်ခဲ့ရကြောင်း၊ ယင်းသို့နေထိုင်စဉ် နေ့စဉ် ကတုတ်ကျင်းများ တူးပေးရခြင်း၊ ရိက္ခာများ သယ်ယူပို့ဆောင်ပေးရခြင်း၊ ဘန်ကာများ ဆောက်လုပ်ပေးရခြင်း၊ ကင်းစောင့်ရခြင်း စသည်တို့ကို အတင်းအဓမ္မဆောင်ရွက်ခိုင်းသဖြင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို မခံနိုင်သည့်အပြင် AAအဖွဲ့၏ လုပ်ရပ်များကို အယုံအကြည်မရှိခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်ညပိုင်းတွင် ထွက်ပြေးလာခဲ့ရာမှ ယခု ကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်ကုတ်မြို့နယ်နှင့် မအီမြို့နယ်တို့တွင် သတင်းဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာအတွင်းမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ ဦးသန်းနိုင်(၄၆)နှစ်၊ ဦးလှဖြူ(၄၃)နှစ်၊ ဦးအောင်ထူး (၃၅)နှစ်၊ ဦးမြင့်အောင်(၄၃)နှစ်၊ ဦးပြုံးချို (၅၃)နှစ်တို့ ငါးဦးကို ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး အသေးစိတ် စစ်ဆေးမေးမြန်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

သတင်း – ရဲထက်ကျော်